4

8.6K 845 119
                                    

Unicode


"ခေတ်ရေ.. ကိုကိုလာပြီ"

နောက်တစ်နေ့ နေ့လယ်တွင်တော့ သားစေတို့ ပုံပြင်စာအုပ်ကလေးကိုင်ကာ ခေတ်ဆီသို့ လိုက်လာခဲ့ပြီ။ ခေတ်လည်း အသံလာရာဆီသို့လှည့်ကြည့်ပြီး တအင်းအင်းအသံပြုကာ သားစေဆီသို့ လေးဘက်ထောက်ကလေး ပြေးလာသည်။ ခေတ်သည် သားစေကိုတော့ တော်တော်သဘောကျပုံရသည်။

"သားစေ.. ဒါသားအိပ်ချိန်မဟုတ်ဘူးလား။ မာမီက မအိပ်ခိုင်းဘူးလား"

"အိပ်ခိုင်းလို့ကိုမရဘူး နန်းရေ။ မနေ့ညက သူ့ဒယ်ဒီဖတ်ပြတဲ့ပုံပြင်ကို ခေတ်ကို ပြန်ဖတ်ပြချင်လို့ပါဆိုပြီး ပလီနေလို့ လိုက်ပို့ရတယ်"

နန်းသူဇာက သားစေကိုမေးတော့ နောက်မှလိုက်ဝင်လာသည့် ဒေါ်ထက်ထက်လှိုင်က ဖြေ၏။

"နန်းလည်း မေမေတို့ရောက်နေတာနဲ့ တစ်မနက်လုံး သားစေဆီမလာဖြစ်ဘူး"

ယောက်မမြင်းစီးထွက်သည့်သမီးဟု စိတ်ဆိုးမာန်ဆိုးနှင့် ပစ်ထားသည့် နန်းသူဇာမိခင်သည်လည်း မြေးလေးရသည်နှင့် ရောက်လာတော့သည်။ သမီးကိုစိတ်ဆိုးသော်လည်း မြေးကိုတော့ ချစ်ရှာသည်။ မြေးလေးကြီးလျှင် သူတို့နေသည့် L.A.(Los Angeles) သို့ ခေါ်ထားမည်ဟုပင် ပြောနေသေးသည်။

လူကြီးနှစ်ယောက် စကားကောင်းနေကြသလို ကလေးနှစ်ယောက်သည်လည်း ပုံပြောသူကပြော၊ နားထောင်သူကထောင်နှင့် အပေးအယူမျှနေကြသည်။

သားစေက ဝမ်းလျားမှောက်လျက် ပုံပြင်စာအုပ်မှ အရုပ်များကို လက်ညှိုးလေးနှင့် ဝိုင်းကာဝိုင်းကာ ဖတ်ပြနေပြီး ခေတ်က သားစေဖတ်ပြနေသည့် ပုံပြင်စာအုပ်ကို လက်ဝါးလေးဖြင့် တဖက်ဖက်ပုတ်ရင်း ပုံပြင်နားထောင်နေသည်။ သားစေပြောသမျှကိုလည်း တအာအာ တဘာဘာ တဝါဝါ တအင်းအင်းဖြင့်လည်း ထောက်ခံပေးနေ‌သေး၏။

******

"ခေတ် ငြိမ်ငြိမ်နေစမ်းပါ"

အခန်းထဲတွင် သားစေက စာရေးနေပြီး ခေတ်ကတော့ စာရေးစားပွဲခုံပုလေးကို အားပြုကာ မတ်တပ်ရပ်ရပ်နေသည်။ သူ့ကိုဆွဲချပြီး ထိုင်ခိုင်းထားလိုက်.. သူက မတ်တပ်ပြန်ရပ်လိုက်နှင့် သားစေမှာ စာကောင်းကောင်းမရေးရ။ ရပ်ချင်ရပ်ပါစေဆိုပြီး လွှတ်ထားလျှင်လည်း သူ့ညီလေးက လဲကျသွားလျှင် သူ့အား မျက်ရည်ဝိုင်းနေသည့်မျက်လုံးရွဲကလေးများဖြင့် သနားစဖွယ် မော့ကြည့်တတ်သေးသည်။

"မာမီ.. ခေတ်က ပြောလို့မရဘူး၊ ငြိမ်ငြိမ်ထိုင်နေပါဆိုလည်း မထိုင်ဘူး"

သူ့ဘာသာသူနေသည့်ကလေးကို အိမ်တိုင်ရာရောက်သွားခေါ်တာတုန်းကလည်း သူပဲ။ ပြောမရသည့်အခါ အတိုင်အတောထူသူကလည်း သူပါပဲ။

"သွား မင်းပြန်တော့။ ငြိမ်ငြိမ်လည်း မနေဘူး"

စိတ်မရှည်တော့သည့်အဆုံး အော်ပြီး အိမ်ပြန်ခိုင်းလိုက်တော့ မတ်တပ်ရပ်နေသည့်ခေတ်က သားစေကို ကြည့်ကာ အောက်သွားငုတ်စိလေးနှစ်ချောင်းနှင့် ရယ်ပြ‌လာ၏။

"မြှူနေတာမဟုတ်ဘူးဗျ.. ပြန်ခိုင်းနေတာ"

ခစ်ခစ်.. ခစ်.. ခစ်.....

"ဘာလို့ရယ်နေတာလဲ.. အိမ်ပြန်ပါတော့ဆို"

ခစ်ခစ်.. ခစ်.. ခစ်.....

"ပြန်တော့.. ပြန်တော့.. ပြန်တော့လို့.. မရယ်နဲ့လို့"

ခစ်ခစ်.. ခစ်.. ခစ်.....

ခေတ်ကိုစိတ်မရှည်တော့၍ မာမီ့ကိုပင် လှမ်းတိုင်နေသော သားစေသည် ယခုတော့လည်း တခစ်ခစ်ရယ်နေသည့်ခေတ်ကို ဆွဲလှဲပြီး ပက်လက်လေးလှန်ကာ ကလိထိုးရင်း ခေတ်၏ရယ်သံအား အားဖြည့်ပေးနေပါတော့သည်။

"ငြိမ်ငြိမ်နေမှာလား မနေဘူးလား ဟင်၊ စကားနားထောင်မှာလား မထောင်ဘူးလား"

ခစ်ခစ်.. ခစ်.. ခစ်....

ထိုအချိန်က ခေတ်၏ တခစ်ခစ်ရယ်သံလေးနှင့် အောက်သွားလေးနှစ်ချောင်းသည် တည်မြဲစေ၏ အားနည်းချက်လေး ဖြစ်ခဲ့ရသည်။

******

"မေနန်း သားရော"

ခေတ်ကိုကျွေးနေသည့်ဖြည့်စွက်စာကို သူပါ တောင်းစားနေသော သားစေ။ တကယ်ကျွေးလျှင် တကယ်စားမှာမဟုတ်မှန်း သိသည့်အတွက် နန်းသူဇာ ဇွန်းကလေးအား ရှေ့တိုး၍ သားစေကို ခွံ့မည်ဟန်ပြင်လိုက်သည်နှင့်...

ဖက်!

ခေတ်၏ လက်ဝါးက သားစေမျက်နှာနှင့် မိတ်ဆက်လျက်သား။

"အား ရိုက်တယ်။

... မာမီ.. မာမီ.. ခေတ်က သားကို လာရိုက်တာ ဖက် တဲ့၊ ဟီးဟီး နာလည်း မနာဘဲနဲ့"

မျက်နှာအရိုက်ခံရသည်ကိုပင် တဟီးဟီးနှင့် သဘောကျနေသည့် သားစေပါပင်။

"ကိုကို့အရုပ်တွေကျ ပေးရတယ်နော်၊ ကိုကို့ကျ မကျွေးချင်ဘူး"

သူက ခေတ်ရင်ခွင်ထဲ ခေါင်းအတင်းတိုးဝင်လေ ခေတ်က သူ့ခေါင်းအား ပြန်တွန်းလေ။

"သားစေရေ.. ညီလေးကို အစားကောင်းကောင်းစားပါစေ.. ကလေးကို သွားမရှုပ်စမ်းပါနဲ့"

ဒေါ်ထက်ထက်လှိုင် ပြောလည်း ပြောပြောပါပင်။ သားစေတို့က ညီလေးဗိုက်ပေါ် ခေါင်းတင်ရန်သာ အားသန်နေသည်။

"အေး သူအစားကောင်းကောင်းမစားရရင် ညီလေးက သားကို မချစ်တော့ဘဲ နေလိမ့်မယ်နော်"

"ဟင်"

"ဟုတ်တယ်.. သူ့ကို နှောင့်ယှက်ရင် ခေတ်လေးက ကိုကို့ကို မချစ်တော့ဘူးတဲ့"

"ဟုတ်လား ခေတ်"

မိခင်စကားကို အတည်ပြုရန် ခေတ်အားမေးတော့ ဖြည့်စွက်စာ တမြုံ့မြုံ့ဝါးနေသည့်ခေတ်က ဆတ်ခနဲ ခေါင်းညိတ်၏။ သားစေတို့ ပျာယာခတ်ချေပြီ။

"ခေတ် ကိုကို့ကို ချစ်လား၊ ကိုကို့ကို ချစ်ရင် ခေါင်းညိတ်ပြ"

ခေတ် ခေါင်းခါသည်။

"ဒါဆို ကိုကို့ကို မချစ်ဘူးလား၊ မချစ်ဘူးဆို ခေါင်းညိတ်ပြ"

ခေတ် ခေါင်းညိတ်ပြသည်။

"ခေတ် ကိုကို့ကို ချစ်လား မချစ်ဘူးလား"

ကလေးအား ‘ချစ်လား မချစ်ဘူးလား' အဆက်မပြတ်မေးနေသည့် သားစေနှင့် ခေါင်းညိတ်ခေါင်းခါကို သားစေဖြစ်စေချင်သည်နှင့် ဆန့်ကျင်ဘက် တုန့်ပြန်နေပါသည့် ခေတ်။ နောက်ဆုံး သားစေ ငြိမ်သွားလေပြီ။ အသံတိတ်သွားသည်နှင့်တပြိုင်နက် နှုတ်ခမ်းလေးမဲ့ မျက်ရည်လေးဝဲလာကာ ညီလေးကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေပါတော့သည်။

ထို့နောက် ထိုင်ရာမှ ထလာကာ မာမီ့ရင်ခွင်ထဲ ကုတ်ဖက်တက်၍ ဝင်လာပြီး မာမီ့လည်ပင်းအား ဖက်လျက် မျက်နှာလေးပါ ကပ်လာကာ ငိုသံပါပါ အသံပိစိလေးဖြင့်...

"မာမီ.. ခေတ်က သားကို မချစ်ဘူးတဲ့"

ပြောရင်း မျက်ရည်များ စီးကျလာကာ တဟင့်ဟင့်ငိုပါတော့သည်။

"အဟင့်အဟင့် ခေတ်က သားကို မချစ်ဘူးတဲ့ ဟင့်..ဟင့်..ဟင့်"

မျက်လုံးလှလှကို ဝန်းရံထားသော မျက်တောင်ရှည်ရှည်တို့မှာ မျက်ရည်တို့ဖြင့် စိုစွတ်လျက်...။

"မာမီ.. ခေတ်က သားကို ဘာလို့မချစ်တာလဲ"

မိခင်ကျွေးနေသည့်ဖြည့်စွက်စာကို ဝါးနေသည့် ခေတ်ကလည်း ငိုနေသည့်သူ့ကိုကိုကို လှမ်းကြည့်လျက်။

"ချစ်ပါတယ်၊ ချစ်လို့ ဟိုမှာ ကိုကိုငိုတာကို ကြည့်နေတာပေါ့"

"မချစ်ဘူး၊ ခေတ်က ချစ်ရင်ခေါင်းညိတ်လို့ပြောတာကို မညိတ်ဘူး၊ မချစ်ရင် ခေါင်းညိတ်လို့ပြောတာကျ ညိတ်တယ်"

"အဲဒါ သားကိုချစ်လို့ပေါ့၊ သားငယ်ငယ်တုန်းကလည်း အဲလိုပဲ.. မာမီ့ကိုချစ်ရင် ခေါင်းညိတ်ပြဆို မညိတ်ဘူး၊ မချစ်ရင် ခေါင်းညိတ်ပြဆိုမှ ညိတ်တာ။ ခေတ်ကလေ သားငယ်ငယ်ကနဲ့ တစ်ပုံစံတည်းဆိုမှ တစ်ပုံစံတည်းပဲ"

နောက်ဆုံး ‘သားငယ်ငယ်တုန်းကလည်း အဲလိုပဲ။ ခေတ်က သားငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲ' ဟု ပြောမှပင် ကျေနပ်ကာ အငိုတိတ်သွားတော့သည်။ သည်တော့လည်း မိခင်ရင်ခွင်ထဲမှ လျှောဆင်းကာ အပြေးအလွှား သွားကာ မွှေးကြူလိုက်သည်က နို့နံ့သင်းနေသည့် ပါးဖောင်းဖောင်းကလေးများ။

"ခေတ်က ကိုကိုနဲ့တူတာတဲ့”

******

"ဒီမှာလေ.. ဒီမှာလေ.. မီအောင်လိုက်နိုင်ရင် လိုက်ခဲ့လေ"

တဒေါက်ဒေါက်နှင့် လမ်းလျှောက်တတ်နေပြီဖြစ်သော ခေတ်ကို သားစေက သူ့အား လိုက်ဖမ်းခိုင်းနေခြင်း။

သားစေဆိုသည်မှာလည်း ခေတ်မပါလျှင် အိမ်ကိုမပြန်။ ခေတ်ကလေးကလည်း ဘယ်လိုသိပ်သိပ် မအိပ်ဘဲ ကိုကိုနှင့်သာ ကစားချင်နေတော့သည်။

"မိရင် ဒါရမှာနော်"

ဒို ရေ မီ.....

ပီယာနိုသေးသေးလေးအား အသံထွက်အောင်တီးပြရင်း နောက်ပြန်ပြေးနေပြန်ပါသေးသည်။ ဒေါ်နန်းသူဇာမှာတော့ ကလေးနှစ်ယောက်ကစားနေသည်ကို ထိုင်ကြည့်နေရသည်။

"သားစေ.. သိပ်မပြေးနဲ့နော်၊ ညီလေးက သားကို မီအောင်မလိုက်နိုင်သေးဘူး။ ညီလေး လဲသွားရင် ငိုလိမ့်..."

အွတ်

နန်းသူဇာ စကားပင်မဆုံးသေး.. ခေတ်တစ်ယောက် လဲလေပြီ။ သည်တော့လည်း တည်မြဲစေတို့ အပြေးလာကာ ထူရလေပြီ။

"ဥုံဖွ.. ဥုံဖွ.. ခေတ် မနာဘူးနော်၊ မနာဘူးနော်.. ဘာမှမဖြစ်တော့ဘူးနော်"

"မေနန်းစကားတောင် မဆုံးသေးဘူး.. လဲပြီ"

နန်းသူဇာ ခေတ်ဘေးထိုင်ချလိုက်ကာ ခေတ်ကို ရင်ခွင်ထဲထည့်ပွေ့ထား၏။

"ကိုကို့ကြောင့်ဖြစ်တာနော်.. ကိုကို့ကြောင့်.. ကိုကို့ကြောင့်..၊ မငိုနဲ့နော်.. ခေတ်"

သူ့ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ ချော့နေသည့်ကိုကို့ကိုကြည့်ကာ ငိုမဲ့မဲ့ကလေးငယ်မှာ ဆက်၍ ငိုရမလို.. မငိုရမလို။

"ဒီအရုပ်ပေးမယ်နော်၊ ကိုကိုက ခေတ်ကို ပီယာနိုလေးပေးမယ်နော်။ မငိုနဲ့နော်"

လက်ထဲသို့ရောက်လာသည့် ပီယာနိုလေးကိုကြည့်ကာ ခေတ်မျက်ဝန်းမှ ဝဲနေသည့်မျက်ရည်လေးများ အငွေ့ပျံသွားရသည်။

ဒို ရေ မီ.....

ခစ်ခစ်.. ခစ်ခစ်.. ခစ်ခစ်.....

ခစ်ခစ်.. ခစ်ခစ်.. ခစ်ခစ်.....

ယခုမှပင် သားစေတစ်ယောက် ခေတ်ကိုကြည့်၍ ရယ်နိုင်တော့သည်။

******

"တီ၊ တီ၊ ဝူး..... ကဲ ကိုင်ထားပါနော်၊ ပြုတ်ကျလိမ့်မယ်၊ သေချာလေးဖက်ထားပါနော်"

ကားသေးသေးလေးပေါ်တွင် ခေတ်က နောက်တွင်ထိုင်နေပြီး သားစေက ရှေ့မှနေကာ ကြမ်းပြင်အား ခြေကန်အားပြုပြီး ကားမောင်းနေသည်။

"ကဲ ရောက်ပါပြီ.. မုန့်တစ်ခုကျပါတယ်ခင်ဗျ"

တစ်ခါရပ်လိုက်.. မုန့်တစ်ခုကျပါတယ်ပြောလိုက်.. နောက်ခန်းမှ ခေတ်က ဆင်းလာပြီး လက်ထဲတွင်ကိုင်ထားသည့် မုန့်ထုပ်ထဲမှ မုန့်တစ်ခုယူကာ သားစေအား ခွံ့လိုက်...။

"ကဲ ပြန်သွားပါ့မယ်။ တက်ပါ.. တက်ပါ၊ နောက်တစ်နေရာ သွားပါ့မယ်"

ထိုအခါ မုန့်တွေ အောက်ပြုတ်မကျစေရန် အိတ်ကို သေချာပိတ်နေသည့် ခေတ်က ကားနောက်ခန်းတွင် ဝင်ထိုင်ကာ ရှေ့မှ သားစေ၏ ခါးကို ဖက်ထားလိုက်၏။ ထို့နောက် ညီအစ်ကိုနှစ်ယောက် ခရီးဆက်ပြန်သည်။

ကားမောင်းတမ်းကစားနေရင်းမှ ခေတ်သည် ကားပေါ်က ဆင်းသွားပြန်သည်။ ခေတ်သွားသည့်ဦးတည်ရာကို ရိပ်မိချိန် သားစေလည်း ထိုနေရာကိုကာကွယ်ရန် အပြေးအလွှား သွားရတော့သည်။ ထိုနေရာလေးအရောက် ခေတ်ရှေ့မှ ပိတ်ရပ်ကာ လက်နှစ်ဖက်ဆန့်တန်းကာပြီး...

"မရဘူး.. မရဘူး၊ ဒါတော့ မလာနဲ့။ ဟိုနေ့ကလည်း ကိုကိုဆောက်ထားတဲ့အိမ်ကို ဖျက်ပြီးပြီ။ ဒီရထားတွဲလေးတော့ ချမ်းသာပေးပါ"

သားစေဆောက်ထားသည့် ရထားတွဲအား ကိုင်လိုသည့်ခေတ်က ရထားတွဲကိုထိရရန် ကြိုးစားသည်။ သားစေက ရှေ့မှ ပိတ်ကာသည်။ ခေတ်က ဘယ်ညာအရပ်ရပ်မှ ရှေ့တိုးသည်။ သားစေလည်း လက်နှစ်ဖက်ဆန့်တန်းကာ ကာကွယ်သည်။

“ခေတ်လေး.. နားထောင်နော်၊ ကိုကိုပြောတာ နားထောင်နော်၊ ဒါလေးတော့ မကိုင်နဲ့နော်။ ခေတ်က ဖျက်ဆီးပစ်လိမ့်မယ်”

သားစေသည် ခေတ်ကို ချော့ပြောရင်း ပခုံးမှကိုင်ကာ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ရာ ပြောင်းပေးလိုက်သည်။ သားစေလှည့်ပေးလိုက်သည့်ဘက်သို့ ခေတ်ထွက်သွားမှ အန္တရာယ်စက်ကွင်းမှ သီသီလေးလွတ်သွားသော သူ့ရထားတွဲလေးအား ဟိုနေရာထိ သည်နေရာပြင်နှင့် တစိမ့်စိမ့်ထိုင်ကြည့်နေတော့သည်။

ဒေါက်

အား

ဗြဲ.....

အပေါ်ထပ်မှ အသံကြား၍ ဒေါ်ထက်ထက်လှိုင်တစ်ယောက် သားစေအခန်းသို့ ပြေးရပြန်ပါပြီ။ အခန်းထဲရောက်သည်နှင့် မြင်လိုက်ရသည်က သားစေသည် သူ့နဖူးသူပွတ်ကာ ငိုနေပြီး မလှမ်းမကမ်းမှ ခေတ်ကတော့ လက်ထဲတွင် Iron Man ရုပ်လေးကိုင်ကာ ကိုကိုငိုနေသည်ကို မျက်လုံးပြူးလေးနှင့် ရပ်ကြည့်နေသည်။ သည်လောက်ဆို အခြေအနေကို သဘောပေါက်ပါပြီ။

"ကိုကိုး.. ကိုကိုး.. နို"

ဒေါ်ထက်ထက်လှိုင်အား မြင်တော့ ခေတ်က သားစေအား လက်ညှိုးထိုးပြပြီး ကိုကိုငိုနေကြောင်း အသိပေးသည်။

ဒေါ်ထက်ထက်လှိုင် ငိုနေသည့်သားစေအနားသို့ ပြေးသွားကာ နဖူးပေါ်မှ လက်ကိုဖယ်ကြည့်ရသည်။ နဖူးပေါက်မသွား၍ တော်သေးသည်။

"ခေတ်.. ဘာလို့ ကိုကို့ကို လုပ်ရတာလဲ.. ဒီမှာ ကိုကိုနာသွားပြီ.. ကြည့်ပါ့ဦး။ ကိုကို့ကို မသနားဘူးလား"

"တိတ်တိတ် သားလေးတိတ်။ ညီလေးက မသိလို့လုပ်မိတာနော်။ ကြည့်ပါ့ဦး ကိုကိုကငိုတော့ ညီလေးကပါ ဝမ်းနည်းနေပြီ"

ဒေါ်ထက်ထက်လှိုင် သားဖြစ်သူကို မျက်ရည်သုတ်ပေးရင်း ချော့နေသော်လည်း သားစေကတော့ ငိုမြဲငိုဆဲ။ ခေတ် ပြူးပြူးလေးရပ်နေရာမှ လှုပ်ရှားလာသည်။ မိခင်အားကပ်ကာ ငိုနေသည့် သားစေဆီသို့ လျှောက်လာသည်။ ထို့နောက် ထိုင်ချလိုက်ပြီး လေးဘက်ထောက်သွားသည့်ပုံစံလေးဖြင့် သားစေရင်ခွင်ထဲတိုးဝင်ကာ သားစေနဖူးလေးအား...

"ကိုကိုး.. အာဝါး.. ချစ်တယ်နော်"

မပီကလာ ပီကလာ ခေတ်အသံက သားစေအား အငိုတိတ်စေပြီး သွားတိုက်ဆေးကြော်ငြာသည့်အပြုံးကြီးနှင့်အတူ သားစေ၏ နှာခေါင်းကို ပူစီဖောင်းကြီး ထွက်လာစေသည်။

******

မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်နာမည် တည်မြဲစေပါခင်ဗျ။ ကျွန်တော်က ဉာဏ်ကောင်းပြီး စာတော်လို့ သူငယ်တန်းနဲ့ ပထမတန်းကို နှစ်ချင်းပေါက်အောင်ပြီး အခု ဒုတိယတန်းတက်နေပါပြီခင်ဗျ။ ကျွန်တော် အရပ်လည်း ရှည်လာပါတယ်ခင်ဗျ။ မာမီနဲ့ မေနန်းပြောတာတော့ ချောလည်းချောလာတယ်တဲ့။ ဒါပေမဲ့ ဘယ်လောက်စားစား ဝမလာလို့ ဖြူဖြူပိန်ပိန်လေးပဲ ဖြစ်နေတယ်ခင်ဗျ။ ကျွန်တော်တို့ကျောင်းမှာ ကျွန်တော့်ကို ကြိုက်နေတဲ့ ကောင်မလေးတွေရှိတယ်။ တစ်ယောက်.. နှစ်ယောက်.. သုံးယောက်.. သုံးယောက်ရှိတယ်ဗျ။ နေ့တိုင်း သူတို့က မုန့်တွေလာလာကျွေးလို့ ကျွန်တော်ဆို စားလို့တောင် မကုန်ဘူး။ ကျွန်တော်ကတော့ မကြိုက်ပါဘူး။ အခုမှ ကလေးပဲ ရှိသေးတယ်။ သူတို့ကပဲ လာကြိုက်နေကြတာ။

ခေတ်လား...။ ခေတ်က အခု နှစ်နှစ်ကျော်ပြီဗျ။ ကျွန်တော့်ကို ကိုကိုးလို့ခေါ်တယ်။ ကိုကိုလို့ ခေါ်တာနေမှာပေါ့ဗျာ။ ဒါပေမဲ့ ကလေးဆိုတော့ စကားမပီတော့ ကိုကိုးဖြစ်နေတာ။ ဟီး.. ခေတ် စကားမပီတာလေးက ချစ်စရာလေး။

ဗျာ..။ အာ.. အဲဒါတော့ မချစ်ဘူး..။ ခေတ်က ကျွန်တော့်ကို အနိုင်ကျင့်တယ်။ ကျွန်တော့်အရုပ်တွေလည်း ဖျက်ဆီးပစ်တယ်။ ငြိမ်ငြိမ်ထိုင်နေပါဆိုလည်း မထိုင်ဘူး။ ပစ္စည်းတွေ လွှင့်ပစ်ပြီးရင် ကျွန်တော်ပဲ လိုက်ကောက်ရတာ။ အခု ခေတ်ကို သိပ်မချစ်တော့ဘူး။ မယုံဘူးလား.. မယုံ...

"ကိုကိုး..."

"လာပြီ လာပြီ ခေတ်၊ ကိုကို လာပြီ"

ခိုနားရာ (Completed)Where stories live. Discover now