အပိုင်းလေးဆယ့်ခုနှစ်

254 27 0
                                    

"သူနိုးလာလို့ ငါ ဆရာဝန်တွေ သွားခေါ်ပြီး ပြန်လာတော့ အခန်းထဲမှာ သူ မရှိတော့ဘူး။"
"ဆေးရုံပတ်ဝန်းကျင်မှာရော။"
"ရှာနေတုန်းပဲ။ အခုထိ မတွေ့သေးဘူး။"
Shin သည် ဖုန်းကို အိတ်ထဲသို့ ထည့်ကာ မိုးရေထဲသို့ ပြေးဝင်သွားတော့သည်။

အိမ်မှာ ကားရှိသော်လည်း ထုတ်နေရတာ အချိန်ကြာဦးမည်မို့ အိမ်နားက taxi တစ်စီးသာ ဌားရင်း Tsuki သွားလောက်မည်ထင်သော Kuramaတို့ ကျောင်းအဆောင်ဆီသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အရင်ဆုံး ဖုန်းဆက်ပြီး သူ၏ အိမ်ကို မေးကြည့်သည်။ သူတို့လည်း မရှိကြောင်းပြော၍ Shin ၏ အပူလုံးမှာ မသိမသာ ကြီးသွားပြန်သည်။ Kuramaကို ဖုန်းဆက်ပြီး မေးချင်သော်လည်း ဖုန်းနံပါတ်မရှိတော့ ခက်ပြန်သည်။

သိပ်မကြာမီ Kiyoဆီသို့ တစ်ခါဆက်ကြည့်ပြန်သည်။ သူတို့လည်း မတွေ့သေးကြောင်း၊ ကျန်သူငယ်ချင်းသုံးယောက်ပါ ကူရှာပေးနေပြီဖြစ်ကြောင်း Kiyoက အကြောင်းသည်။ မိနစ်လေးဆယ်လောက် အကြာတွင် Kurama၏ ကျောင်းအဆောင်ဆီသို့ ရောက်သွားသည်။

အဆောင်စောင့်ကို အကြောင်းကြားပြီး Kuramaအား ခေါ်ခိုင်းရာ သူလည်း Shin ဆီသို့ ရောက်လာသည်။
"ဘာကိစ္စလဲ။"
"Tsuki က ခင်ဗျားဆီမှာလား?"
"ဘာ?"
Shin မေးလိုက်သည်ကို နားမလည်သော မျက်လုံးများဖြင့် Kuramaက ကြည့်သည်။
"ဘာတွေ လာကြောင်နေတာလဲ။ Tsuki က ဆေးရုံမှာ မဟုတ်ဘူးလား?"
"အခု သူ ပျောက်နေတယ်။"
"ဘာ? ပျောက်နေတယ်?"
Kuramaသည် ရင်တုန်ပန်းတုန် ဖြစ်သွားသည်။
"ငါ မနေ့ကမှ သွားကြည့်တုန်းက ရှိသေးတယ်လေ။"
"ဒီမနက် သူ သတိရလာတယ်။ ပြီးတော့ ရုတ်တရက်ကြီး ပျောက်သွားတယ်။"
"ဒုက္ခပါပဲ။.....ဘယ်လိုလုပ်ရမလဲ။.....သူသာ တစ်ခုခု ဖြစ်ရင်..."
"မဖြစ်ပါဘူး။ မဖြစ်ခင် ရှာတွေ့ရမှာပေါ့။"
"ကြောင်သူတော်ကောင်။ Tsuki သာ တစ်ခုခုဖြစ်ရင် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်။"
"ခင်ဗျားဘာသာ သတ်တာ မဟုတ်လို့ ကြိုက်တာလုပ်။ အခုတော့ Tsuki ကိုဝိုင်းရှာပေးဦး။"
Kuramaသည် Shin ကို ကြည့်မရသေးသော်လည်း Tsuki ကို ရှာတွေ့ရန်အတွက် ခေါင်းညိတ်လိုက်သည်။

Shin သည် ထိုနေရာမှ ထွက်၍ Tsuki သွားလောက်မည့် နေရာတစ်ဝိုက်ကို လိုက်ရှာကြည့်သည်။ သို့သော် Tsuki ၏ အရိပ်အခြေကို တစ်နေရာမှာမှ ရှာမတွေ့ပါ။ Kiyoကို ထပ်ပြီး ဖုန်းဆက်ကြည့်သည်။ သူတို့လည်း ရှာမတွေ့သေးပါ။ Shin သည် မောမောနဲ့ တစ်နေရာတွင် ထိုင်ပြီး အမောဖြေနေမိသည်။

Tsuki ရေ...။ မင်း ဘယ်မှာလဲ....။ ငါ တောင်းပန်ပါတယ်။

Tsuki အား ပြန်ရှာတွေ့ရန် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေစဉ် သူ Tsuki ကို ပထမဦးဆုံးအကြိမ် မုန်းတယ်လို့ ပြောခဲ့မိသော တံတားအောက်က မြင်ကွင်းကို ပြေးမြင်မိသည်။

အဲဒီတုန်းက ပူဆွေးသောကတွေကြောင့် အပြစ်မရှိသော Tsuki ကို မျက်ရည်ကျသည်အထိ ပြောဆိုမိခဲ့သည်။ ဒုတိယအကြိမ် သူ့ကို အပြစ်ရှာပြီး မုန်းတယ်လို့ ပြောတော့လည်း ဘာမှ ပြန်မပြောဘဲ မျက်ရည်အတိုင်းသားလေးနဲ့ ကြည့်နေခဲ့သည်။ Tsuki ထို တံတားအောက်ပဲ သွားမလားဟု အဓိပ္ပာယ်မဲ့စွာ တွေးရင်း Shin သည် ၎င်းနေရာဆီသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးလည်း Tsuki ကိုယ့်ကိုယ်ကို တစ်ခုခု လုပ်ခဲ့ရင်ဆိုသည့် အတွေးများက ကြောက်မက်ဖွယ်ကောင်းအောင် Shin ၏ ခေါင်းထဲ၌ ဝဲပျံနေသည်။

၁၅မိနစ်လောက် ကားထပ်စီးပြီးသောအခါ ထိုတံတားဆီသို့ ရောက်လာသည်။ မိုးကတော့ မတိတ်သေးဘဲ သဲကြီးမဲကြီး ရွာချနေသေးသည်။ မိုးရေကြောင့် မြစ်ရေမှာ အနည်းငယ် မြင့်တက်နေပြီး လူသွားလူလာများလည်း ရှင်းနေသည်။

တံတားနားသို့ ရောက်သောအခါ ဝေဝါးနေသော မိုးရေများထဲမှ လူရိပ်ယောင် တွေ့လိုက်ရသဖြင့် Shin ၏ မျှော်လင့်ချက်များ အရောင်တောက်လာသည်။ တော်တော် နီးကပ်သွားတော့မှ ဆေးရုံဝတ်စုံ၊ ခြေဗလာလေးနှင့် မြစ်ရေကို စိုက်ကြည့်နေသော Tsuki အား သေချာစွာ မြင်လိုက်ရသည်။ Shin ၏ ရင်ထဲ၌ Tsuki ၏ ထိုပုံစံကို ကြည့်ရင်း စိတ်မကောင်းဖြစ်လာမိသည်။

Shinသည် သူ့နားကို တည်ငြိမ်စွာ လျှောက်သွားပြီး သူ့၏ပခုံးလေးကို ကိုင်လိုက်သဖြင့် Tsuki က သူ့ကို လှည့်ကြည့်သည်။ တစ်ခါက တောက်ပဖူးသော သူ၏ မျက်လုံးများထဲမှ တောက်ပမှု၊ မိမိကို ကြည့်တိုင်း တွေ့မြင်နေရသော ခံစားချက်အသီးသီးတို့မှာ ပျောက်ရှနေပြီဖြစ်သည်။ မိုးရေထဲမှာ ဘယ်လောက်ကြာကြာ နေထားသည်မသိ။ နှုတ်ခမ်းပါးတို့မှာ ပြာနှမ်းနေပြီး အသားတို့မှာ အေးစက်နေသည်။ ဝေးလံလှသော နေရာကို ခြေဗလာဖြင့် လာခဲ့သောကြောင့် သူ၏ ခြေထောက်မှာ ပွန်းရှရာများဖြင့် ဗရဗွ ဖြစ်နေသည်။

"Tsuki၊ အိမ်ပြန်ရအောင်။"
သူခေါ်သည်ကို Tsuki က မကြားလိုက်သော ပုံစံဖြင့် စိုက်ကြည့်နေသည်။
"Shin-sanမှတ်မိသေးလား။"
"ဘာကိုလဲ။"
"ဒီနေရာမှာ ကျွန်တော့်ကို မုန်းတယ်လို့ Shin-san ပြောခဲ့ဖူးတယ်လေ။"

To be continue.......

တိုးတိုးလေးWhere stories live. Discover now