"ခွင့်ပြုပေးပါ"ဟွန်းကို လိုက်ပို့ခဲ့ပြီး အိမ်အပြန်မှာ နေရာမရွေ့ဘဲ ဧည့်ခန်းထဲမှာပဲရှိနေသေးသည့် မေမေ ရှေ့မှာဝင်ထိုင်ရင်း မျက်နှာချင်းဆိုင်ဖြစ်သည်။
"ထပ်ပြီး ဒီကိစ္စပဲဆိုရင် ငါနားမထောင်တော့ဘူး ဂျွန်မြောင်"
"ကျွန်တော် ပြောတာကို အရင်ဆုံးနားထောင်ပေးပါ...အားလုံးပြီးသွားတဲ့အခါမှာ ဖြစ်လာတဲ့ မေမေ့ရဲ့ဆန္ဒဘာပဲဖြစ်ဖြစ် ကျွန်တော်မလွန်ဆန်ဘူး"
နှုတ်ဆိတ်နေပေးလိုက်တဲ့ မေမေ့ရဲ့ အမူအရာက နောက်ဆုံးအချိန်ထိ လိုက်လျောပေးလိမ့်မှာမဟုတ်သည့် အရိပ်အယောင်တွေနှင့်..
"ကျွန်တော့်ကို အပြစ်အနာအဆာကင်း စေချင်တဲ့ မေမေ့စိတ်ကို နားလည်ပါတယ်...အကောင်းဆုံးတွေပဲ ပေးချင်တဲ့ မေမေ့စေတနာကိုလဲ ခံစားမိပါတယ်"
"အဲ့ဒါဆိုရင် ရပ်တန်းကရပ်ဖို့ မသင့်ဘူးလား"
မျက်နှာလွှဲထားဆဲဖြစ်သော မေမေ့ကိုကြည့်ရင်း သူပြုံးမိသည်...မချိပြုံးသာသာ...
"ကျွန်တော် ဟွန်းကို ချစ်ရဖို့ ချစ်ရဲဖို့ ခက်ခဲခဲ့တယ်....စွန့်လွှတ်ဖို့ အထိ ကြိုးစားပြီးမှ ကျွန်တော့်ဘဝထဲ တစ်ခါထပ်ပြီးသူ့ကိုနေရာပေးခဲ့တယ်ဆိုတာ..ကျွန်တော် စိတ်ကစားလို့မဟုတ်ဘူး မေမေ သူက ကျွန်တော့်အတွက်မရှိမဖြစ်မို့လို့"
စကားခဏရပ်တော့ ဆိုဖာလက်ရန်းကို ကိုင်ထားတဲ့ မေမေ့လက်တွေပိုတင်းသွားတာ သိလိုက်သည်။
"မေမေ့ရှေ့မှာ သူစိမ်းတစ်ယောက်ကို ဦးစားပေးနေတာ မိုက်မဲတဲ့လုပ်ရပ်မှန်းသိပါတယ်....ဒီနေ့ဒီအချိန်ထိ နေလာခဲ့သမျှ မေမေ့ကို စိတ်ပျက်စေမိတာလဲ ဒီတစ်ခါ ပထမဆုံးပါ...ဒါပေမယ့် ဒီရွေးချယ်မှုအတွက် ကျွန်တော်အစအဆုံး တာဝန်ယူမှာပါ"
"........."
"တောင်းဆိုချင်တာ တစ်ခုပါပဲ မေမေ..ကျွန်တော်ကောင်းဖို့အတွက်လို့ရည်ရွယ်တဲ့ မေမေ့ရဲ့ ဆန္ဒတွေထဲမှာ...ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကိုလဲ ထည့်ပြီး စဉ်းစားပေးပါ"
အဆုံးအဖြတ်တစ်ခုခုမရသေးခင် မေမေ့အကြည့်တွေက နဖူးစပ်နားက ဒဏ်ရာဆီ တစ်ချက်ဝေ့၏။