အပိုင်းနှစ်ဆယ့်ငါး

259 25 0
                                    

"မင်းကို မေးစရာ နှစ်ခုရှိတယ်။"
"ဟုတ်ကဲ့။ မေးပါ။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီကောင်လေးနဲ့မင်း ကုန်ခြောက်ခန်းမှာ ဆုံခဲ့လား။"
"ဟုတ်ကဲ့။"
Tsukiသည် အမှန်တိုင်းပင် ဖြေလိုက်သည်။
"ဒီမနက် မင်း သခင်လေး Kiyoကို မွေးနေ့လက်ဆောင်ပေးခဲ့တယ်ဆို။"
"ဟုတ်ကဲ့။"
"Hyuga(ဟျူးဂ)။"
သူ့ဆီက အဖြေရပြီးသည်နှင့် Mijiharaသည် ဘေးနားက တစ်ယောက်ကို အချက်ပြလိုက်သည်။

ထိုအခါ Hyugaသည် တစ်နေရာရာမှ ရေစိမ်ကြိမ်လုံး နှစ်ချောင်းပြူးကို ယူလာခဲ့သည်။
"ခြေသလုံးကို လှန်ထားစမ်း။"
"ဗျာ...ဘာဖြစ်လို့လဲ။"
Tsukiက ကြောက်လန့်တကြား ဖြစ်သွားသည်။ အခြေနေတွေက သူ နားမလည်နိုင်လောက်အောင် ဖြစ်နေသည်။
"ကိုယ် ဘာလုပ်ထားတယ်ဆိုတာ ကိုယ်မသိဘူးလား။"
"ကျွန်တော် ဘာလုပ်မိလို့လဲ။"
"ငါ့အခန်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံတွေ အခိုးခံလိုက်ရတယ်။"
"အဲ့ဒါ ကျွန်တော်နဲ့ မဆိုင်ပါဘူး။...ဧကန္တ..ကျွန်တော့်ကို သံသယ ဝင်နေတာလား။"
"သံသယ မဟုတ်ဘူး။ သက်သေပါ ရှိနေတာ။"
"ကျွန်တော် ခိုးတာ မဟုတ်ရပါဘူး။"
"ဒီမနက် ငါထားနေကျ နေရာမှာ ကြည့်ကြည့်တော့ ပိုက်ဆံက မရှိတော့ဘူး။ တော်ရုံတန်ရုံ ဖွင့်မကြည့်တတ်ဘူးဆိုတော့ ဘယ်တုန်းက ပျောက်သွားမှန်း မသိပေမယ့် အစေခံတွေကို ငါ ချက်ချင်း စစ်ဆေးကြည့်တယ်။ အဲ့ဒီမှာ Shirogane(ရှီရိုဂါနဲ)က နင့်ကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကုန်ခြောက်သိုလှောင်ခန်းထဲမှာ ခိုးကြောင်ခိုးဝှက်လုပ်နေတာ တွေ့တယ်လို့ပြောတယ်။ အဲ့ဒါနဲ့ မင်းကိုတွေ့ခဲ့တယ်ဆိုတဲ့ နေရာမှာ သွားရှာကြည့်တော့ ငါ့ပိုက်ဆံတွေ ပြန်ရှာတွေ့ခဲ့တယ်။"
Tsukiသည် Shirogane ဆိုသော ကောင်လေး၏ မျက်နှာကို အံ့ဩစွာ လှမ်းကြည့်လိုက်သည်။ အခြေနေတွေကို အတန်သင့် နားလည်သွားခဲ့သည်။
"မဟုတ်ဘူး။...ကျွန်တော်ဘာမှ ခိုးကြောင်ခိုးဝှက် မလုပ်ပါဘူး။ ကျွန်တော် ရေဘူးလာယူတာ သူလည်း မြင်ပါတယ်။ သူက ကျွန်တော်မရောက်ခင်တည်းက ရှိနေတာပါ။"
"ပါးစပ်ပိတ်ထားစမ်း။ ဒါဆိုရင် သခင်လေး Kiyoအတွက် လက်ဆောင်ဝယ်ပေးဖို့ မင်းဘယ်ကနေ ပိုက်ဆံရလဲ။"
ငြင်းလို့မရသော အခြေနေကြားထဲတွင် Tsukiသည် မျက်ရည်များ စို့လာသည်အထိ ကြောက်လန့်လာမိသည်။ အရိုက်ခံရမည်ဆိုတာထက် ကြေမွသွားမည့် မိမိနာမည်တစ်လုံးအတွက် တွေးပူနေမိခြင်း ဖြစ်သည်။ သူ့အဖြစ်မှာ ကူရာကယ်ရာ မဲ့နေတော့လေသည်။
"မင်းအမေကို ငါ ဖုန်းဆက်ပြီးသွားပြီ။ မင်းကို ဘာပိုက်ဆံမှ မထည့်ပေးလိုက်ဘူးတဲ့။"
"ကျွန်တော် စုထားတာနဲ့ ဝယ်ပေးလိုက်တာပါ။ ကျွန်တော် မခိုးပါဘူး။ တစ်ကယ်ပြောနေတာပါ။"
"သူ့ကို ချုပ်ထားကြစမ်း။"
"မလုပ်ပါနဲ့။"

ယောကျ်ားလေးတစ်ယောက်က Tsukiအား လက်နှစ်ဖက်ကို ချုပ်လိုက်သည်။ Shiroganeကတော့ Tsukiကို တတ်နိုင်သမျှ မျက်လုံးချင်း မဆိုင်မိအောင် ကြိုးစားပြီး Tsuki၏ ခြေထောက်နှစ်ဖက်ကို ချုပ်ကာ ဘောင်းဘီစကို ဆွဲတင်လိုက်သည်။ အခြားသော အိမ်အစေခံတွေကလည်း ပွဲကြည့်နေရသလို ဝိုင်းအုံလာကြသည်။ Tsuki၏ မျက်နှာမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
"ငါခိုးတာ မဟုတ်ဘူး။...မဟုတ်ရပါဘူးဆို။ ငါ့ကို ဘာလို့ ချောက်ချရတာလဲ။"
"အားလုံး ကြည့်ထားကြနော်။ သူများပစ္စည်းခိုးတဲ့ အောက်တန်းစားတွေက အခုလိုပဲ ဆက်ဆံခံရလိမ့်မယ်။"

Hyugaသည် ရှိသမျှအားနှင့် Tsuki၏ ခြေထောက်ကို ရိုက်ချလိုက်သည်။
"အား.."
ဖြူဖွေးနေသော ခြေသလုံးများတွင် အနီကြောင်းကြီး ထင်းကျန်နေခဲ့သည်။ ရိုက်လိုက်သော အချက်တိုင်းတွင် နာကျင်မှုက လျော့မသွားဘဲ ပိုပို တိုးလာခဲ့သည်။
တစ်ချက်...
နှစ်ချက်...
သုံးချက်....
လေးချက်...
ငါးချက်....
ခြောက်ချက်....
ခုနှစ်ချက်......

ပန်းအိုးတစ်အိုးသည် အရှိန်ပြင်းစွာဖြင့် Hyuga၏ ခေါင်းပေါ်မှ လွင့်ပျံကာ နံရံနှင့် တိုက်မိပြီး တစ်စစီ ကွဲကြေသွားသည်။ ထိုအသံသည် အခန်းတစ်ခုလုံးတွင် ဟိန်းတက်သွားသည်။ နည်းနည်း.....။နောက်ထပ် နည်းနည်းလောက် ကပ်သွားရင် Hyugaခေါင်းကွဲသွားနိုင်သည်။
"Mijihara...။"
Shin ၏ ခေါ်သံကို ကြားရသောအခါ Mijiharaသည် အပြစ်လုပ်ထားသူတစ်ယောက်လို တုန်သွားပြီး တွန့်ဆုတ်စွာ လှည့်ကြည့်လိုက်သည်။
"ခင်ဗျားကြီး ဘာလုပ်နေတာလဲ။"
ဒေါသမာန်အပြည့်နှင့် ကြည့်နေသော Shin ၏ မျက်လုံးများအောက်တွင် အားလုံး နေစရာ မရှိအောင် ဖြစ်ကုန်သည်။
"သ..သခင်လေး...ဒီကောင်လေးက...ပိုက်ဆံခိုးထားလို့ပါ။..အဲ့ဒါကြောင့် ...ကျွန်မသူ့ကို အပြစ်ပေး..."

To be continue......

တိုးတိုးလေးHikayelerin yaşadığı yer. Şimdi keşfedin