(Unicode)
ဒီအခိုက်အတန့်လေးအတွင်းမှာ လူနာခန်းထဲ ချစ်ခြင်းမေတ္တာတွေ ပြည့်လို့နေတယ်။ ခံစားချက်ချင်း မတူတော့ပေမယ့် ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက Yibo က XiaoZhan ကို Gamish Land ကနေ ပြန်ကယ်လာခဲ့တဲ့အချိန်ကိုတောင် ပြန်သတိရမိတယ်။ သူတို့နှစ်ယောက်ရဲ့ ဒီလိုရင်ခုန်စရာ ခံစားချက်ကို ဖော်ပြရတဲ့ အချိန်တွေက အမြဲတမ်း ဆေးရုံဆေးခန်းနဲ့ ဆက်စပ်နေတယ် ထင်တယ်။ ဒါပေမယ့် ဒီလိုငြိမ့်ညောင်းပြီး နှစ်သက်ဖွယ်ကောင်းတဲ့ အနေအထားက အကြာကြီးတော့ မခံခဲ့ပါဘူး။ အဲဒီတုန်းက ငွေရောင်ဆံပင်တွေနဲ့ လူတစ်ယောက်က အခန်းထဲက pink bubble တွေကို ဖောက်ပစ်ခဲ့သလိုပဲ အခုလည်း နောက်ထပ်ငွေရောင်ဆံပင်နဲ့ လူတစ်ယောက်က အခန်းအပြင်ကနေ တံခါးခေါက်တယ်။
"ဝင်လာခဲ့ပါ"
တံခါးခေါက်သံကို ကြားတော့ XiaoZhan က Yibo ရဲ့ လက်ကို နေရာပြန်ချပြီးတော့ ဖြေလိုက်တယ်။ XiaoZhan ရဲ့ ခွင့်ပြုချက်ရတော့အပြင်က RuLan က တံခါးဖွင့်ပြီး အခန်းထဲကို ဖြေးဖြေးချင်း ဝင်လာတယ်။ သူ့ရုပ်က ဒီရက်တွေအတွင်း ပစ်စလက်ခတ်နေခဲ့တဲ့ပုံပဲ။ အမြဲတမ်း ကြော့ရှင်းမွှေးကြိုင်နေတတ်တဲ့ သူ့ခန္တာကိုယ်မှာ အခုတော့ မရိတ်ရသေးတဲ့ နှုတ်ခမ်းမွှေးအချို့က ကျိုးတိုးကျဲတဲနေရာယူထားတယ်။ XiaoZhan ဆို ရုတ်တရက် RuLan ကို မမှတ်မိချင်သလိုတောင် ဖြစ်သွားမိတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့နောက် ဘောင်းဘီစဆွဲလိုက်တတ်တဲ့ ကလေးက နှုတ်ခမ်းမွှေးစစနဲ့ ယောက်ျားတစ်ယောက်ဖြစ်လာခဲ့ပြီပဲ။ သူ့အိမ်မှာ ကလေးပေါက်စတွေ ရှိသေးပေမယ့် ဒီကလေးတွေကိုလည်း ကြီးမသွားစေချင်သေးဘူး။ ဆိုပေမယ့်လည်း သူတို့အသက်အရွယ်အရ အောင်မြင်မှုတွေကို မြင်တွေ့ရတဲ့အခါမှာတော့ ဂုဏ်ယူမိပြန်ရော။ XiaoZhan အတွေးတွေက နေရာက လွင့်ထွက်သွားတယ်ဆိုပေမယ့် ဒါက စက္ကန့်ပိုင်းပါပဲ။ မကြာခင်မှာပဲ သူ့အာရုံက အခန်းထဲ ပြန်ရောက်လာတယ်။
"Ge ge တို့ နှစ်ယောက်လုံးကို ကျွန်တော်ပြောစရာရှိတယ်"
RuLan က ဒီစကားပြောပြီးတာနဲ့ ဆေးရုံကြမ်းပြင်မှာ ဒူးထောက်ထိုင်ချတယ်။
