Chapter - 336 ( မက်မွန်ပွင့်ကျေးရွာ ၊ မက်မွန်ပွင့်ကျေးရွာ )

10.1K 1.6K 25
                                    

[Zawgyi]🌸🍑

မက်မွန်ပွင့်ကျေးရွာသည် မက်မွန်ပင်များနှင့်ဝန်းရံနေသော လှပလွန်းသည့်နေရာလေးဖြစ်ပေသသည်။ သုံးလပိုင်းလောက်ရောက်ပြီဆိုလျှင် ရွာ၌မက်မွန်ပန်းများပွင့်ဖူးလာကာ ပွင့်ဖတ်လွှာလေးများက မိုးကောင်းကင်အပြည့် ကြွေလွင့်မြူးကနေတတ်သည်မို့ အသက်ရှူမှားလောက်စရာရှုခင်းမျိုးဖြစ်ပေါ်နေတတ်သည်။ အနှီရှုခင်းသည် ခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်ချင်အောင် ဆွဲဆောင်လျက်ရှိပြီး ထိုကာလသည် မက်မွန်ပွင့်ကျေးရွာလေးအဖို့ တစ်နှစ်တာလုံးအတွက် အလုပ်အများဆုံးလဖြစ်နေတတ်သည်။

ဆယ့်တစ်လပိုင်းရောက်ပြီဆိုလျှင် မက်မွန်သီးများသည် စတင်ပြည့်ဖြိုးကာအရည်ရွှမ်းလာပြီဖြစ်သောကြောင့် တောင်တစ်တောင်လုံးမှာ ရင့်မှည့်နေသော မက်မွန်သီးပင်များနှင့် ဖုံးလွှမ်းသွားလေ့ရှိပေသည်။ ရွာသားများသည် ရောင့်ရဲတင်းတိမ်စွာနေထိုင်တတ်ကြလေရာ အနှီမက်မွန်သီးများအား ခရီးသွားဧည့်သည်များထံရောင်းစားခြင်းမပြုကြဘဲ လက်ဆောင်ပဏ္ဍာအဖြစ်သာပေးကမ်းတတ်ကြလေ၏။ သို့ဖြစ်လေရာ မက်မွန်ပွင့်ကျေးရွာလေး၏နာမည်ဂုဏ်သတင်းသည် အဝေးထိတိုင်အောင် မွှေးပျံ့နေတော့သည်။

ယူရှောင်မို၏မိခင်သည် မက်မွန်ပွင့်ကျေးရွာ၏လှပျိုဖြူတစ်ဦးဖြစ်ကာ မက်မွန်ပန်းနတ်သမီးဟူ၍ပင် လူသိများကြလေသည်။ ချစ်ရေးဆိုသူများပြားလွန်းလှသောသူမသည် ကျန်းထောင်အာ ဟူသော နာမည်လှလှလေးတစ်ခုအမည်တွင်ပေ၏။

အများတကာစွဲမက်ဖွယ်ကျန်းထောင်အာသည် ဤရွာလေးမှသာ ချစ်ခင်ဖွယ်ကြီးပြင်းလာခဲ့ပြီး ပြင်ပသို့လုံးဝခြေမချဖူးသည်ပင်။ သူမ၏ဖခင်သည် ရွာသူကြီးတစ်ဦးဖြစ်သည်မို့သူမအားအစွန်းအထင်းတစ်စက်မှမရှိအောင် သေချာကောင်းမွန်စွာကြည့်ရှုစောင့်ကြပ်လေသည်။

ဝမ်းနည်းစရာကောင်းသည်ကား သူမသည် ထိုအချိန်ကစိတ်မကောင်းစရာဖြစ်ရပ်ပြီးသည့်နောက်ပိုင်း တဖြည်းဖြည်းနှင့်အမေ့ပျောက်ခံဖြစ်လာတော့သည်။

ရွာသားများသည် ကောင်းကင်ပေါ်မှကြွေဆင်းလာသောပွင့်ဖတ်လွှာများအား ငေးကြည့်မိပြီဆိုလျှင် တစ်ချိန်တစ်ခါကမက်မွန်ပန်းပင်များအောက်တွင် ယိမ်းနွဲ့ကခုန်ခဲ့သော မက်မွန်ပန်းနတ်သမီးအား တစ်ကြိမ်တစ်ခါလောက်တော့ အောက်မေ့သတိရသွားကြမည်ဖြစ်သည်။

尹琊's 传说之主的夫人{The Legendary Master's Wife}Onde histórias criam vida. Descubra agora