"ဟွန်း"
"Congratulations"
ပြုံးပြပြီး လက်တစ်ဖက်ရှေ့ကိုထုတ်ပေးလာတဲ့ ဟွန်းကြောင့် မျက်နှာရှေ့ကိုမြှောက်ပြလုဆဲဆဲ ဖုန်းကို ကိုင်ရင်း ကြောင်သွားမိသည်။
"ငါ Entrance resultကြည့်ပြီးပြီ"
လက်ထဲက ဖုန်းကို မြှောက်ပြရင်းပိုပြီးတောက်တောက်ပပ ပြုံးပေမယ့် ပြန်ပြီးပြုံးမပြဖြစ်လိုက်..
ကိုယ်ပြောပြလိုက်တော့မှ ဝမ်းသာသွားမယ့် သူ့ မျက်နှာကို ကြည်ကြည်နူးနူး ကြည့်ဖို့ တွေးထားခဲ့တာကို ငါသိတယ်ဆိုတဲ့ အခန့်သားမျက်နှာနဲ့ ဆီးကြိုတော့ ဖီးနည်းနည်းငုတ်သွားသည်။"သိရင်ပြီးရော"
ဘောက်ဆတ်ဆတ်ပြောရင်း ကမ်းထားတဲ့လက်ဆီ လက်တစ်ဖက်ဖြစ်သလိုထိုးထည့်ပေးလိုက်တော့ နှစ်ချက်လောက်လက်ဝါးချင်းဆုပ်ကာလှုပ်ယမ်းပြီးမှ ဆတ်ခနဲဆွဲကပ်လိုက်တဲ့နောက် အနည်းငယ် ဝရန်းသုန်းကားအခြေအနေနဲ့ ပါသွားခဲ့သည်။
"ရား....အိမ်ရှေ့ကြီးမှာ.."
ခဏတွေ့ကြရအောင်ဆိုပြီး ချိန်းလိုက်တဲ့ နေရာက ဟွန်းတို့ ခြံရှေ့ပဲဖြစ်နေခဲ့တာမို့ ပူးပူးကပ်ကပ် အနေအထားကြီးကို စိတ်မလုံ...
ဟွန်းကတော့ ဂရုမစိုက်စွာပဲ ကျောပြင်ပေါ်ရောက်နေတဲ့ သူ့လက်ဖဝါးတွေနဲ့ ဖွဖွလေးပုတ်ရင်း..."တော်တယ် လုံးလေး..."
ပုခုံးပေါ်မေးစေ့နဲ့ တစ်ချက်ဖိကြိတ်ပြီးမှ ပြန်လွှတ်ပေးလာသည့် ဟွန်းက ပြုံးနေတုန်းပဲ...ဆံပင်တချို့ဖွာထွက်နေတဲ့ ဟွန်းက ချည်သားရှပ်ကို တံတောင်ဆစ်နားအထိခေါက်တင်ထားပြီး အနည်းငယ် အလျင်တလိုနိုင်နေပုံပေါ်သည်။ ဖုန်းဆက်ခေါ်တုန်းက မြို့ထဲမှာလို့ပြောခဲ့သေးပေမယ့် ဘာမှသေချာမတွေးမိဘဲ အခုချက်ချင်းလာတွေ့ဖို့ပဲ သူပြောခဲ့မိတာ ။ဟွန်းက ဆိုင်ခန်းတစ်ခုရှာဖို့အတွက်နဲ့ အလုပ်ရှုပ်နေခဲ့တာကို အခုမှ သတိရသည်။