(Unicode)
ဒီနေ့ Xiao Zhan ရဲ့ မျက်လုံးဖွင့်မိတဲ့အချိန်မှာ သူ မြင်နေကျ အိပ်ခန်းအပြင်အဆင်တွေက ထုံးစံအတိုင်း အပြောင်းအလဲ မရှိ သူ့ကို ကြိုဆိုနေတယ်။ သူ့ဘေးက အေးစက်စက် နေရာလွတ်တစ်ခုကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကလို အေးစက်နေတုန်းပဲ။ Xiao Zhan အတွက် သက်သာအောင် ဒီအိမ်ရဲ့ အပြင်အဆင်တွေကို ပြောင်းလဲပစ်ဖို့ Xiao Yi က အကြံပေးခဲ့ပေမယ့် Xiao Zhan က ဒီနွေးထွေးတဲ့ နာကျင်မှုထဲမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်။
Xiao Zhan သူ့ဘဝရဲ့ နောက်ထပ် ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့တစ်ရက်ကို ဖြတ်သန်းဖို့အတွက် အိပ်ယာက ထပြီး ကိုယ်လက်သန့်ရှင်းတယ်။ ဒါက သိပ်မကြာပါဘူး။ သူ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ Light brain မှာ Xiao Yi ပို့ထားတဲ့ message ရောက်နေတာ တွေ့ရတယ်။
"ဒီနေ့ နေ့လယ်ပြန်လာခဲ့မယ်။ ဘာဝယ်လာခဲ့ရမလဲ"
Xiao Yi က အချို့ကျောင်းပိတ်ရက်တွေမှာ အဆောင်က ထွက်ပြီး အိမ်ပြန်လာလေ့ရှိတယ်။ အတန်းငယ်သေးလို့ စာမများသေးတာကြောင့် ဒီလိုပြန်လာနိုင်တာပါ။ နောက်နှစ်တွေဆိုရင် သူ ဒီလောက် အချိန်ရမှာ မဟုတ်တော့ဘူး။ ဒီနေ့ကလည်း သူပြန်လာတဲ့ နေ့ပဲ။ Xiao Yi က သူ ပြန်လာတိုင်း NH နဲ့ Xiao အိမ်ကို အလည်အပတ်ဝင်ပြီးမှ Wang အိမ်ကို ပြန်လာလေ့ ရှိတယ်။ သူလည်း သူ့မိဘတွေကို တွေ့ချင်မှာပေါ့။
"ဘာပဲ ဖြစ်ဖြစ်"
စာရိုက်ပြီးမှ Xiao Zhan ပြန်ဖျက်လိုက်တယ်။
"ချောကလက်ကိတ်"
Xiao Zhan message ပို့ပြီး မကြာခင်မှာပဲ Xiao Yi ဆီက OK sign ပြန်လာတယ်။ အဲဒီတော့မှ Xiao Zhan က သူ light brain ကို ချလိုက်ပြီး မနက်စာ စားဖို့ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ အခု Xiao Zhan က မီးဖိုချောင် မဝင်တော့ဘူး။ အလုပ်ရှုပ်ပြီး အချိန်မရတာတစ်ကြောင်း တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားရတာ ငြီးငွေ့ဖို့ကောင်းတာက တစ်ကြောင်းမို့ Xiao Zhan က Cai Ying ကို စားဖိုမှူးတစ်ယောက် ရှာပေးခိုင်းခဲ့တာ။ စားဖိုမှူးက ချက်ချင်တာချက်ပါစေ Xiao Zhan က မကြိုက်ဘူးပြောပြီး အခက်တွေ့အောင် မလုပ်ပါဘူး။ ပြောရရင် ဘာပဲစားရစားရ သူ့အတွက် အရမ်းကြီး ထူးခြားသွားတာမှ မဟုတ်ပဲ။ Xiao Zhan တစ်ယောက်တည်းသာဆိုရင် ဗိုက်ပြည့်ရုံအတွက် အသင့်စား အစားအစာတွေနဲ့ပဲ ကြုံသလို ဖြေရှင်းလိုက်မှာ။ ဒါပေမယ့် Xiao Yi ရှိနေတယ်လေ။ Xiao Yi ကတော့ ကြီးထွားနေတဲ့အချိန်မှာ အာဟာရပြည့်ပြည့်ဝဝနဲ့ ညီမျှအောင် စားမှဖြစ်မှာ မဟုတ်လား။ ဒါကြောင့် အစားအသောက် ချက်ပြုတ်ပေးမယ့်လူတစ်ယောက် လိုအပ်ခဲ့တာ။
