26

4.7K 478 53
                                    

Unicode


ယနေ့ညသည် တောင်ကြားပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲည ဖြစ်သည်။

ခေတ် စိတ်လှုပ်ရှားကာ ထုံးစံအတိုင်း လက်ဖျားတို့သည်လည်း ရေခဲတမျှ အေးစက်နေ၏။ သို့သော် ထွေးဆုပ်ကာ အနွေးဓာတ်ပေးမည့်သူမှာ နေ့လယ်ကတည်းက အလုပ်ကိစ္စဖြင့် ထွက်သွားလေရာ ယခုထိ ပြန်ရောက်မလာသေးချေ။

"ဟုတ်ပါ့ သားစေကလည်း ဒီနေ့မှ ပြန်မလာသေးဘူး"

"သားစေပြန်မလာရင် မြေးကို ငါတို့လိုက်ပို့ကြမလား"

"စိတ်ကူးတွေယဉ်နေပြန်ပြီ၊ မေမေ့မြေးက လိုက်ပို့ခိုင်းနေပါလိမ့်မယ်"

"ဒါနဲ့ သားစေလေယာဉ်ချိန်က ဘယ်တော့လဲ နန်းသူဇာ"

"မနက်ဆယ်နာရီ ထင်တယ်။ မေမေ့မြေးကို မပြောနဲ့ဦးနော်။ သောင်းကျန်းနေလိမ့်မယ်"

"အေးပါ.. ငါသိပါတယ်"

အခန်းထဲ ဟိုလျှောက်သည်လျှောက်နှင့် ဘာလုပ်ရမည်မှန်းမသိ၍ ရေသောက်ရန်ဆင်းလာချိန် ထမင်းစားခန်းမှ မေမေနှင့်ဘွား၏ စကားသံများကို ကြားလိုက်ရ၏။ ခေတ် ထမင်းစားခန်းသို့ မဝင်ဘဲ အပေါ်ပြန်တက်သွားလိုက်သည်။

ခေတ်ကို ချစ်ပါသည်ဆိုသော ကိုကိုသည် လိုအပ်နေချိန်တွင် ခေတ်အနားတွင် ရှိမနေခဲ့။ အတိတ်ကလည်း ထိုသို့ဖြစ်ခဲ့သည်။ ယခုလည်း ထိုသို့ပင်ဖြစ်သည်။ နောင်လည်း ထိုသို့ပင် ဖြစ်နေပါလိမ့်ဦးမည်။ ကိုကိုသည် စကားလုံးတို့ဖြင့်သာ ချစ်တတ်သူဖြစ်သည်။

နောက်ဆုံးအချိန်ထိ အိမ်ပြန်ရောက်မလာသူကြောင့် ဧကကိုသာ ဖုန်းဆက်ရတော့သည်။

"ကိုကြီးဧက"

"..."

"လာချင်ပြီ။ ကိုကြီးဧက လာခေါ်ပေး"

"မလိုဘူး"

ဧကနှင့်ဖုန်းပြောနေစဉ် နောက်မှထွက်ပေါ်လာသည့်အသံကြောင့် လှည့်ကြည့်လိုက်ချိန် အလိုမကျဟန်နှင့် မျက်မှောင်ကုတ်ထားသည့်စေ့ကို တွေ့လိုက်ရသည်။

"ခေတ်ကို ကိုကိုအချိန်မီပြန်လာမယ်လို့ မပြောခဲ့ဘူးလား"

ပါးစပ်ကပြောရင်း ခေတ်လက်ထဲမှ ဖုန်းကိုဆွဲယူ၍ ဖုန်းချပစ်လိုက်သည်။ နေ့လယ်က စီးပွားရေးနှင့်ပတ်သက်သည့် ပွဲတစ်ခုသို့ သွားရသည်ဖြစ်၍ ဝတ်စုံပြည့် ဝတ်ဆင်သွားရသည်။ သို့သော် ယခု ခေတ်နှင့်လိုက်ရမည်ဖြစ်၍ အဝတ်အစားလဲရန် ပြင်လိုက်သည်။

ထိုစဉ် ကျောပြင်သို့အပ်လာသည့် ပါးပြင်နှင့် ခါးဆီသို့ ဖက်တွယ်လာသည့်လက်များ....။ အေးစက်နေသည့်လက်ချောင်းများအား အပေါ်မှအုပ်ကိုင်ကာ ထွေးဆုပ်နှိပ်နယ်ပေးလိုက်သည်။

"ကိုကို အချိန်မီပြန်လာမယ်လို့ ပြောသားပဲ ခေတ်ရ"

လက်များအား အနွေးဓာတ်ပေးပြီးနောက် အဝတ်အစားရွေးနေစဉ်တွင်လည်း ခေတ်သည် စေ့အနားမှ တစ်ဖဝါးမျှမခွာ ကပ်နေလေ၏။

"ဘာလဲ.. ကိုယ်တိုင်လဲပေးချင်လို့လား"

"ရွေးပေး.. ကိုကိုဘာဝတ်ရမလဲ"

ထိုသို့ဆိုတော့လည်း မကြားချင်ယောင် ဆောင်နေပြန်၏။ ထို့ကြောင့် ပခုံးနှစ်ဖက်မှကိုင်ကာ ခုတင်ဆီတွန်းပို့ပြီး ခုတင်ပေါ် ထိုင်ခိုင်းထားလိုက်ရသည်။

"ဒီမှာထိုင်နေဦး။ မြန်မြန်ကိုယ်လက်သန့်စင်လိုက်မယ်။ ပြီးတာနဲ့ သွားမယ်"

မျက်လုံးလှန်ကြည့်လာသူအား အသည်းယားလာ၍ နှာခေါင်းလုံးလုံးလေးကို ဖွဖွညှစ်တော့ ပြန်လည်ကာ နှာခေါင်းရှုံ့ပြလာ၏။

ကလေးငယ်သည် သူအချိန်မီပြန်မလာမည်ကို အလွန်အမင်း စိုးရွံ့နေပုံရသည်။ သူပြန်ရောက်ချိန်ကတည်းက အနားတွင်သာ ကပ်နေပြီး ယခုလည်း ချစ်အောင်တတ်ပြနေပြန်သေးသည်။ ယခုမှပင် သူ့ခေတ်ကလေးကို ပြန်ရတော့သည်။

******

နောက်ဆုံးဗိုလ်လုပွဲဖြစ်၍ ကြည့်ရှုသူပရိသတ်မှာ ယခင်နေ့နှစ်ရက်ထက် ပို၍များ၏။

တောင်ကြားထဲတွင်လည်း လူအပြည့်ဖြစ်ပြီး LED board မှကြည့်မည့် လူများကလည်း နေရာအသီးသီးယူထားကြသည်မှာ ကွင်းအပြည့်ပင်ဖြစ်သည်။ နောက်ဆုံးနေ့ဟူသော အသိနှင့်အတူ အုံခဲနေသည့် လူအုပ်ကြီးကိုကြည့်၍ ခေတ် ပို၍ စိတ်လှုပ်ရှားလာရပြန်သည်။

"ကိုကြီးဧက.. ကျွန်တော်မနိုင်ရင် ဘယ်လိုလုပ်မလဲ"

"နိုင်မှာပါ ခေတ်ရ"

"မနိုင်ရင်ရော..."

"ပထမကို ခေတ်မရခဲ့ရင် ရတဲ့ကောင်ကို ကိုယ်သတ်ပေးမယ်"

"အကောင်းပြောနေတာကိုဗျာ"

ဧကက ဟိုရောက် သည်ရောက် စနောက်နေသည်ကြောင့် ခေတ် အနည်းငယ် စိတ်ငြိမ်လာ၏။ လက်ချင်းယှက်ကာ ဆုပ်ကိုင်ထားသော ကိုကို့လက်ဖဝါးမှ စီးဆင်းလာသည့် အနွေးဓာတ်ကလည်း ခေတ်စိတ်ကို တစ်မျိုးတစ်ဖုံ တည်ငြိမ်စေပြန်၏။ ထိုအနွေးဓာတ်သည် ခန္ဓာကိုယ်အတွင်းသို့ အားအင်တို့အဖြစ် ပြောင်းလဲစီးဆင်း၏။

ယှဉ်ပြိုင်ရတော့မည့်အချိန်တွင် အစ်ကိုနှစ်ယောက်လုံးက တစ်ပြိုင်တည်းပွေ့ဖက်ပြီး အသီးသီး ခေါင်းညိတ်ပြကြသည်။ ခေတ်ကို သူတို့ ယုံသည်။ ခေတ် စမှတ်မှ မထွက်ခင်အထိ ခေတ်ဘေးနားတွင် ရှိနေခဲ့ကြပြီး ခေတ်စထွက်သည်နှင့် LED board ကိုမြင်ရသည့်နေရာသို့ ထွက်ခဲ့ကြသည်။

Screen ပေါ်မှ ပြိုင်ပွဲအားကြည့်ကာ စိတ်လှုပ်ရှားနေသည့်စေ့ကို ကြည့်၍ ဧက ပြုံးမိသည်။ ညီလေးရှေ့တွင် တည်ငြိမ်ပြနေသော အစ်ကိုကြီးသည် ယခုတော့လည်း ပြိုင်ပွဲဝင်သူထက်ပင် ပို၍ စိုးရိမ်ဖွယ်ကောင်းနေတော့သည်။ ဧက စေ့ပခုံးကို လက်ဖြင့်ညှစ်လိုက်ပြီး...

"အဆင်ပြေမှာပါ"

"စိတ်လှုပ်ရှားပြီး လဲကျမှာ၊ ဒဏ်ရာရမှာတွေ ကြောက်တာ"

"လဲတော့လည်း ဘာဖြစ်လဲ.. ပြန်ထပေါ့။ ဒါပေမဲ့ ခေတ်က အစပဲ စိတ်လှုပ်ရှားတာပါ၊ အရှိန်ရတာနဲ့ ပုံမှန်ဖြစ်သွားမှာ၊ စိတ်အေးအေးထား"

ခေတ်သည် တာမထွက်မီက စိတ်လှုပ်ရှားနေသော်လည်း စတင်လိုက်သည်နှင့် မျက်နှာအမူအယာ၊ ကိုယ်ဟန်အနေအထားတို့ တစ်ပြိုင်တည်း ပြောင်းလဲသွားတတ်သူဖြစ်သည်။ စေ စိတ်လျှော့၍ screen ကိုသာ အာရုံစိုက်၍ ကြည့်နေလိုက်သည်။

ပြိုင်ပွဲဝင်နှစ်ယောက် trick လုပ်လိုက်တိုင်း ဝိုးခနဲဝါးခနဲအော်လိုက်သည့် လူအုပ်ကြီး၏ အသံအားက မိုးထက်ညံအောင် ဟိန်းထွက်နေတော့၏။ Trick တစ်ခုလုပ်ပြီးတိုင်း ကျေနပ်စွာ ပြုံးတတ်သည့် ခေတ်အပြုံးတို့ကလည်း နှစ်လိုဖွယ်ကောင်းစွာ ဆွဲဆောင်မှုရှိနေပြန်သေး၏။ ညီငယ်လေးကိုကြည့်နေသည့် အစ်ကိုကြီး၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်နှင့် ပီတိတို့သည် ရောထွေးယှက်ချည် လင်းလက်နေပါ၏။

ကိုကို့ခေတ်က နတ်သားလေးတစ်ပါး စကိတ်စီးပြီး ကနေတာမဟုတ်ဘူး.. ကိုကို့ခေတ်က စကိတ်နတ်ဘုရားလေး။

ခေတ် နောက်ဆုံး ramp ကိုဖြတ်ပြီးချိန်တွင်တော့ ပန်းဝင်မည့်နေရာမှ သွားစောင့်နေလိုက်သည်။ Finish line ကိုဖြတ်လာမည့်ခေတ်ကို ရှေ့ဆုံးမှ ဆီးကြိုချင်သည်။

"ကိုကို...."

အား....

အသံနှင့်အတူ finish line ကိုဖြတ်ကာ စေ့ကိုပွေ့ဖက်လိုက်သည့်ခေတ်ကြောင့် နှစ်ယောက်လုံး မြေပြင်နှင့် မိတ်ဆက်လိုက်ရသည်။ သို့သော် ဦးခေါင်းမှ မူးဝေမှုနှင့် နောက်ကျောမှ နာကျင်မှုတို့သည် ပျော်ရွှင်မှုတို့ကြားတွင် တိတ်တဆိတ် ပျောက်ကွယ်သွားရသည်။

"ကိုကို.. ကိုကို.. သားနိုင်ပြီ၊ သားပထမရပြီ"

လဲနေသည်ကို ပြန်မထဘဲ ရင်ဘတ်ပေါ်တွင် ပျော်နေသူအား ဧက ဆွဲထူပေးလိုက်သည်။ အောက်ကလူက သေတော့မည်။

"ကိုကြီးဧက.. ကသားနိုင်ပြီ"

ဧကကိုပင် ‘သား' ဟုသုံးကာ ပြောနေသည်ကိုထောက်လျှင် ခေတ် မည်မျှပျော်နေကြောင်း သိနိုင်ပေလိမ့်မည်။ Trophy နှင့်တကွ ဆုရသည့် skateboard နှင့် skate shoes ကို လက်ခံရယူနေစဉ် ခေတ်မျက်လုံးတို့သည် တစ်စုံတစ်ယောက်ထံတွင်သာ ကျောက်ချနေလေ၏။ ခေတ်အပြုံး ခေတ်ရယ်သံတို့ဖြင့် ဦးဆောင်လာခဲ့သော အိမ်ပြန်လမ်းသည် အတိအကျပင် လှပခဲ့ရပြန်ပါလေပြီ။

******

ရှေ့ရက်များတွင် ပြန်ရောက်သည်နှင့် ပစ်လှဲချသောသူသည် ယနေ့တော့ စေ့ရင်ခွင်၌သာ တွယ်ကပ်နေတော့သည်။ တည်မြဲစေတစ်ယောက် တစ်ဖက်တွင် သူရနှင့် အလုပ်ကိစ္စဖုန်းပြောရင်း တစ်ဖက်တွင်တော့ သူ့ကလေးငယ်အား ချော့မြှူနေရ၏။ အငြိမ်မနေသည့်ကောင်လေးသည် သူ့ရင်ဘတ်ပေါ် မေးဖြင့်ချေနေသည်။ ထို့ကြောင့် စကားစမြန်မြန်ဖြတ်၍သာ ရင်ခွင်ထဲမှ အချွဲလေးထံ အာရုံအလုံးစုံ စုကာပုံရပါတော့သည်။

"ကိုကို့ခေတ်လေး ဒီနေ့မှ ချွဲနေပါလား ဟမ်။ အပျော်တွေလွန်ပြီး ချွဲနေတာလား"

နဖူးထက်မှ ဆံနွယ်များအား ဖယ်ရှားရင်းမေးတော့ ခေါင်းမော့လာကာ စေ့မျက်နှာကို မျက်တောင်မခပ်စတမ်း ကြည့်နေလေ၏။ စေ က‌လေးငယ်အား လက်မောင်းနှစ်ဖက်ကြား ပြန်ပွေ့ဖက်ထားလိုက်ပြီး ဦးခေါင်းထက် မေးတင်ထားလိုက်သည်။

"ကိုကို"

"ဗျ"

"ဒီညမအိပ်နဲ့တော့"

"မအိပ်လို့ဘာလုပ်မှာလဲ"

"ကိုကို့အကြောင်းပြောပြ"

"ကိုကို့အကြောင်းပြောပြရမယ်"

"အင်း"

"ကိုကို့အကြောင်းက ခေတ်သိပြီးသားပဲ‌လေ။ ထပ်ပြီး ဘာပြောပြစရာရှိလို့လဲ"

"မသိဘူး.. ပြောပြ"

"အိုကေ.. အိုကေ.. ပြောပြမယ်။ အခု ခဏဖယ်ပါဦး"

ထိုသို့ဆိုတော့လည်း ကိုကို့စကားကိုနာခံစွာ တွယ်ကပ်နေရာမှ ခွာပေးလေ၏။

"လာ.. ဒီမှာလာအိပ်"

အိပ်ရာထက်မှ ခေါင်းအုံးကို လက်ဖြင့်ပုတ်ပြတော့ ခေါင်းအုံးပေါ် ခေါင်းချကာ အိပ်ရှာ၏။ ညီအစ်ကိုနှစ်ယောက် ခေါင်းအောက်ကိုလက်ထိုးပြီး ကိုယ့်လက်ကိုယ်ခေါင်းအုံးကာ မျက်နှာကြက်ကိုသာ ကြည့်နေကြသည်။

"တကယ်တော့ ကိုကို့အကြောင်းက ဘာမှပြောစရာမရှိဘူး။ နေ့တိုင်း အလုပ်ပဲ လုပ်နေရလို့ ဘာမှ ထူးခြားတာ မရှိဘူး"

"ကျွန်တော့်ကို သတိမရဘူးလား"

"ဟင်"

ခေတ်ထံမှ ‘ကျွန်တော်' ဟု ကြားလိုက်ရ၍ စေ ခေတ်ကို စောင်းငဲ့ကြည့်မိသည်။ ခေတ်ကတော့ မျက်နှာကြက်ကို ကြည့်လျက်သာ....။

"ကျွန်တော်လို့ပြောလိုက်တာလား"

"ဟုတ်တယ်လေ.. ကျွန်တော့်အရွယ်က သားလို့ ပြောရတော့မယ့်အရွယ်မှ မဟုတ်တော့တာ။ ကျွန်တော်လို့ ပြောသင့်နေပြီလေ။ ကျွန်တော် အရွယ်ရောက်နေပြီ"

"ကိုကို့အတွက်တော့ ကလေးပဲ"

"ထားပါတော့။ မေးတာဖြေပါဦး.. ကျွန်တော့်ကို သတိမရဘူးလား"

"ရတာပေါ့..။ ကိုကို့ရဲ့နေ့စဉ်လည်ပတ်မှုတွေမှာ အလုပ်လုပ်တာနဲ့ ခေတ်ကိုလွမ်းတာ နှစ်ခုပဲရှိတယ်"

ခေတ်ကိုလွမ်းသည့်စိတ်နှင့် အသက်ဆက်နေရကြောင်းကိုတော့ ကလေးငယ်အား ဖွင့်ဟဝန်မခံဖြစ်။

"ကျွန်တော်ကျ အလုပ်များတယ်။ ဘိုးကိုလည်း အဖော်လုပ်ပေးရတယ်။ မေမေနဲ့ဘွားကလည်း မြင်တာနဲ့ခိုင်းတာပဲ။ ဖေဖေနဲ့လည်း ဟိုလိုက်ရ ဒီလိုက်ရ။ ကျောင်းလည်းတက်ရတယ်။ လေ့ကျင့်ရေးလည်း ဆင်းရတယ်"

"ဒီတော့ ကိုကို့ကို သတိရဖို့ အချိန်မရှိဘူးပေါ့"

"ဘာလို့သတိရရမှာလဲ။ မေ့မှ မမေ့တာ"

ပြောပြီးနောက် အခန်းမီးထိန်ထိန်လင်းအား ပိတ်ကာ ညမီးပြောင်းဖွင့်လေ၏။ ထို့နောက်မှ မူလကအတိုင်း လက်ကိုခုကာ ပြန်လှဲအိပ်လေ၏။

"ခေတ်မှာ သူငယ်ချင်းအသစ်တွေ ရှိနေပြီနော်"

"အင်း။ ဒါပေမဲ့ ကိုကြီးဧကနဲ့ပဲ ပိုရင်းရင်းနှီးနှီးပေါင်းဖြစ်တယ်"

"သူနဲ့ ဘယ်လိုစသိတာလဲ"

"သူက ကျွန်တော့်ကို သဘောကျတယ်တဲ့"

"ဟင်"

"ဟုတ်တယ်။ ကိုကြီးဧကက gay လေ။ အရင်က ကျွန်တော့်ကို သဘောကျတယ်ပြောတယ်။ အခုတော့ မကျတော့ဘူး"

"ခေတ်က ကိုဧကကို သဘောမကျဘူးလား"

"ဘယ်လိုမျိုးလဲ"

"သူ ခေတ်ကို စပြီးသဘောကျသလိုမျိုးလေ"

"ကျစရာလား။ ကျွန်တော်က gay မဟုတ်ဘူးလေ။ မိန်းကလေးတွေကိုပဲ သဘောကျမှာပေါ့"

ညမီးရောင်၏ မှိန်ပျမှုမှာ စေ့နှုတ်ခမ်းဖျားမှ အပြုံးတစ်ပွင့်အား ထင်ရှားတောက်ပစေရန်ငှာ မစွမ်းသာ။

"ဒါဆို ခေတ်မှာ သဘောကျတဲ့ကောင်မလေးရှိနေပြီလား"

"မရှိဘူး"

"ဒါဆို ခေတ်ကိုပျော်ရွှင်စေတဲ့အရာက ဘာဖြစ်မလဲ"

"စကိတ်စီးတာ"

"ရင်ခုန်စေတာကရော"

"စကိတ်စီးတာပဲ"

"Gay တစ်ယောက်က ကိုယ့်ကိုသဘောကျတော့ ဘယ်လိုခံစားရလဲ"

"ဘာလိုမှ မခံစားရပါဘူး"

"ဒါဆို ခေတ်က LGBT ကို လက်ခံနိုင်တာလား"

"ကျွန်တော့်ကို လာမရှုပ်ရင်ရပြီ"

တိတ်ဆိတ်နေသည့်အခန်းထဲတွင် မေးတစ်ခွန်း ဖြေတစ်ခွန်း စကားသံများသာ တိုးတိတ်ညင်သာ အသက်ဝင်နေ၏။

"အင်း ကိုကိုသိပြီ။ ဒါဆို တကယ်လို့ ကိုကိုက gay ဖြစ်နေရင်ရော"

မေးပြီးသည်နှင့် စေ မျက်လုံးမှိတ်ထားလိုက်သည်။ ခေတ်သည် မျက်လုံးကို ထောင့်ကပ်၍ စေ့မျက်နှာချောချောကို အတန်ကြာကြည့်နေ၏။ ထို့နောက် မျက်တောင်တစ်ချက်အခတ်နှင့်အတူ အပြုံးတစ်ပွင့်ဖန်ဆင်းကာ...

"ဒါဆိုရင်တော့ ကျွန်တော့်ခုတင်ပေါ် မအိပ်နဲ့တော့"

စေ့မျက်ခွံတို့ အနည်းငယ် လှုပ်ရှားသွားရပြီး မျက်လုံးကိုသာ တင်းတင်းမှိတ်ထားမိသည်။ မျက်နှာကြက်ကို ကြည့်နေသည်မှာ ကြာပြီဖြစ်၍ စေ့မျက်လုံးတို့ ကျိန်းစပ်နေလေပြီ။

"ခေတ်.. ကိုကို စိတ်ပူရအောင် မလုပ်နဲ့နော်"

"အင်းပါ။

... ကိုကို သီချင်းဆိုရအောင်"

"မဆိုချင်ဘူး။ ကိုကို အိပ်ချင်နေပြီ"

"တကယ်အိပ်ချင်နေပြီလား"

"အင်း"

"ဒါဆို ကျွန်တော်ဆိုပြမယ်လေ"

"ခေတ်က ဆိုတတ်လို့လား"

"အင်း.. ကျွန်တော် ဂီတာလည်း တီးတတ်နေပြီ"

"မတီးပါနဲ့တော့။ ကိုကို အိပ်ချင်နေပြီ"

"ဒါဆို ဒီအတိုင်းဆိုပြမယ်လေ"

"ဆိုရမှကို ဖြစ်မှာလား"

"အင်း ကိုကိုနဲ့ အတူတူဆိုချင်လို့"

စကားသံများသည် လေသံ အနိမ့်အမြင့် အတက်အကျမရှိ။ ခံစားချက်များ ပျောက်ရှနေကာ စာအုပ်ကိုကြည့်၍ ရေရွတ်နေကြသည့်နှယ်။

"ကိုကိုက အိပ်ချင်နေပြီ။ နောက်မှ အတူတူဆိုရအောင်"

"ဘယ်တော့လဲ"

"နောက်တော့ပေါ့"

"အင်းပါ"

ကလေးငယ်စကားဆုံးသည်နှင့် စေ ကလေးငယ်အား ကျောပေး၍ အိပ်လိုက်သည်။

တောင်းပန်ပါတယ် ခေတ်။ ဒီညတော့ ကိုကို ဒီမှာပဲ အိပ်ပါရစေ။

ကိုကိုပြောသည့် ‘နောက်တော့’ သည် ဘယ်အချိန်မှန်း မသိသော်လည်း အိပ်စက်အနားယူရန် ခေတ် မျက်လုံးမှိတ်လိုက်သည်။

နောက်တော့မှ ဆိုလည်း နောက်တော့မှပေါ့။

ခိုနားရာ (Completed)Where stories live. Discover now