13

5.7K 508 30
                                    

Unicode

"ခေတ် ရေထဲမဆင်းနဲ့နော်"

ပွဲကောက်ရေတံခွန်အရောက် အဆော့သန်သည့်ခေတ်ကို ထိန်းရသေးသည်။ ဆွယ်တာဆိုင်မှ ရေတံခွန်သို့လာသည့်လမ်းတွင် ခေါင်းမူးသည်၊ ပင်ပန်းသည် ညည်းလာသည့်ခေတ်သည် ရေတံခွန်ရောက်သည်နှင့် တွဲထားသည့် စေ့လက်ကိုလွှတ်ကာ ရေဆီသို့သာ ပြေးတော့၏။ ဒီဇင်ဘာခြံတွင် ရေကစားလာပြီဖြစ်သဖြင့် ယခုသာ သူ့စိတ်ကြိုက်လွှတ်ပေးလိုက်လျှင် အနားယူမည့်ဟိုတယ်သို့ မရောက်မီမှာပင် ခေတ် ဖျားလိမ့်မည်။ ရေကြိုက်သည့်ခေတ်ကြောင့် စေ့မှာ စိုးရိမ်ပူပန်ကြီးစွာ အထပ်ထပ် သတိပေးနေရတော့သည်။ တဝုန်းဝုန်းကျနေသည့် ရေသံနှင့် ရေကစားနေသူတို့၏ အသံများကြောင့်လည်း စကားကို ပုံမှန်ထက် ပိုအော်ပြောနေရသည်။

ခေတ် ရေထဲမဆင်း၍ သူရိန်နှင့်နေမခပါ မဆင်းကြ။ သို့သော် ခေတ်ကတော့ ရေကစားနေသူများကို အားကျပျော်ရွှင်နေသည့် မျက်လုံးလေးများဖြင့် ကြည့်နေ၏။ ခဏအကြာ သူ့နံဘေးရှိ စေ့အား ပြုံးသော၊ ရယ်သော၊ ချိုကြည်သော မျက်ဝန်းများဖြင့် ကြည့်လာကာ နှုတ်ခမ်းပါးတွင်လည်း အပြုံးချိုချိုချိတ်ဆွဲလျက်...

"ကိုကို.. ဖိနပ်ချွတ်ပြီး နည်းနည်းလောက် ထိကြည့်လို့ရလား"

စေ့ ရင်ဘတ်ကို မေးဖြင့်ထောက်ကာ မေးလာသည့်ခေတ်။

"ခေတ်"

စေ မျက်နှာကို တည်ထားကာ လေသံမာမာနှင့် ခေါ်လိုက်သည်။

"သားက ထိကြည့်ရုံလေးပါ"

ခွင့်ပြုချက်မရသေး.. ဖိနပ်ချွတ်ရန် ငုတ်တုတ်ထိုင်ချလိုက်ပြီ။ စကားနားမထောင်သောကလေးကြောင့် စေ သက်ပြင်းချကာပင် ဖိနပ်ကူချွတ်ပေးပြီး ဘောင်းဘီရှည်ကို ဒူးအထိ ခေါက်တင်ပေးလိုက်ရသည်။

"ထိရုံလေးပဲနော်။ ရေထဲထိဆင်းတာနဲ့ လိုက်ခေါ်မှာ။ လူကြားထဲအဆူမခံချင်ရင် စကားနားထောင်"

စေနှင့်ခေတ်ရပ်နေသည့်နေရာတွင် သစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်သည် ရေစပ်တွင်ဖြစ်တာကြောင့် ခေတ်က သစ်မြစ်ပေါ်ရပ်ရင်းမှပင် ခြေထောက်တစ်ဖက်ချင်းစီအား ရေနှင့်ထိကာ လွှဲရမ်းကစားနေသည်။ ထို့နောက် သစ်မြစ်ပေါ် ထိုင်ချလိုက်ကာ နှစ်ဖက်လုံးကို ရေထဲသို့ စိမ်ချလိုက်လေ၏။

သူ့အား မော့ကြည့်ကာ ပြုံးပြနေသည့်ခေတ်အား စေ ပြုံး၍ပင် ငုံ့ကြည့်နေနိုင်ပါတော့သည်။ လက်ထဲတွင်တော့ ခေတ်ဖိနပ်နှစ်ဖက်အား ကိုင်ထားလျက်...။

"တည်စေ.. ပြန်တော့မလား"

"ခေတ်.. ပြန်မယ် ထ"

စေ ကျော်ထက်အောင်၏အမေးကို ခေါင်းညိတ်ပြလိုက်ပြီး ခေတ်ကို ထခိုင်း၍ ဖိနပ်စီးစေသည်။

"ဟိုနှစ်ယောက်ရော"

ကနဦးတွင် စေတို့နှင့်အတူရှိနေသည့် သူရိန်နှင့်နေမခမှာ ယခုတော့ မရှိတော့။ စေ ခေတ်ဆီသို့ စိတ်ရောက်နေသည့်ခဏတွင်ပင် လှစ်ခနဲ ပျောက်သွားကြသေးသည်။

"ကိုကောင်းနဲ့ ကားပေါ်သွားနှင့်ပြီ"

အခြားနေရာများကဲ့သို့ပင် ပွဲကောက်ရေတံခွန်တွင်လည်း ပြင်ဦးလွင်ဒေသထွက် မက်မန်းဝိုင်၊ စတော်ဘယ်ရီဝိုင် အစရှိသည်ဖြင့် ဝိုင်ပုလင်းများ ဝယ်ယူရရှိနိုင်သည်။ ထို့အပြင် သစ်ပင်၊ ပျိုးပင်များလည်း ဝယ်ယူနိုင်သေးသည်။ သို့သော် စေတို့ကတော့ မဝယ်တော့ပေ။ ခေတ်ပျော်ရန်သာ လိုက်ပို့သည်ဖြစ်၍ ခေတ် ပျော်လျှင် ပြည့်စုံပြီ။

ကားပေါ်တွင်တော့ ခေတ်တို့သုံးယောက်သည် နောက်ဆုံးတွင် နေရာယူ၏။ သုံးယောက်ထိုင်ပြီး တိုးတိုးကြိတ်ကြိတ်လည်း ပြုံးနေကြသေး၏။ စေ မသင်္ကာ၍ စေ့စေ့ကြည့်ပေးလိုက်တော့မှ ငြိမ်ကျသွားကြလေ၏။

"ကလေးတွေ နားကြတော့မလား။ ဘုရားကို ညမှသွားလေ။ မဟာအံ့ထူးကံသာက ညဘက်ဆို ရှုခင်းကြည့်ရတာလည်း လှတယ်။ မင်းတို့တည်းမယ့် ဟိုတယ်နဲ့လည်း နီးတယ်"

ဆုတောင်းပြည့် မဟာအံ့ထူးကံသာဘုရားကြီး (ဆုတောင်းပြည့်ပြည်ချစ်ဘုရားကြီး) နှင့် မနီးမဝေးတွင် စေ့မိဘများပိုင်သည့် ဟိုတယ်ရှိသည်။ စေတို့အဖွဲ့သည် ထိုဟိုတယ်တွင် အနားယူကြမည်။ ကောင်းထက်ဟန်သည် စေတို့အား ဟိုတယ်သို့လိုက်ပို့ပြီးနောက် သူ၏ လာရင်းကိစ္စဖြစ်သည့် သူ့အမျိုးအိမ်သို့ သွားမည်။ မနက်ဖြန်မနက်မှသာ စေတို့ကို လာကြိုပြီး ပြန်ကြမည်ဖြစ်သည်။

ယနေ့ည၌ ဟိုတယ်တွင်တည်းမည့်အကြောင်း ကြိုတင်အသိပေးထားပြီးဖြစ်သောကြောင့် စေတို့ရောက်ကြောင်း ကြားသည့်အခါ ဟိုတယ်မန်နေဂျာက ခရီးဦးကြိုပြု၏။ စေတို့မိသားစု အလည်လာသည့်အခါတိုင်း ထိုမန်နေဂျာဦးလေးကြီးကပင် စေတို့အတွက် အစစအရာရာ စီစဉ်ပေးရသည်။ စေငယ်စဉ်ကတည်းက ရှိခဲ့သော ဝန်ထမ်းဖြစ်သောကြောင့် စေနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းလေးများကတော့ စေတို့အဖွဲ့ကို ကြည့်ကာ တီးတိုးတီးတိုး သဖန်းပိုး ထိုးနေကြသည်။

"ဟို အရပ်ရှည်ရှည် ချောချောလေးနဲ့က သူဌေးရဲ့သား။ ဟိုဖြူဖြူသေးသေးလေးက သားငယ်။ အဲဒီကလေးက အရင်ကဆို ငယ်ငယ်လေးရှိသေးတာ။ အခုကျ ဆယ်တန်းတောင် ဖြေပြီးသွားပြီတဲ့"

"သူဌေးက သားတစ်ယောက်တည်း ရှိတာဆို။ ဒါဆို သူက မွေးစားသားလား"

"အဲလိုလည်း မဟုတ်ဘူး။ ဘာမှလည်း မတော်ဘူး။ ဒါပေမဲ့ သားလိုပဲ။ သူငယ်ငယ်တုန်းကတော့ သူဌေးတို့လာရင် လိုက်လိုက်လာတယ်။ ခေါ်တာလည်း ဒယ်ဒီနဲ့မာမီလို့ ခေါ်တာပဲ။ အမလေး.... ငယ်ငယ်ကဆို တအားဆိုးတာနော်။ သူဌေးတို့တစ်မိသားစုလုံးကလည်း သူ့ကို တအားချစ်တာ"

ကောင်မလေးနှစ်ယောက်၏ စကားဝိုင်းထဲသို့ နောက်တစ်ယောက်ပါ ဝင်ပါလာသည်။

"ဝါး.. ကိုတည်မြဲစေက အချောကြီးဟ။ ငါ့အကြိုက်ပဲ.. အဟိ"

စေကတော့ မန်နေဂျာဦးလေးကြီးနှင့် စကားပြောနေ၍ ထိုမိန်းကလေးသုံးဦး၏ စကားများကို မကြားသော်လည်း သူတို့ပြောသည့် သားအရင်းမဟုတ်သော ဖြူဖြူသေးသေးကောင်လေး၏ အကြည့်စူးစူးများကြောင့် ထိုမိန်းကလေးများမှာ ပါးစပ်ပိတ်၍ မျက်လွှာချကာ အလုပ်မပြုတ်ရန်အရေးသာ ကြိတ်၍ ဆုတောင်းနေရရှာတော့သည်။ နောက်ဆုံးဝင်ပြောသော မိန်းကလေးမှာမူ အသက်များပင် အောင့်ထားမိလေသည်။ စေတို့အဖွဲ့ အပေါ်တက်သွားမှပင် ဟင်းခနဲ ပြိုင်တူ သက်ပြင်းချနိုင်ကြတော့သည်။

စေတို့ သီးသန့်အနားယူနေကျဖြစ်သည့် အခန်းနှစ်ခန်းရှိရာအထပ်သို့ ရောက်သော် စေသည် အခန်းရှေ့တွင်ရပ်၍ နေရမည့်အခန်းအတွက် လူခွဲပေး၏။

"ကျော်ထက်အောင်.. မင်းက သူရိန်နဲ့ နေမခတို့နဲ့နေလိုက်။ ငါက ခေတ်နဲ့နေလိုက်မယ်။ သူတို့သုံးယောက် တစ်ခန်းထဲထားလို့မရဘူး"

"အေး ငါလည်း အဲဒါပြောမလို့ပဲ"

ကျော်ထက်အောင်သည် စေ့အတွေးအား အပြည့်အ၀ ထောက်ခံ၏။ ထိုသုံးယောက်သာ တစ်ခန်းတည်းပေါင်းထားလိုက်ပါက တစ်ညကုန်လွန်ပြီးသည်နှင့် ဟိုတယ်တစ်ခုလုံး အကောင်းအတိုင်းမကျန်မှာ စိုးရိမ်ရသည်။ မိုးမီးလောင်သည့်အဖြစ်ထက်ပင် ဆိုးသွားဦးမည်။

"ကိုကို.. သားတို့က အတူတူနေချင်တာ"

ကလေးသုံးယောက်မှာ သိသိသာသာပင် ပခုံးချင်းဖက်၍ ပူးကပ်လိုက်ကြသည်။ "သိကြားမင်းဆင်းခွဲတောင် မကွဲဘူး" ဆိုသည့် ဟန်ပန်အပြည့်နှင့်။

"မပလီနဲ့ ခေတ်။ ပြီးရင် မင်း အိပ်လို့မပျော်ဘူး၊ မအိပ်တတ်ဘူးနဲ့ လာမှာ။ ပြီးတော့ မင်းတို့သုံးယောက်လည်း ပေါင်းမထားဘူး"

"ဘာဖြစ်လို့လဲ"

"ငါ့ဒယ်ဒီ့ဟိုတယ် ဇောက်ထိုးဖြစ်မှာကြောက်လို့"

စေ ပြောပြောဆိုဆိုပင် အခန်းထဲဝင်တော့ ခေတ်လည်း နှုတ်ခမ်းစူ၊ ခြေဆောင့်ကာ လိုက်ဝင်ရတော့သည်။ ထို့နောက် ခုတင်ခြေရင်းတွင်ထိုင်ကာ စေ့ကို စိတ်ကောက်နေလိုက်၏။ စေ အဝတ်အစားလဲပြီးသည်အထိ ခေတ် ထိုင်ရာမှ မထ။

"ခေတ်.. အဝတ်အစားလဲလေ။ ပြီးရင် ခဏနားပြီး ညစာစားမယ်။ ပြီးရင် ဘုရားသွားမယ်"

စေ သူ့အနားကပ်တော့ ခေတ်က အိပ်ရာထက် ကွေးကွေးလေး လှဲချ၏။ သူသိပ်ကြိုက်သည့် ပုစွန်ထုပ်လေးအတိုင်းပင်။ စေ ခေတ်ပါးလေးအား ဖွဖွအုပ်ကိုင်လိုက်ပြီး...

"ခေတ်.. ထကွာ။ ကိုကို ခေတ်ကို မဆူချင်ဘူးနော်။ ထ.. အဝတ်အစားလဲထား"

နောက်ဆုံးတွင်တော့ ချော့မရသည့်ခေတ်ကို စေကိုယ်တိုင် ဆွဲထူကာ အင်္ကျီကြယ်သီးများ ဖြုတ်ပေးလိုက်သည်။ ခေတ်ကတော့ စေ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်၍ ကြယ်သီးဖြုတ်ပေးနေသည့်လက်များကို ရပ်တန့်စေလိုက်ပြီး...

"မလဲဘူး။ ဘုရားသွားမှ လဲမယ်"

"ခေတ်ကကွာ..."

စေ သက်ပြင်းမျှင်းမျှင်းသာ ချလိုက်ပါတော့သည်။

"ဒါဆို ခဏအိပ်ဦးမလား။

...ဟင်.. ခေတ်။ ခေတ်.. ကိုကို့ကို စကားပြောပါဦး"

ခေတ်ကတော့ ဝမ်းလျားမှောက်ကာ ခေါင်းအုံးထက် မျက်နှာအပ်ထားလေပြီ။

စေတို့အခန်းတွင် ရာသီဥတုမသာယာသလို ဘေးခန်း၏ ဥတုရာသီသည်လည်း ကြည်လင်မနေပေ။ အခန်းထဲရောက်သည်နှင့် သူရိန်နှင့်နေမခက ဗြောင်းဆန်အောင် သောင်းကျန်းတော့သည်။ သူတို့က ခေတ်လိုတော့ စိတ်ကောက်မနေ။ သူတို့စိတ်ကောက်လျှင်လည်း ကျော်ထက်အောင်က အရေးတယူချော့မနေမှာ သေချာသည်ဖြစ်၍ ထိုကဲ့သို့သောနည်းဖြင့်သာ ကျော်ထက်အောင်မနေနိုင်အောင် နှင်နေကြသည်။

ကျော်ထက်အောင်ခမျာ ညစာမစားမီ ခဏနားဦးမည်ဟု စဉ်းစားထားသော်လည်း ဤကလေးနှစ်ယောက်နှင့် မည်သို့မျှ အနားယူ၍ မရနိုင်ရှာ။ ဤနှစ်ယောက်နှင့် တစ်ညတာကုန်ဆုံးရမည့်အရေးကိုတွေးကာ ကျော်ထက်အောင်တစ်ယောက် ခေါင်းကိုက်နေလေပြီ။

ညစာစားပြီးနောက် ဟိုတယ်မှစီစဉ်ပေးသည့်ကားဖြင့် မဟာအံ့ထူးကံသာဘုရားကြီးသို့ လာရောက်ဖူးမြှော်ကြသည်။ အေးစိမ့်လှသည့် ပြင်ဦးလွင်၏ နှင်းရည်ခြုံလွှာအောက်တွင် ဆုတောင်းပြည့်ပြည်ချစ်ဘုရားကြီးကို ဖူးမြှော်ကြည်ညိုရသည်မှာ စိတ်နှလုံးကို အေးချမ်းစေသည်။

ဘုရားပေါ်တွင် တစ်ချိန်လုံး ပြုံးရွှင်နေသောခေတ်သည် ဟိုတယ်အခန်းထဲသို့ ပြန်ရောက်သည်နှင့် စိတ်ကောက်ခြင်းအမှုကို ဆက်လက်လုပ်ဆောင်သည်။

စေ မည်မျှပင် ချော့မော့ပါစေ.. သတိုးခေတ်ဆိုသည်မှာ သူ့စိတ်တိုင်းကျမဖြစ်ရလျှင် ဘေးလူမအေးချမ်းစေသည့် လူသားလေးပါလေ။ သတိုးခေတ်တို့ထုံးစံအတိုင်း ဘေးခန်းသို့ သွားအိပ်ချင်သည်ဟုတော့ နှစ်ကြိမ်နှစ်ခါ မပူဆာတော့။ သို့သော် စေ့အား အကြည့်လွှဲခြင်း၊ စေပြောသည့်စကားများကို မကြားဟန်ဆောင်ခြင်း၊ စေ့ကို စကားပြန်မပြောခြင်းတို့ဖြင့် ဆန္ဒထုတ်ဖော်လေ၏။

စေ ခုတင်ပေါ်တက်လိုက်ကာ ခေတ်နှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ခေတ် ဆံနွယ်ပျော့ပျော့များအား ယုယညင်သာစွာ သပ်ပေးရင်း စိတ်ရှည်ကြင်နာစွာဖြင့်...

"ခေတ်.. ကိုကိုပြောမယ်နော်၊ ကိုကိုက ခေတ်ကို တမင်ကြီး စည်းကမ်းတင်းကြပ်နေတာလည်း မဟုတ်ဘူး။ ခေတ်ဆန္ဒကို တမင်ပိတ်ပင်တာလည်း မဟုတ်ဘူး။ ခေတ်ကို အလိုမလိုက်ချင်လို့လည်း မဟုတ်ဘူး။ ခေတ် သူများတွေနဲ့ အခန်းမျှမသုံးတတ်တာ ခေတ် ကိုယ်တိုင်လည်း အသိပဲလေ။ ခေတ်က တစ်ယောက်တည်း အိပ်ရင်အိပ်၊ မဟုတ်ရင် ဘယ်တုန်းက ကိုကိုမဟုတ်တဲ့လူနဲ့ အိပ်ဖူးလို့လဲ။ ခေတ် အဲလိုဆို အိပ်ပျော်ပါ့မလား.. ဟင်။ ကိုကိုက ခေတ် အိပ်ပျော်တာ၊ မပျော်တာတွေအထိပါ တွေးပေးပြီး ခေတ်ကို တားနေတာလေ။ ခေတ်အတွက်လေ"

စေက မျက်လုံးချင်းဆုံကြည့်ချင်သော်လည်း ခေတ်သည် မော့ကြည့်မလာ။

"ခေတ်က တစ်နေကုန် လျှောက်လည်ပြီး ပင်ပန်းထားတာလေ။ ညကို အိပ်ရေး၀၀ အိပ်သင့်တာပေါ့။ မနက်ဖြန်လည်း ပြန်ရဦးမယ်လေ။ ခေတ် အိပ်မပျော်ရင်၊ အိပ်ရေးမဝရင် ခေါင်းကိုက်မှာပေါ့။ ပြီးတော့ ခေတ်က အိပ်ရေးမဝရင် စိတ်မကြည်တော့ဘူးလေ။ အဲဒီတော့ မနက်ထ လန်းလန်းဆန်းဆန်းဖြစ်နေအောင်လို့ ခေတ် အိပ်ရေး၀၀ အိပ်သင့်တာပေါ့"

"ပြီးတော့.. အခုက အိမ်မှာလည်း မဟုတ်ဘူး‌။ လူကြီးတွေမပါဘဲ ခရီးထွက်ဖူးတာလည်း ဒါပထမဆုံးပဲ။ အဲဒီတော့ ခေတ်အတွက် ကိုကို့မှာ တာဝန်ရှိတယ်လေ။ ပြီးတော့ ခေတ်ကို ကိုကို့မျက်စိအောက်က အပျောက်မခံနိုင်ဘူး။ အဲဒါကြောင့် ခေတ်ကို ကိုကို့အနားမှာပဲ ထားတာ။ ခေတ်ကလည်း ကိုကိုနဲ့ပဲ နေသင့်တာပေါ့။ မဟုတ်ဘူးလား.. ဟင်"

ခေတ် စေလာထိုင်သော ခုတင်မှ ဆင်းသွားကာ တခြားခုတင်ပေါ်သို့ ကူးသွား၏။ စေ ခေတ်ကို ကြည့်ကာ သက်ပြင်းသာ ချရပြန်သည်။

လူဆိုးလေး... လူကို တကယ် စိတ်မချမ်းသာအောင်ကွာ..။

ခေတ်ကတော့ တစ်လောကလုံးက သူ့ကို ဝိုင်းအနိုင်ကျင့်နေသောကြောင့် မခံမရပ်နိုင်ဖြစ်နေသည့် မကျေမချမ်း စိတ်အလိုမကျသည့်မျက်နှာနှင့် ဒေါသမာန်ပြင်းကာ အံ့ကိုကြိတ်၍ မျက်ခုံးကို ကြုတ်ထားလျက် အိပ်ရာခင်းအား လောင်ကျွမ်းပြာကျသွားစေနိုင်လောက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေ၏။

မည်သို့ပင် အတွေးရှိပါစေ.. စေ မျက်နှာကို တည်ထားကာ...

"ခေတ်.. အဲဒါဘာဖြစ်နေတာလဲ။ ကိုကိုက ခေတ်အတွက်ပြောနေတာလေ"

"ခေတ်"

"သတိုးခေတ်"

‌စကားလည်းပြန်မလာ၊ သူ့ကိုလည်းမော့မကြည့်၊ ခေါ်သည်ကိုပင် မထူးဘဲ တစ်ယောက်တည်းဒေါသကြီးနေသည့်ကလေးကြောင့် တည်မြဲစေ ဘယ်နှကြိမ်မြောက်မှန်း မမှတ်မိတော့သည့်သက်ပြင်းကို ချရပြန်ပါပြီ။

"ခေတ်.. အဲဒီဘက်မှာ အိပ်မှာ သေချာလား"

ထိုမေးခွန်းကိုကြားမှပင် ခေတ် စေ့ကို ကြည့်လာတော့သည်။

"သေချာတယ်"

"ဒါဆို ညမှ ပြန်မလာမှာ သေချာလား"

"သေချာတယ်"

"သုံးယောက်ပေါင်းပြီး သောင်းကျန်းမနေမှာ သေချာလား"

"သေချာတယ်"

"သေချာရင် သွား။ ကျော်ထက်အောင်ကို ဒီဘက်လွှတ်လိုက်"

စေ့ဆီမှ ခွင့်ပြုချက်ရလျှင်ရခြင်းပင် ခေတ် ခုတင်ပေါ်မှ အလျင်အမြန်ဆင်းကာ ဘေးခန်းသို့ ပြေးတော့၏။ ထို့နောက် ကျော်ထက်အောင်အား သူနှင့် အခန်းချင်းလဲရန် စေ့ဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း ပြောကာ အမြန်ဆုံး နှင်ထုတ်လိုက်ပြီး ကျော်ထက်အောင်ထွက်သွားသည်နှင့် အခန်းတံခါးအား မြန်မြန်ဆန်ဆန်ပင် အတွင်းမှ လော့ချလိုက်လေ၏။

ခိုနားရာ (Completed)Where stories live. Discover now