Chapter - 352 ( ကြောင်မှကြွက်ကိုလိုက်ဖမ်းခြင်း )

9.4K 1.5K 65
                                    

[Zawgyi]🐺

ဖြေရှင်းချက်ကား တစ်ခုတည်းသာရှိသည်။ အဆင့်၁၀မှော်ဝင်သားရဲမှာ တစ်ကောင်တည်းဆိုပါက သူတို့အဖို့ရင်ဆိုင်နိုင်ကြမည်ဖြစ်ပြီး နှစ်ကောင်သာဆိုလျှင်တော့ အားလုံးအတွက် အန္တရာယ်ရှိနေသည့်အနေအထားဖြစ်သည်ဆိုတာပင်။ ယန်ဖာကား မြေခွေးဘီလူးမကိုပင် ခက်ခက်ခဲခဲရင်ဆိုင်နေရခြင်းဖြစ်ပြီး ဘေးပတ်ပတ်လည်အားလှည့်ကြည့်လိုက်မည်ဆိုလျှင်လည်း မိုးနက္ခတ်ဆီးနှင်းကေသရာအား တိုက်ခိုက်ဖို့အားလပ်နေသည့်လူတစ်ယောက်မှမရှိချေ။ ယန်ဖာနှင့်အကြီးအကဲများမှာ အံ့အားသင့်မှုနှင့်အတူ ရပ်တန့်မိလေ၏။

" ရှင်ဘာတွေ တောင်စဉ်ရေမရ လျှောက်ပြောနေတာလဲ ? သူတို့ကိုရှင်းလိုက်တော့လေ . . အမြန်သာရှင်းပါတော့ "

မိုးနက္ခတ်ဆီးနှင်းကေသရာ၏စကားလုံးများမှာ သူမအားအနာပေါ်တုတ်ကျသလိုပင် ဖြစ်သွားစေသည်မို့ မြေခွေးဘီလူးမသည် ရှက်စိတ်ကြောင့်ပင် ဒေါသများအလိပ်လိုက်ထွက်ပေါ်လာတော့သည်။

ဆီးနှင်းကေသရာလည်း နှာခေါင်းရှုံ့လိုက်ပြီးသော် အရေးမစိုက်သလိုပင်ပြန်ဖြေလေ၏။

" မင်းဘာတွေစိုးရိမ်နေတာလဲ ? အခုအခြေအနေအရဆို ကျုပ်တို့အခွင့်သာနေပြီလေ . . ဒီလူအုပ်ထဲမှာကဖြင့် ဧကရာဇ်အဆင့်သိုင်းပညာရှင်တောင်မရှိတဲ့ဟာကို အခုထိသူတို့လွတ်သွားမှာ စိုးရိမ်နေတုန်းပဲလား ? "

မြေခွေးဘီလူးမ၏မျက်နှာမှာ အေးစက်တည်တံ့သွားပြီး ပြန်ပြောလေ၏။

" ရှင့်ရဲ့ဒီလိုအချိုးမျိုးနဲ့ တစ်ခုခုများလွဲချော်သွားခဲ့မယ်ဆိုရင် ရှင်အကုန်လုံးတာဝန်ယူနိုင်မှာမို့လို့လား ? "

ဆီးနှင်းကေသရာလည်း မျက်မှောင်ကျုံ့လိုက်ပြီးသော် စိတ်မရှည်သည့်လေသံဖြင့် စကားဆိုလိုက်သည်။

" ကောင်းပြီလေ . . ယန်ဖာနဲ့ဒီလူအိုတွေကို ကျုပ်ဆီလွှဲထားလိုက် . . မင်းကတခြားလူတွေကိုပဲ ရှင်းလိုက်တော့ . . မင်းအတွက် အတော်လေးအဆင်ပြေသွားပြီမလား ? "

မြေခွေးဘီလူးမကား ကျေနပ်မှုအပြည့်နှင့်ခေါင်းညိတ်ပြပြီးသည့်နောက်တွင် တစ်ဖက်သို့လှည့်လိုက်ကာ လင်းရှောင်ထံသို့အလွန်အေးတိအေးစက်နိုင်သည့်အကြည့်ဖြင့် စိုက်ကြည့်လေ၏။ သူမ၏မျက်လုံးနီနီများမှာလည်း အင်မတန်ပြင်းထန်ကြမ်းတမ်းလှသည့်မုန်တိုင်းတစ်ခုကဲ့သို့ပင် ဖျက်ဆီးချေမှုန်းတော့မည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည့်ပုံပေါ်နေတော့သည်။ သူမသည် လင်းရှောင်အား အရှင်လတ်လတ်အရေခွံဆုတ်ချင်မိသည်မို့ မနှစ်မြို့ဖွယ်ကောင်းလှသည့်လေသံဖြင့် စကားဆိုလေ၏။

尹琊's 传说之主的夫人{The Legendary Master's Wife}Où les histoires vivent. Découvrez maintenant