"ဆိုင်ကယ် မယူခဲ့နဲ့ ..ဒီအတိုင်းလမ်းလျှောက်မယ်"စားပွဲပေါ်က ဆိုင်ကယ်သော့ဆီလက်ရွယ်စဉ် မှာ နောက်နားကနေ တစ်ချက်လှမ်းပြောတဲ့ ဂျွန်ဟာ အခန်းတံခါးကို ဖွင့်ပြီးထွက်သွားနှင့်ပြီ။
လမ်းမီးတိုင် ရဲ့ ဝါကျင်ကျင်မီးရောင်အောက်မှာ ပုံမှန်လျှောက်နေတဲ့ ဂျွန်ဟာ Jean Jacketရဲ့ အိတ်တွေထဲ လက်ဖျားတွေထည့်ထားရင်း သီချင်းတစ်ပုဒ်ကိုလဲ ခပ်တိုးတိုးညည်းနေသေးသည်။
အလှမ်းမဝေးသော်လဲ သိပ်တော့မနီးလှသည်မို့ ခြေလှမ်းပေါင်းများစွာ လျှောက်နေရဆဲ ခရီးမှာ ရှေ့ လက်တကမ်းအကွာက ကျောပြင်ငယ်ကိုပဲ တစ်ချက်တစ်ချက် ငေးမိရင်း...ခဏခဏမှားမိတဲ့ ကိုယ်ရဲ့စကားတွေကို ဖြေရှင်းဖို့အရေးကို အတွေးနယ်ချဲ့နေခဲ့မိသည်။
ဂျွန် ငြိုငြင်သွားမှာ စိုးရိမ်တဲ့စိတ်နဲ့ အလောတကြီးဖြေရှင်းချက်ပေးဖို့ကြိုးစားခြင်းမှာ စကားရည်မလည်တဲ့ အားနည်းချက်ကြောင့် ခုတ်ရာတလွဲ ရှာရာတခြားတွေဖြစ်ခဲ့ပြန်သည်။
စိတ်ဆိုးမာန်ဆိုးဒေါသတကြီးတွေ လုပ်မပြခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းကပြောခဲ့တဲ့ စကားအမှားကို ဂျွန်က မှတ်မှတ်ရရဖြစ်သွားခဲ့တာ သိသည်။
ပုံမှန်လို ဆက်ဆံနေတာပေမယ့် ဂျွန်က မျက်လုံးချင်းဆုံဖို့ကို သိသိသာသာ ရှောင်နေခဲ့သည်။ တောင်းပန်ဖို့ ဖြေရှင်းဖို့ ကြိုးစားကြည့်ပေမယ့် စကားစလိုက်တာနဲ့ ရှောင်ထွက်သွားတတ်တာကြောင့် အပြစ်ရှိတဲ့စိတ်က အခုအချိန်ထိ မတင်မကျရှိဆဲ။တစ်ခုခုပြောပြဖို့ ကြိုးစားရင်းနဲ့ပဲ ရှေ့ကသွားနှင့်တဲ့ ဂျွန်က ဆိုင်တံခါးကိုတွန်းဖွင့်လိုက်တဲ့အထိ စကားတစ်ခွန်းမှ မစဖြစ်ခဲ့...
ဆိုင်အပေါ်ထပ်ရောက်တော့ ဆလိုက်မီးပွင့်တချို့ တရိပ်ရိပ်လည်နေတဲ့အထဲ ခပ်မြင့်မြင့်စားပွဲဝိုင်းတချို့မှာ ဟိုဟိုဒီဒီ ကူးလူးသွားလာနေတဲ့လူအုပ်ထဲ ကသောင်းကနင်းနဲ့မို့ ဂျွန်နဲ့လူချင်းကွဲမသွားအောင်သတိထားနေရသည်။ဂျွန့်ကို တစ်ယောက်တည်းပေးမသွားချင်လို့ လိုက်လာခဲ့ပေမယ့် ဒီ မေဂျာမှာ ဂျွန်နဲ့ ဂျီဆိုးကလွဲရင် သိတဲ့သူမရှိတာမို့ နေရထိုင်ရတော့ နည်းနည်းခက်သည်။