Unicode - စုံတွဲဓာတ်ပုံ
* * *
Su ကုမ္ပဏီ၏ အပေါ်ဆုံးထပ်၌-
Fang Yu တစ်ယောက် လွန်ခဲ့သည့်မိနစ်ပိုင်းလေးက လက်ခံရရှိလာသည့် ခပ်ထူထူဖိုင်တွဲကို ဖွင့်ကြည့်ရန်သင့်၊ မသင့် တွေဝေနေမိသည်။
ပုံမှန်အားဖြင့် ဥက္ကဌရုံးခန်းသို့ပို့လိုက်သည့်ဖိုင်များ၌ အထူးတလည် အမှတ်အသားပြုထားခြင်းမရှိပါက Fang Yu အရင် စစ်ဆေးရသည်။ ထိုအထဲမှ အကြောင်းအရာများကို သူကိုယ်တိုင်ဖတ်ရှု စစ်ဆေးကြည့်ပြီးမှ ဘောစ့်ထံ ပို့ရသည်။ ဤသည်မှာ ဘောစ့်၏ လုပ်ငန်းစွမ်းဆောင်မှုကို တိုးမြှင့်ရန်ဖြစ်သည်။
သို့သော် ယခုသူ့လက်ထဲသို့ရောက်လာသည့် ဖိုင်တွဲမှာ Shen ကုမ္ပဏီမှ ပို့လိုက်ခြင်းဖြစ်သည်။ Shen အုပ်စုနှင့် ပတ်သက်၍ မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်ကို Su Hang ထံမှ ညွှန်ကြားချက်တစ်စုံတစ်ရာ မရသေးသဖြင့် အထဲမှမှတ်တမ်းကို Fang Yu ဖွင့်မကြည့်ဝံ့ပေ။
Fang Yu တစ်ယောက် ချီတုံချတုံဖြစ်နေဆဲမှာပင် အထဲသို့ Su Hang လျှောက်လာသည်။ Su Hang ၏ မျက်နှာအမူအရာက ခါတိုင်းကဲ့သို့ မျက်နှာတည်နှင့်ဖြစ်နေသော်လည်း သူ့ကိုယ်တစ်ခုလုံးကို အုံ့မှိုင်းနေသည့် တိမ်လွှာထုတို့က ရစ်ပတ်ခြုံလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။ ထိုအရာကိုမြင်သည့်အခါ Fang Yu ပို၍ပင်စဉ်းစာရကျပ်သွားသည်။
"ဘောစ့်!"
Zhu Lin နှင့် Lilith တို့နှစ်ယောက် Su Hang အား တရိုတသေ နှုတ်ဆက်သည်။ ခါတိုင်းဆိုလျှင် Su Hang နှုတ်မှ ပြန်မပြောသည့်တိုင် အနည်းဆုံး အသိမှတ်ပြုကြောင်း ခေါင်းညိတ်ပြသည်။ သို့သော် ယနေ့မူ သူတို့အား တစ်ချက်လေးပင်လှည့်မကြည့်ဘဲ ရှေ့မှ လှည့်ထွက်သွားတော့သည်။
"ဘောစ့်က ဘာဖြစ်နေတာလဲ။ မသိရင် အဝင်ဆိုးတဲ့ ဆေးခါးကြီးတစ်ခွက်၊ ဒါမှမဟုတ် မသတီစရာတစ်ခုခု စားထားမိတဲ့အတိုင်းပဲ။" ဟူ၍ Zhu Lin တစ်ယောက် တံခါးပိတ်ထားသည့် ဥက္ကဌရုံးခန်းကိုကြည့်ကာ Fang Yu အား မေးတော့သည်။
"ငါက ဘယ်လိုသိမှာလဲ။ ဒီနေ့လည်ခင်းတစ်ခုလုံး နင်တို့နဲ့ အတူတူရှိနေတာလေကွာ။'
YOU ARE READING
ဝန်ခံချစ်စကား ကြားပါရစေ ဝန္ခံခ်စ္စကား ၾကားပါရေစ ✅✅✅
Romanceမူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) https://edi...