45

4.1K 367 69
                                    

Unicode

စေ အဝင်မေးလ်များစစ်ပြီးနောက် ယနေ့ညအတွက် အလုပ်ကို လက်စသတ်ရန် ဆုံးဖြတ်လိုက်သည်။ ယနေ့ စေ ပင်ပန်းနေပြီ။

မနက်ပိုင်းတွင် ပန်းချီပြခန်းဖွင့်ပွဲတစ်ခုသို့ တက်ရောက်ရပြီး နေ့လယ်ပိုင်းတွင်တော့ K Library မှ ပြုလုပ်သည့် ဟောပြောပွဲသို့ တက်ရောက်ရသည်။ တစ်နေကုန် နားချိန်မရှိ။ နေ့လယ်စာပင် သေချာမစားနိုင်။ ညနေရောက်ပြန်တော့လည်း မင်္ဂလာပွဲတစ်ခုသို့ တက်ရောက်ရသေးသည်။ အိမ်ပြန်ရောက်၍ ရေမိုးချိုးပြီးတော့လည်း စီးပွားရေးဆိုင်ရာ အကြောင်းအရာအချို့ကို ကိုင်တွယ်နေရ၍ အနားမယူနိုင်။ သို့သော် ယခုတော့ အနားယူမှ ဖြစ်တော့မည်။

ယခုကဲ့သို့ ပင်ပန်းနေချိန်မျိုးတွင် ခေတ်ရှိလျှင် အမောပြေဦးမည်။ ခေတ်၏ ဂဂျီဂဂျောင်နှင့် တီတီတာတာများကြား စိတ်‌ ပေါ့ပါးကြည်လင်နိုင်သေးသည်။ ခေတ်ကို ရင်ခွင်ထဲထည့်ဖက်ထားကာ ကုန်ဆုံးသွားသော အားအင်တို့ကို ပြည်လည် ဖြည့်တင်းနိုင်ဦးမည်။ ယခုတော့ သူတစ်ယောက်တည်း။ ပင်ပန်းနေလျှင်လည်း တစ်ယောက်တည်း၊ ပေါ့ပါးနေလျှင်လည်း တစ်ယောက်တည်း၊ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ခေတ်၏ ရယ်သံ၊ ဂျီသံတို့ဖြင့် ပြည့်နှက်ခဲ့သော ဤအခန်းထဲတွင် ယခုတော့ အထီးကျန်စွာ သူတစ်ယောက်တည်း။

ခေတ်ကို အနားတွင် ရှိစေချင်သည်။ ယခုလိုအချိန်မျိုးတွင် ခေတ်ကို သူ လိုအပ်သည်။ ယခုညတွင် ခေတ်ကို ပို၍ တမ်းတမိသည်။

မျက်လုံးအစုံကို မှိတ်လိုက်သော်လည်း တဆစ်ဆစ်ထိုးကိုက်လာသည့်ခေါင်းကြောင့် အိပ်မပျော်နိုင်။ ဆေးတစ်လုံးထသောက်ပြီးနောက် ပြန်လှဲအိပ်၍ မျက်လုံးမှိတ်ကာ ဝေဒနာသက်သာရန် ကြိုးစားနေရသည်။

ခေါင်းကိုက်နေသည့်ကြားမှ ကျော်ထက်အောင်၏ စကားများကို ပြန်လည်ကြားယောင်လာပြန်သည်။

"စေ မင်းတော့ ဒီလိုနဲ့ ပရုတ်လုံးလို လုံးပါး,ပါးတော့မယ်။ အလုပ်လုပ်တာလည်း လုပ်ပေါ့ကွာ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အနားပေးဦးမှပေါ့။ ခန္ဓာကိုယ်ကို မနိုင်ဝန်ထမ်းခိုင်းလို့ ဖြစ်မလား။ လူဟ လူ လူ စက်ရုပ်မဟုတ်ဘူး။ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့လူ။ နာတတ်တယ်၊ ဖျားတတ်တယ်၊ ပြီးတော့ သေတတ်တယ်"

ခိုနားရာ (Completed)Where stories live. Discover now