Chapter 65

9.1K 1.5K 16
                                    

[Unicode]

နောက်တစ်နေ့မနက် ရှယောင်က ရှယံယံအား ဂျုံယာဂုလေးပန်းကန်သေးသေးလေးတစ်လုံးလောက် ကျွေးလိုက်ပြီးနောက် သူ့အမေအားပြောလိုက်သည်။ " မား ယံယံကိုကာကွယ်ဆေးထိုးဖို့ ကျွန်တော်ခေါ်သွားလိုက်ပါ့မယ်။ အပြင်မှာကအတော်လေးပူလို့ မား အိမ်မှာပဲနားနားနေနေ နေသင့်တယ် "

ရှအမေက မီးဖိုချောင်ထဲကထွက်လာပြီး အရွယ်ရောက်ပြီးသား သားနှင့်စားပွဲဘေးနားက ကလေးလေးအားကြည့်လိုက်သည်။ " သားဘာသာသား ကိုင်တွယ်နိုင်မယ်ဆိုတာသေချာလို့လား။ သူငိုတဲ့အခါ သားမလုပ်တတ် မကိုင်တတ် ဖြစ်နေမှာစိုးတယ် "

ရှယံယံက သူ့အဖွားကို ဝိုင်းစက်လှသည့် မျက်လုံးတစ်စုံဖြင့်ကြည့်လာ၏။ " ယံယံက လိမ္မာတယ် ယံယံက မငိုဘူး "

ရှအမေက ချစ်ခင်တွယ်တာသောအပြုံးလေးဖြင့် လက်ဝှေ့ယမ်းပြလိုက်ရင်း " ဟုတ်ပါပြီရှင်။ သူ့ကို သားပဲခေါ်သွားလိုက်တော့။ သူအရမ်းငိုနေခဲ့ရင် မားကိုဖုန်းဆက်လိုက် သိပ်ဝေးတာလည်းမဟုတ်တော့ မားချက်ချင်းလိုက်လာလို့ရတယ် "

ရှယောင်က ရှယံယံကို ဦးထုပ်လေးကူဆောင်းပေးလိုက်သည်။ သူက သူ့လက်နှင့်သူ့သားကိုကိုင်ပြီး သူ့အမေကိုလက်ပြနှုတ်ဆက်လိုက်၍ ထွက်သွားကြလေ၏။ ရှယောင်အတွက်ထိတ်လန့်စရာက သူ အောက်သို့ ဆင်းလိုက်သည့်အချိန်မှာပဲ ကျိုးတုက တံခါးပေါက်နားက ပန်းအိုးတွေဘေးမှာ မတ်တပ်ရပ်နေခြင်းအားတွေ့လိုက်ရခြင်းပဲဖြစ်လေ၏။ ကျိုးတုကခေါင်းက အောက်သို့ငုံ့နေပြီး ကျောက်စရစ်ခဲများအားကန်နေခဲ့သည်။ သူ့မျက်နှာပေါ်မှာလည်း ပျင်းရိနေခြင်းတို့က သိသာထင်ရှားနေ၏။

ရှယောင်၏နှလုံးသားလေးက အကြမ်းပတမ်းခုန်သွားရသည်။ သူတောင်ဘာတုံ့ပြန်မှုမှမလုပ်ရသေးခင် ရှယံယံက သူ့ကိုပစ်ထားခဲ့နှင့်ပြီး သူ့အနားကလူဆီသို့ သူ့ကိုယ်သူပစ်ဝင်လိုက်ပြီးဖြစ်နေခဲ့သည်။ ပျော်ရွှင်မှုများဖြင့်ပြည့်နေသည့် အသံမျိုးဖြင့် " ပါး! " ဟုလည်းခေါ်နေခဲ့သေးသည်။ ရှယံယံက ကျိုးတုခြေထော​က်ကို ဖက်ထားသည့်အချိန်မှာလည်း သူ့ခေါင်းကိုမော့ပြီး စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည့် ဘလင်း ဘလင်းထနေသော အကြည့်ဖြင့် ကြည့်နေခဲ့ပါသေး၏။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now