48

4.4K 410 65
                                    

Unicode

ဆေးရုံမှဆင်း၍ အိမ်ပြန်ရောက်သော်လည်း မြန်မာပြည်သို့ ချက်ချင်းမပြန်နိုင်သေး။ ခေတ်ကို ဆရာဝန်နှင့်ပြရန်နှင့် အခြားသော လုပ်ဆောင်ဖွယ်ရာများ ကျန်ရှိနေသေးသည်။ ထို့ကြောင့် အခြားလူများကို မြန်မာပြည်သို့ အရင်ပြန်လွှတ်လိုက်ပြီး စေကတော့ ခေတ်အနားတွင်နေခဲ့သည်။ ကိစ္စအားလုံး ပြီးပြတ်သည်နှင့် ခေတ်ကိုပါ ပြန်ခေါ်သွားတော့မည်။

"ခေတ်.. ဆေးသောက်ရအောင်"

လက်ထဲသို့ဆေးထည့်ပေးတော့ လိမ်လိမ်မာမာပင် သောက်ရှာ၏။ ထို့နောက် ရေခွက်ကိုင်‌ပေးထားသည့် စေ့လက်ကို ဖယ်ကာ...

"ကျွန်တော် သောက်တတ်တယ်"

ပုံမှန်ဖျားနာချိန်တွင်တောင် ဆေးရောရေပါ စေကိုယ်တိုင်တိုက်မှ သောက်သူသည် ယခုတော့ စေ့အကူအညီ ယူရမည်ကို တွန့်ဆုတ်နေသည်။

"ခါတိုင်းလည်း ကိုကိုတိုက်နေကျပဲကို"

စေ ခေတ်ရေသောက်ပြီးသည်အထိ စောင့်လိုက်ပြီး ရေခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်ထိုင်‌နေသည့်ခေတ်ကို ပခုံးမှကိုင်ကာ သူ့ဘက်သို့ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ပြီး ခေတ်နဖူးပြင်မှ ဆံစလေးများအား ကစားရင်း...

"အခွင့်အရေးရတုန်း ချွဲစမ်းပါ ခေတ်ရ။ ဒီအခွင့်အရေးက ဘယ်လောက်ပဲ ကြာကြာရမလဲ မသိဘူး။ ကိုကို့ကို ချွဲလို့ရတုန်း ချွဲထားစမ်းပါ"

"လိုင်းဖွင့်လိုက်။ ဒီည တောင်ကြားပြိုင်ပွဲရှိတယ်။ ဘယ်သူတွေပြိုင်မှာလဲ ကြည့်ပေး"

ခေတ်ဆံစလေးများအား ကစားနေသော စေ့လက်ချောင်းတို့ တုန့်ခနဲ ရပ်တန့်သွားရသည်။

"ခေတ်..."

"အဲဒါပဲ ကြည့်ပေး"

စေ သက်ပြင်းချ၍ ဖုန်းကောက်ကိုင်လိုက်သည်။ ထို့နောက် တောင်ကြားပြိုင်ပွဲမှ ပါဝင်ယှဉ်ပြိုင်သူများစာရင်းကိုရှာ၍ ခေတ်ကို ဖတ်ပြသည်။ နာမည်ဖတ်လိုက်.. စိုးရိမ်ခြင်းအပြည့်နှင့် ကရုဏာသက်စွာ ခေတ်ကိုကြည့်လိုက်။ ထို့နောက် လူနှစ်ဦးသာရှိသော အခန်းလေး ခေတ္တ တိတ်ဆိတ်သွားပြန်၏။

ငြိမ်သက်‌နေသော ခေတ်၊ တိတ်ဆိတ်နေသော ခေတ်နှင့် ခေတ်မျက်နှာထက် အကြည့်တို့ ကျောက်ချကာ ခေတ်အတွေးတို့ကို လိုက်ဖမ်းနေပါသော စေ။ ခေတ္တအကြာ အပြုံးချိုချိုနှင့် စေ့ထံမှ စကားသံ ထွက်ပေါ်လာ၏။ ခေတ် မမြင်ရသော်လည်း သူကတော့ ပြုံးပြနေဆဲ။

"ကိုကိုတို့ လမ်းဆင်းလျှောက်ရအောင် ခေတ်"

"မလျှောက်ချင်ဘူး"

"ဒီလိုအခန်းထဲမှာချည်း နေလို့ ဘယ်ဖြစ်မလဲ ခေတ်ရ။ အညောင်းမိပြီး ကျန်းမာရေးထိခိုက်မှာပေါ့။ အပြင်ထွက်ပြီး နေရောင်လေးခံရင်း လေကောင်းလေသန့်လေး ရှူရအောင်"

"ဟင့်အင်း"

"ခေတ်က လိမ္မာပါတယ်။ ကိုကိုတို့ အပြင်ခဏထွက်ရအောင်နော်။ ဆေးရုံက ဆင်းကတည်းက နေမထိ၊ လေမထိ ဒီအခန်းထဲမှာပဲ နေနေတာ ကျန်းမာရေးအတွက် မကောင်းဘူး။ ကိုကိုနဲ့ လမ်းလျှောက်ရအောင်နော်"

"မလျှောက်ချင်ဘူး။ အပြင်မထွက်ချင်ဘူး"

စေ သက်ပြင်းမောကို ချလိုက်ပြီး...

"မထွက်ချင်လို့ ဘယ်ဖြစ်မလဲ ခေတ်ရ။ စားလည်း ဒီအခန်းထဲ၊ အိပ်လည်း ဒီအခန်းထဲ၊ နေလည်း ဒီအခန်းထဲ၊ ဒီလိုနဲ့ နေရောင်ခြည်လည်းမရ၊ လေကောင်းလေသန့်လည်း မရနဲ့ ခေတ်ကျန်းမာရေး ထိခိုက်လာမှာပေါ့။ ခေတ်က နားလည်ရဲ့သားနဲ့ကွာ။ ကိုကိုနဲ့ လမ်းလျှောက်ရအောင်‌နော်"

ဆေးရုံဆင်း၍ အိမ်ပြန်ရောက်သည့် အချိန်ကတည်းက ယခုထိ အခန်းထဲမှ အခန်းပြင် မထွက်သော ခေတ်ပါလေ။ ထမင်းစားလျှင်ပင် အခန်းထဲသို့ ပို့ပေးရသည်အထိ အပြင်ထွက်ရန် တင်းခံနေဆဲ ဖြစ်သည်။ ဤသို့ ခေါင်းဆက်မာနေလျှင် ခေတ်ကျန်းမာရေး ထိခိုက်မည်မှာ မလွဲမသွေပင်။

"ဆယ့်ငါးမိနစ်ပဲလေ။ ဆယ့်ငါးမိနစ်ဆို ရပြီ။ ကိုကိုလမ်းလျှောက်ချင်လို့ ကိုကိုနဲ့အတူ ဆယ့်ငါးမိနစ်ပဲ လျှောက်ပေး။ ခေတ် ice-cream sandwich ကြိုက်တယ်မလား။ လမ်းလျှောက်ပြီး ဝယ်ကျွေးမယ်"

ခေတ္တစဉ်းစားနေပုံလေးက အသည်းတယားယား ပါးလေးတွေ ဆွဲဖဲ့ပစ်ချင်စရာ။

"ice-cream များများ"

"ဟုတ်ပြီ.. ice-cream များများ။ ဒါဆို ဆယ့်ငါးမိနစ် လမ်းလျှောက်ဖို့ သဘောတူလား"

"Deal"

"အိုကေ ထ။ ဒါဆို အဝတ်အစားလဲရအောင်"

လက်ကိုဆွဲကာ ခေါ်လာတော့လည်း အသာတကြည် လိုက်ပါလာ၏။ လိမ္မာသည့် ခေတ်ကလေးပါပင်။ စိတ်အတက်အကျမြန်သောအချိန်ကို ကလေးငယ်နှင့်အတူ အကောင်းဆုံး ဖြတ်ကျော်ရမည်။

အဝတ်အစားလဲပြီး၍ အင်္ကျီကော်လံကို အနည်းငယ်ပြင်ပေးတော့...

"ကိုကို ကျွန်တော့်ကို ဘာရောင်ဝတ်ပေးထားလဲ"

"မီးခိုးရောင်အကွက်ကျဲလေး။ ခေတ် ခဏခဏဝတ်တယ်လေ"

"ဪ သိပြီ။ ကျွန်တော့်ကို အသစ်တွေဝတ်မပေးနဲ့နော် ကိုကို။ စိတ်ထဲမှာ ပုံဖော်လို့ မရမှာစိုးလို့"

စေ ခေတ်မျက်နှာလေးအား သနားကြင်နာစွာသာ ကြည့်မိရတော့သည်။

"အသစ်ဝတ်လည်း ဘာဖြစ်လဲ။ ကိုကိုက ပြောပြမှာပေါ့။ ပြီးတော့ ဒီလို..."

စေ ကြိုတင်ပြင်ဆင်ထားသည့် video recorder လေးအား အလုပ်ပေးလိုက်၏။

"ကိုကိုဘာလုပ်နေတာလဲ"

"ခေတ်ကို မှတ်တမ်းတင်နေတာလေ။ ခေတ်ရဲ့ နေ့ရက်တိုင်းကို မှတ်တမ်းတင်ထားမယ်။ နောက်တော့ ပြန်ကြည့်လို့ရတာပေါ့"

"မလုပ်နဲ့"

ကလေးငယ်သည် စေရှိရာအရပ် စမ်းတဝါးဝါးလျှောက်လာရင်း သူ့ကို မှတ်တမ်းယူနေသည်ကို တား၏။ မည်သို့သော မှတ်တမ်းတစ်စုံတရာကိုမျှ သူ မချန်ထားချင်ပါ။ အိမ်ပြန်နောက်ကျခဲ့သော ညတစ်ညအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးကို မည်သူ့ကိုမျှ အမှတ်ရမနေစေချင်ပါ။

"ကိုကို.. အခုချက်ချင်း ရပ်"

ခေတ် လက်သီးဆုပ်၍ ဒေါသတကြီး အော်ပစ်လိုက်သည်။

သူက ပြန်မြင်နိုင်ဦးမှာမလို့လား။ ပြန်မြင်နိုင်မှာ သေချာလို့လား။ သေတဲ့အထိ ဘယ်အရာကိုမှ နောက်တစ်ကြိမ် ပြန်မမြင်နိုင်တော့တာလည်း ဖြစ်နိုင်တာပဲလေ။ မျက်ကန်းဘဝနဲ့ သေသွားခဲ့ရင် ဒါတွေက ဘယ်သူကြည့်ဖို့လဲ။ သတိုးခေတ်ဆိုတာ မျက်စိမမြင်ရတဲ့ မှောင်မဲနေတဲ့ကမ္ဘာက လူတစ်ယောက်ဆိုတာ သက်သေကျန်ဖို့လား။

သူကတော့ မိသားစုကိုရော၊ ကိုကို့ကိုရော၊ သူငယ်ချင်းတွေကိုရော၊ ချစ်ခင်ရသူတွေကိုရော၊ စကိတ်တွေကိုရော ဘာဆို ဘာမှ၊ ဘယ်အရာကိုမှ နောက်တစ်ကြိမ်ပြန်မမြင်နိုင်တော့ဘဲလေ။

သူ့ဘဝက ဒီလိုနဲ့ပဲ အဆုံးသတ်သွားတော့မှာဆို အဲဒီမှတ်တမ်းက ဘာလုပ်ဖို့လဲ။ ကန်းနေတဲ့သူ့ပုံကို ပြန်ကြည့်ပြီး လှောင်ရယ်နေကြဖို့လား။ သူ့ကို သနားတဲ့မျက်လုံးတွေနဲ့ ကြည့်ကြမလို့လား။ သူ့ကို သနားခံဘဝရောက်အောင် တွန်းပို့ကြဖို့လား။

ဖြစ်နိုင်ရင် သူကတော့ အဲဒီညကို သူ့ဘဝထဲက ဖျောက်ဖျက်ပစ်ချင်တာ။ စာရွက်ပေါ်‌မှာသာဆို ခဲဖျက်နဲ့ ဖျက်ပစ်လိုက်ချင်တာ။ ကတ်ကြေးနဲ့ ညှပ်ထုတ်ပစ်လိုက်ချင်တာ။ ဒါပေမဲ့ ကိုကိုကတော့ ဗီဒီယိုမှတ်တမ်းတောင် ယူနေသတဲ့လား။ သူ့ခံစားချက်ကို နည်းနည်းလေးမှ ထည့်မစဉ်းစားဘူးလား။ ဒီဘဝအချိုးအကွေ့ကြီးကို ဘယ်သူက အမှတ်ရနေချင်မှာလဲ။ သေရင်တောင် ပြန်ကြည့်သွားရဖို့ မသေချာတဲ့ ဒီမှတ်တမ်းကို ဘာအတွက် ထားခဲ့ရမှာလဲ။

သူသေသွားခဲ့ရင် ကန်းနေတဲ့သူ့ရဲ့မှတ်တမ်းကိုကြည့်ပြီး အလွမ်းဖြေနိုင်ဖို့လား။ မျက်ကန်းတစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းကို ဖျက်ပစ်ကြမှာပဲ မဟုတ်ဘူးလား။ အချိန်ကြာလာတာနဲ့ အမေ့လျော့ခံဖြစ်သွားမှာ မဟုတ်ဘူးလား။

ခေတ် အံကိုကြိတ်၍ လက်သီးကိုဆုပ်ထားပုံမှာ လက်သည်းများပင် လက်ဖဝါးထဲသို့ ထိုးဖောက်နစ်ဝင်တော့မည်။ ပါးပြင်ထက်တွင်လည်း ပူနွေးစိုစွတ်သည့် မျက်ရည်များက သူ့ထက်ငါ အပြိုင် စီးဆင်းနေကြပြီ။

နိမ့်ချည်မြင့်ချည်ရင်ဘတ်နှင့်အတူ လည်ချောင်းမှထွက်နေသည့် တအင်းအင်းအသံများမှာ သူ့ကိုယ်သူ စိတ်လျှော့ကာ ဒေါသကို မျိုချနေခြင်းလား..၊ နာကျင်မှုကို တိုက်ထုတ်နေခြင်းလား..၊ စိတ်ပျက်ရမှုကို သည်းခံနေခြင်းလား..၊ သို့တည်းမဟုတ် ဝမ်းနည်းအားငယ်မှုများပေလား။

တုန်ယင်နေသည့် ခန္ဓာကိုယ်လေးသည် ထိုနေရာမှ ခြေတစ်လှမ်းပင် မရွေ့နိုင်တော့စွာ ကျောက်ရုပ်ပမာ တည်ရှိနေ၏။

"ခေတ် မငိုနဲ့ မငိုနဲ့"

"မှားသွားပါတယ်.. ကိုကိုမှားသွားပါတယ်။ မငိုပါနဲ့ ခေတ်ရာ နော်"

စေ ခေတ်မျက်ရည်များကို သုတ်ဖယ်ပေးရင်း တောင်းပန်စကား တတွတ်တွတ်ဆိုနေ၏။ ထို့နောက် ဆုပ်ထားသော ခေတ်လက်သီးများကို ဖြည်ပေးလေ၏။ ခေတ်လက်မောင်းတစ်လျှောက် ဖွဖွဆုပ်ကိုင်ကာ တုန်ယင်နေသည့် ကိုယ်လုံးလေးကို ပွေ့ဖက်ထားလိုက်၏။ သူ့မျက်ဝန်းများမှလည်း ကလေးငယ်မမြင်နိုင်သည့် ပူနွေးမှုများ စီးဆင်းနေသေး၏။

"ခေတ် ကိုကိုမှားသွားပါတယ်။ ကိုကိုမှားသွားပါတယ်။ ကိုကိုတောင်းပန်ပါတယ်။ တကယ်ဆို ခေတ်ကို အရင်မေးလိုက်သင့်တာ။ ကိုကို့ဘာသာဆုံးဖြတ်လိုက်မိလို့ တောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူး။ ကိုကိုကတိပေးတယ်"

ကျောက်ရုပ်လေးသည် ကျောက်သားရုပ်ပမာ တစ်လှမ်းချင်းရွေ့ကာ အိပ်ရာပေါ်သို့ လှဲချလိုက်၏။ ထို့နောက် ကိုယ်လုံးလေး လှိမ့်ကာရွေ့ကာဖြင့် တဖြည်းဖြည်း ပုစွန်တုပ်လေးပမာ ခပ်ကွေးကွေး‌လေး ဖြစ်သွားရှာ၏။

နှုတ်ဆိတ်ကာ..

တိတ်ဆိတ်စွာ..

မျက်ရည်များက ရေအလျဉ်ပမာ။

စေ ကွေးကွေးလေးအိပ်နေသော ခေတ်နောက်မှ နေရာယူလိုက်သည်။ ထို့နောက် ကလေးငယ်ကို အပေါ်မှအုပ်မိုး၍ ပါးပြင်ချင်းအပ်၊ ကလေးငယ်ခါးတွင် လက်ချင်းယှက်ကာ...

"ခေတ် ကိုကိုရှိတယ်။ ခေတ် စိတ်ပျက်အားငယ်နေစရာမလိုဘူး။ ကိုကိုရှိတာမလို့... ကိုကိုက အားလုံးအဆင်ပြေအောင် လုပ်ပေးမှာမလို့... ကိုကို့ကိုပဲ ယုံထား နော်။ ခေတ်မျက်လုံးတွေ ပြန်မြင်စေရမယ်"

"ကျွန်တော်က တကယ်ရော ပြန်မြင်ရပါဦးမလား"

စေ ခေတ်နားထင်လေးထက် ဖွဖွနမ်းလိုက်သည်။ ထို့နောက် ပါးချင်း ပြန်အပ်လိုက်ပြီး...

"ကိုကို့ကိုပဲ ယုံထားပါ"

"တကယ်လို့ တစ်သက်လုံး ပြန်မမြင်ရတော့ဘူး ဆိုရင်ရော"

"မြင်ရမှာပါ။ မြင်ရမှာ။ အချိန်လေးပဲ စောင့်ပေးပါ"

"ကိုကို လူတွေက ကျွန်တော့်ကို ဘယ်လိုမြင်နေကြလဲ။ သနားစရာလူတစ်ယောက်လို မြင်နေကြလား"

"ဘာလို့ ဂရုစိုက်နေမှာလဲ။ သူများအမြင်ကို ဂရုစိုက်တာ သတိုးခေတ်မှ မဟုတ်တာ"

"ဒါဆို ကိုကိုကရော။ ကိုကို ကျွန်တော့်ကို သနားနေတယ်မလား"

"ကိုကိုကလား"

"အင်း"

"ခေတ်ကို ဘယ်လိုချစ်ပေးရမလဲပဲ စဉ်းစားနေတယ်"

စေ ကလေးငယ် ကိုယ်လေးကို သူ့ဘက်သို့ ဆွဲလှည့်ကာ တင်းကြပ်စွာ ထွေးဖက်ထားလိုက်ပြီး...

"ခေတ်ကို တစ်သက်လုံး ဒီလိုလေး ဖက်ထားချင်တယ်လို့ပဲ တွေးနေတယ်"

"ကျွန်တော့်ကို သနားစရာကောင်းတယ်လို့ မမြင်ဘူးလား။ ကျွန်တော်က မျက်စိမမြင်တဲ့ ဒုက္ခိတတစ်ယောက်လို့ရော မမြင်ဘူးလား"

"သေချာနားထောင်နော် ခေတ်။ ခေတ် မျက်စိမြင်ရရ၊ မမြင်ရရ ကိုကို့အတွက် ခေတ်က ခေတ်ပဲ။ ငယ်ငယ်‌လေးကတည်းက ခေတ်လက်ကလေး ထိခိုက်မိသွားရင်တောင် ကိုကိုက အပြေးအလွှား အာပူမှုတ်ပြီး ဥုံဖွ လုပ်ပေးခဲ့တာ။ ခေတ်ကို ဦးဦးက ဆူရင်တောင်၊ ထမင်းစားတဲ့အခါ ခေတ်ကြိုက်တဲ့ဟင်း မပါရင်တောင်၊ ခေတ်လုပ်ချင်တာတွေကို လူကြီးတွေက လုပ်ခွင့်မပေးတဲ့အချိန်တွေမှာတောင် ကိုကိုက ခေတ်ကို သနားခဲ့တာ။ အခု ကိုကိုက ခေတ်ကို မသနားဘူးလို့ပြောရင် ခေတ် ယုံမှာလား။

... ဒါပေမဲ့ ခေတ်ကို သနားစရာလူသားတစ်ယောက်လို့တော့ မမြင်ပါဘူး။ ကိုကို့ခေတ်လို့ပဲ မြင်တယ်။ ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး ခေတ်အနားမှာ အမြဲတမ်းကပ်နေမယ်။ ခေတ်ရဲ့ အရာရာမှာ ကိုကိုပါဝင်နိုင်အောင် ကြိုးစားမယ်။ ကိုကို့နေ့ရက်တွေကို ခေတ်နဲ့အသက်သွင်းမယ်။

... အရင်ကဆို အလုပ်တွေပဲ လုပ်နေရလို့ ခေတ်အနားမှာ အမြဲနေမပေးနိုင်ဘူး။ အခု တချို့အလုပ်တွေကိုလည်း လွှတ်ချလိုက်ပြီ။ ကိုကိုက ခေတ်အနားမှာနေပြီး အဝေးကနေ စီမံပေးရုံပဲ။

... အဲဒါကြောင့် အခုကစပြီး ခေတ်အနားမှာပဲ နေတော့မှာ။ ခေတ် ကိုကို့ကို ပိုချစ်လာအောင် ကြိုးစားတော့မှာ။ သနားစရာကောင်လေးလို့ မမြင်ဘဲ ငယ်ငယ်ကလို ခေတ်ကို ထိန်းရတော့မှာမလို့ သတိုးခေတ်ပေါက်စလေးလို့ပဲ မြင်နေတယ်။ စကားတတ်တဲ့ ခေတ်၊ ကိုကို့ကို အနိုင်ကျင့်တဲ့ ခေတ်ပေါက်စလေးလို့လေ"

"ကိုကို.. အခုဆိုလေ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရူးနေပြီ ထင်နေတာ။ တစ်ခါတလေ စိတ်ကောင်းဝင်ပြီး တစ်ခါတလေကျ အလိုလိုနေရင်း ဒေါသတွေ ထွက်လာတယ်။ အဲလိုအချိန်ဆို ကျွန်တော်ဘာလုပ်ရမလဲ တကယ်မသိဘူး။ ကျွန်တော် တကယ်ကို ထွက်သွားလိုက်ချင်ပြီ။ အသက်ရှင်နေရတာကိုက..."

"မပြောနဲ့ ခေတ်။ အဲလိုအတွေးမျိုး မတွေးနဲ့။ ခေတ်‌တကယ်တွေးရမှာက မျက်လုံး မမြင်ရတာနဲ့ အရာအားလုံး ဆုံးရှုံးသွားတာ မဟုတ်ဘူး။ ခေတ် လုပ်လို့ရတဲ့ အရာတွေ ရှိသေးတယ်။ ခေတ် စာရေးလို့၊ စာဖတ်လို့ ရသေးတယ်။ မျက်မမြင်စာ သင်လို့ရတယ်။ ခေတ် ရေကူးလို့ရတယ်။ ခေတ် လုပ်လို့ရတဲ့ အားကစားတွေ ရှိတယ်။ အနုပညာကို ခံစားလို့ရတယ်။ ဖန်တီးလို့ရတယ်။ ဒီကမ္ဘာမှာ ခေတ်လုပ်လို့ရတာတွေ အများကြီးပဲ။ အဲဒါတွေကို ကိုကိုနဲ့အတူ လုပ်ကြည့်ကြမယ်"

"စကိတ်တော့ စီးလို့မရတော့ဘူးပေါ့"

စေ ကလေးငယ် ဦးခေါင်းထက် အနမ်းဖွဖွ ပေးလိုက်ပြီးနောက်...

"စီးချင်တဲ့စိတ်ကို အောင့်ထားပြီးတော့ ပြန်စီးလို့ရတာနဲ့ ကိုကို့ကို trick လှလှလေးတွေ လုပ်ပြဦး။ ခေတ်က စကိတ်နတ်ဘုရားလေးပဲ။ စကိတ်နဲ့သတိုးခေတ် အကြာကြီး ဝေးကွာလို့မရပါဘူး။ ကိုကိုတို့ မျှော်လင့်ချက် ထားကြည့်ရအောင်"

"ကိုကို"

မျက်လုံးမှိတ်ထားသည့်ကလေးထံမှ ခေါ်သံလေးက တည်ငြိမ်စွာ။

"ကျွန်တော် မျက်လုံးပြန်မြင်ချင်တယ်။ ဒါပေမဲ့ ကိုကို ကျွန်တော့်ကို ကတိတစ်ခုပေးပါ"

"ဘာကတိလဲ"

"ကိုကို့မျက်ကြည်လွှာနဲ့တော့ ကျွန်တော် ပြန်မမြင်ပါ‌ရစေနဲ့"

"ခေတ်"

"ကိုကို ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကိုကို့မျက်ကြည်လွှာနဲ့တော့ ကျွန်တော်ပြန်မမြင်ချင်ဘူး။ အဲလိုဆို ကိုကိုရော ကျွန်တော်ရော သေသွားတာပဲ အဖက်တင်လိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့်ကို ကတိပေးပါ။ ကိုကို့မျက်ကြည်လွှာနဲ့ ပြန်မမြင်စေရဘူးဆိုတဲ့ကတိ ပေးပါ"

"ခေတ် ကိုကိုက ခေတ်အတွက်..."

"ကတိပေးပါ။

... ကျွန်တော်အသက်ရှင်နေတာ ကိုကို့ကို ပြန်မြင်ချင်သေးတာကြောင့်မလို့၊ တကယ်လို့ အလှူရှင်ပေါ်လာလို့ ပြန်မြင်ရခဲ့ရင် အရင်ဆုံးမြင်ရတဲ့လူက ကိုကိုဖြစ်ချင်တယ်။ ပြီးတော့ ကျွန်တော်သိတဲ့ ဘယ်သူ့ရဲ့မျက်ကြည်လွှာကိုမှ လက်မခံနိုင်ဘူး"

"ခေတ်လည်း ကိုကို့ကို ကတိတစ်ခုပေးနိုင်မလား။ ခေတ် လက်မလျှော့လိုက်ပါဘူးဆိုတဲ့ ကတိ။ ခေတ်အတွက် မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိုကိုတို့အနာဂတ်အတွက် ကိုကို့လက်ကိုဆွဲပြီး အားတင်းပေးထားလို့ရမလား။ ကိုကို့ကို ဒီကတိတစ်ခုတော့ ပေးနိုင်မလား။

... ဟင် ခေတ်"

ကလေးငယ်သည် သက်ပြင်းချကာ တိုးဖွဖွ ဆိုလာခဲ့သည်။

"အခုလည်း ကိုကိုကြောင့်ပဲ အားတင်းထားတာ မဟုတ်ဘူးလား"

"ကတိပေးပါ။ ကတိတည်ပါ"

"အင်း ကိုကိုပေးရင် ကျွန်တော်လည်း ပေးတယ်။ ကိုကိုတည်ရင် ကျွန်တော်လည်း ကတိတည်မယ်"

"ကိုကို ကတိပေးတယ်။ ခေတ်မျက်လုံးပြန်မြင်ရတဲ့အချိန် ပထမဆုံးမြင်ရတဲ့လူက ကိုကိုဖြစ်စေရမယ်။ ခေတ်ရဲ့အနာဂတ်မှာလည်း ကိုကိုက အမြဲအတူ ရှိနေပေးမယ်"

"ဒါပေါ့၊ ကိုကိုက ကျွန်တော့်အပိုင်ပဲ"

ယုံကြည်မှုအပြည့်နှင့် ခေတ်အသံကြောင့် စေ့နှုတ်ခမ်းများထက် အပြုံးတစ်ပွင့် ဖြစ်တည်လာရ၏။

"ဟုတ်တာပေါ့.. ကိုကိုက ခေတ်အပိုင်ပဲလေ"

ကိုကိုကတိပေးပါတယ်။ ခေတ်အတွက် နွေးထွေးလုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်‌စေရမယ်လို့ ကတိပေးတယ်။ ခေတ်အနားမှာ အမြဲရှိနေပါ့မယ်။

ကလေးငယ်သည် သူ့ရင်တွင်းစကားကို ကြား၍ထင်... ရင်ခွင်ထဲသို့ ပို၍ ပိုကာ တိုးဝင်လာ၏။

ကျွန်တော့်အတွက် ကိုကို့ရင်ခွင်က အလုံခြုံအနွေးထွေးဆုံးပဲ။

ခိုနားရာ (Completed)Kde žijí příběhy. Začni objevovat