34

4.3K 420 62
                                    

Unicode

စေတစ်ယောက် ဆေးရုံနှင့်အိမ်၊ အိမ်နှင့်စာကြည့်တိုက်၊ စာကြည့်တိုက်နှင့်ဆေးရုံ ကူးချည်သန်းချည်ဖြင့်ပင် အံ့ ဆေးရုံကဆင်းရမည့်ရက်သို့ ရောက်လာခဲ့သည်။ လူနာခန်းထဲတွင် အံ့နှင့်စေ နှစ်ယောက်သာ ရှိနေသည်။

"အံ့.. နေလို့ကောင်းရဲ့လား။ အဆင်ပြေရဲ့လား"

"ပြေပါတယ်။ ကိုစေ့ကို ကျွန်တော်တစ်ခုလောက် မေးချင်တယ်"

"မေးလေ"

"ကိုစေတို့က ဘာမှ မတော်ဘူးမလား"

စေ အဖြေကင်းမဲ့စွာ အံ့ကို ကြည့်လိုက်သည်။

"ညီအစ်ကိုတွေက အဲလိုမှ မဟုတ်တာ။ ကိုစေတို့က ဘာမှ မတော်ကြဘူးမလား။ ကိုစေ့အပြုအမူတွေက ကျွန်တော့်ကို သံသယဖြစ်စေတယ်။ စေ့စေ့တွေး ရေးရေးပေါ် ဆိုသလိုပဲ ဒီရက်ပိုင်းတွေ ကျွန်တော် ဖြည်းဖြည်းချင်း သေချာတွေးကြည့်ရင်းမှ သဘောပေါက်လာတယ်။ ကိုစေ ဘာလို့ သူ့ကို ဖွင့်မပြောတာလဲ"

အဖြေစောင့်မျှော်နေသည့်အံ့နှင့် အဖြေမပေးသည့်စေတို့ကြား လေထုက ထိုင်းမှိုင်းလေးလံလျက်။ လေးလံနေသည့်လေထုကို အံ့က ခပ်ဟဟရယ်သံလွင်လွင်ဖြင့် ပေါ့ပါးစေလိုက်သည်။

"ကိုစေ့ရဲ့ခေတ်က တကယ်မလွယ်ဘူးပဲ။ တအား ပိုင်ဆိုင်လိုစိတ်ကြီးပြီး တအားရန်လိုတယ်။ ရန်မဖြစ်ဖူးတဲ့ကျွန်တော့်ကိုတောင် ဒေါသတွေထွက်ပြီး အပြန်အလှန်ရိုက်ချင်လာအောင်လည်း လုပ်နိုင်တယ်။ တကယ့်အဆိုးလေးပဲ။

... ကိုစေ့နေရာမှာ ကျွန်တော်သာဆို သူ့ကို မချစ်ဘူး။ မြတ်သောအံ့ဆိုတဲ့ ကျွန်တော့်ကိုပဲ ချစ်မှာ။ ဒါပေမဲ့ ခေတ်က ကံကောင်းပါတယ်။ ကိုစေ့ရဲ့အချစ်တွေကို ပိုင်ဆိုင်ထားရတယ်လေ။ အဟက်... ကိုစေ့ရဲ့ အသက်သွေးကြောလေးတောင် ဖြစ်နေမလားပဲ။ ကျွန်တော် သူ့ကို တကယ်အားကျတယ်"

"အံ့လည်း တစ်နေ့ အံ့က သူ့ရဲ့ အသက်သွေးကြောလေးပါဆိုတဲ့လူနဲ့ တွေ့မှာပါ"

"အားမတန်လို့ မာန်လျှော့လိုက်ရပေမဲ့ ကျွန်တော် ကိုစေ့ကို မေ့နိုင်ပါ့မလား မသေချာဘူး"

"အချိန်က အကောင်းဆုံးသမားတော်ပါ။ အံ့က ငယ်ပါသေးတယ်။ ဘဝမှာ အများကြီးကြုံတွေ့ပြီး အချစ်သစ်လည်း တွေ့ဦးမှာပါ"

သူ့စကားကြောင့် အံ့မျက်နှာ ပြန်တည်သွားပြီး သူ့အား လေးနက်စွာ စိုက်ကြည့်လာ၏။

"ဒါဆို ကျွန်တော် တစ်ခုလောက် ထပ်မေးလို့ရမလား။

... အချိန်က အကောင်းဆုံးသမားတော်ဆိုရင် အချိန်တစ်ခုယူပြီး ကိုစေ သူ့ကို မေ့ပစ်ပြီး ကျွန်တော့်ကို ရွေးချယ်နိုင်မလား"

စေ အံ့ကို ကရုဏာသက်စွာသာ ကြည့်နေမိသည်။

"ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုစေ့ကို ချစ်တယ်။ ကျွန်တော့်အချစ်က ချစ်ရသူကို ရယူပိုင်ဆိုင်ဖို့ထက် သူ့ကို ပျော်ရွှင်စေချင်တာ။ အဲဒါကြောင့် ကိုစေ့ပျော်ရွှင်မှုကို ဦးစားပေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အချိန်က အကောင်းဆုံးသမားတော်လို့ မယုံကြည်ပါဘူး"

အံ့ ခေတ္တနားပြီး သက်ပြင်းချလိုက်သည်။

"မေတ္တာတရားက အသွားအပြန်ရှိတယ်ဆိုပေမဲ့ တချို့သော ချစ်ခြင်းမေတ္တာတွေက ကိုယ်ပေးတိုင်း ပြန်ရတတ်တာမှ မဟုတ်တာ။ ကိုယ်ကချစ်တိုင်းလည်း ကိုယ့်ကို ပြန်ချစ်တာမှာ မဟုတ်တာ။ ကိုယ့်အတွက်မဟုတ်တဲ့ ချစ်ခြင်း‌တွေကို မျှော်လင့်ရတာ ပူလောင်လွန်းပါတယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်အတွက် သီးသန့်ဖြစ်တည်နေတဲ့ မြတ်နိုးခြင်းတွေကိုပေါ့။ ကျွန်တော် မပူလောင်ချင်ဘူး ကိုစေ။ အဲဒါကြောင့် ဘာမျှော်လင့်ချက်မှမပါတဲ့ အချစ်မျိုးနဲ့ပဲ ကျွန်တော် ကိုစေ့ကို ချစ်သွားတော့မယ်။ ကိုစေ့သတင်းတွေနားစွင့်ပြီး ကိုစေပျော်ရွှင်ဖို့ကိုပဲ ဆုတောင်းနေတော့မယ်။ ကျွန်တော် ကိုစေ့အနားကို ထပ်မလာတော့ဘူး"

သူသိသည်။ အံ့သည် လိမ္မာရေးခြားရှိသည့် အေးဆေးသည့် ကလေးတစ်ယောက်ဆိုသည်ကို သူသိသည်။ ဖော်ရွေတတ်သည့် စိတ်နှလုံးကြည်စင်သည့် ကလေးတစ်ယောက်ဆိုသည်ကို သူသိသည်။ သူ့ကို ချစ်မိသည့်ဖြစ်အင်ကြောင့် အံ့ခံစားရမည်မျိုးကို သူ ဘယ်သောအခါကမျှ မလိုလားခဲ့။ အံ့မေတ္တာကို မတုန့်ပြန်နိုင်သော်လည်း ညီငယ်တစ်ယောက်အနေနှင့်တော့ ကရုဏသက်ကာ စိတ်ပူမိသည်။ ယခုတော့ အံ့အတွက် စိတ်အေးရပါပြီ။

ထိုနေ့က အံ့ကိုနှုတ်ဆက်ပြီး စိတ်လွတ်လပ်ပေါ့ပါးစွာဖြင့် သူအိမ်အပြန် စောင့်မျှော်နေမည့် မြတ်နိုးရာလေးဆီသို့...။

******

တည်မြဲစေ မိမိရှေ့တွင် ထိုင်နေသည့် ရေခဲမုန့်နှင့်ကိတ် တွဲဖက်စားသုံးနေသည့် ကောင်လေးအား ကြည့်နေမိသည်။ ကလေးငယ်သည် တစ်ဖက်တည်းဝတ်ထားသော ဘယ်ဘက်နားမှ စိန်နားကပ်လေးကိုလည်း တသသလုပ်နေသေး၏။

နက်ပြာရောင်ရှပ်ကို အပေါ်ကြယ်သီးဖြုတ်ဝတ်ထား၍ ဖွေးဥနေသည့်ရင်ဘတ်လေးက ဟတတလေး ပေါ်နေပြီး Sexy ကျချင်သလောက် ချစ်စရာကောင်းနေသည့် ကောင်လေးပါပင်။

အိမ်မကပ်ချင်သည့် ထိုကောင်လေးသည် ရက်အနည်းငယ် အိမ်တွင်းအောင်းလိုက်ရသည်နှင့် ဂဂျီဂဂျောင်နှင့် ဂျီကျလာတော့သည်။ ထို့ကြောင့် စိတ်ကျေနပ်စေရန် Dream ကော်ဖီဆိုင်လေးသို့ ခေါ်လာရခြင်းဖြစ်သည်။

မုန့်စားလိုက်၊ ရယ်ပြလိုက်လုပ်နေသည့် ကောင်လေးသည် ရံဖန်ရံခါ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြ၍လည်း ရေခဲမုန့်မည်မျှအရသာရှိကြောင်း သရုပ်ပြတတ်သေးသည်။

"ခေတ် တော်ပြီနော်။ များနေပြီ.. ချောင်းဆိုးလိမ့်မယ်"

"ချောင်းဆိုးရင် ကိုကို ဆေးတိုက်လေ"

နှုတ်ခမ်းထောင့်ပေနေသည့် ကိတ်မှုန့်လေးအား ဖယ်ပေးရန်ပြင်တော့လည်း မျက်နှာလေး ရှေ့တိုးကာ မော့ပေးလာ၏။

"ဆေးသောက်မဲ့အစား မဆိုးအောင်ဆင်ခြင်ရမှာပေါ့ ခေတ်ရ"

ရေခဲမုန့်ခွက်ကို သူဆွဲယူတော့ လက်နှစ်ဖက်နှင့် ပြန်ဆွဲထားကာ...

"ကိုကိုကလည်း.. ဒါလေးကုန်အောင်တော့ စားမယ်လေနော်"

Puppy eye လေးများနှင့်ကောင်လေးဟာ နှုတ်ထွက်စကားတိုင်းမှာ အလိုလိုက်ပစ်ချင်စရာ။

ခေတ်... မင်း ကိုကို့အားနည်းချက်ကို သိတယ်နော်...။

တည်မြဲစေ လူလည်လေးကို စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်သည်။

"ချောင်းဆိုးရင် ဆေးသောက်ရမှာနော်၊ ပေကတ်နေလို့မရဘူး"

"ရက်စ်... ကိုကိုတိုက်ရင် သောက်ပြီးသားပဲ။ ခုတော့ ဒါလေး လက်စသတ်လိုက်ဦးမယ်"

စားသုံးသူသည် သတိုးခေတ်ဖြစ်ပြီး ချိုအေးမှုသည် တည်မြဲစေရင်တွင် ဖြစ်တည်သည်မှာ ရေခဲမုန့်၏ နိယာမတစ်ခုပေလား...။

******

"ကိုကို.. လာပါဦး"

"ဘာလဲ ခေတ်ရ.. ကိုကို အလုပ်လုပ်နေတယ်"

"ကိုကိုရေ.. I need you. I miss you."

အိမ်ထဲတွင် အလုပ်လုပ်နေသည့်စေ့ကို ခြံထဲဆင်းထိုင်နေသည့်ခေတ်က ဖုန်းဆက်၍ ခေါ်နေခြင်းဖြစ်သည်။ ယခုတလော ခေတ်သည် ယခင်ကထက် ပို၍ဂျီလာပြီး ပို၍လည်း ချွဲလာသည်။ အလိုလိုက်ခံထားရသည့်ကလေးမို့ ပို၍လည်း ဆိုးချင်လာပြီး ပို၍လည်း ဇွတ်တရွတ်ဆန်လာသည်။

"ကို..ကို လာမှာလား မလာဘူးလား"

လေသံ အနည်းငယ်မာလာသည်မို့ စေ အလုပ်များကို ထားခဲ့ကာ ခြံထဲသို့ ဆင်းသွားလိုက်သည်။

"ပြော ဘာလဲ ပြော"

"လာ ဒီမှာထိုင်"

ဒန်းပေါ်ထိုင်နေသည့်ခေတ်က သူ့ဘေးသို့ ပုတ်ပြကာ ထိုင်ခိုင်းလေ၏။ ကလေးငယ်သည် အင်္ကျီအိတ်ကပ်နှစ်ခုတွင် လက်နှစ်ဖက်ထည့်ထားပြီး ကိုယ်ကို အနည်းငယ်လျှောကာ ကျောမှီထိုင်နေသည်။ လည်ပင်းကို အနည်းငယ်ဆန့်၍ ခေါင်းကိုလည်း မော့ထားသေးသည်။ ဝိုင်းဝိုင်းပြည့်ပြည့် လပြည့်ဝန်း၏ အေးမြမှုကို ခံစားနေဟန်...။ သူကတော့ ကလေးငယ်ဘေးဝင်ထိုင်လိုက်သည်။

"ကဲ ထိုင်ပြီ၊ ဘာလဲ ပြော"

"ဘာမှမဟုတ်ဘူး.. လွမ်းလို့"

"အချွဲလေး"

ဆံနွယ်ပျော့များကို ထိုးဖွမိတော့ ယခင်ရက်များက ပတ်တီးဖွေးဖွေးလေးကို သတိရမိသွားသည်။ ထို့အတူ ‘ခေတ်က အပြင်‌ဆေးခန်းမှာ သတိလစ်နေခဲ့တာ။ သတိရလာမှ အိမ်ကိုပြန်လာတာ' ဆိုသည့် သူရစုံစမ်းပေးသော သတင်းများကိုလည်း ပြန်လည်ကြားယောင်လာမိသည်။ ကလေးငယ်သည် သူ့ကိုတော့ ‘အိပ်ပျော်နေလို့' ဟုသာ ဖြေခဲ့သည်။ သူစိတ်မပူစေရန် လျှို့ဝှက်ထားခဲ့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ခေတ်ရာ။ ကိုကိုက ခေတ်ကို စိတ်မပူဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ထိုနေ့က အပြင်ဆေးခန်းတစ်ခုရှေ့ ပလက်ဖောင်းပေါ်တွင် သတိမေ့နေသောခေတ်ကို ထိုဆေးခန်းမှ ဆရာဝန်က ဆေးခန်းပိတ်ပြီး အိမ်ပြန်ရန်အပြင်တွင် မြင်သွားပြီး သတိမေ့နေသောခေတ်ကို ဆေးခန်းထဲခေါ်လာကာ သတိရလာသည်အထိ ထိုင်စောင့်ပေးပြီး ဒဏ်ရာများကိုလည်း ကုသပေးခဲ့သည်။ ဆေးခန်းသည် ပုံမှန်ဆိုလျှင် ည ၁၀ နာရီအထိသာ ဖွင့်တတ်သော်လည်း ထိုနေ့က ထိုဆရာဝန်လေးသည် ဆေးခန်းတွင်အိပ်ပြီး တစ်ရေးနိုးမှ အိမ်ထပြန်ရန် ပြင်ခဲ့ခြင်းကိုပင် ကျေးဇူးတင်ရမည်။ ထို့ကြောင့်သာ ခေတ် ကံကောင်းသွားရသည်။

ဤသို့မဟုတ်ပါက...၊ ခေတ်သည် ဆေးခန်း‌ရှေ့၌ သတိမေ့နေခြင်းမဟုတ်ဘဲ အခြားနေရာတွင် ရောက်နေပါက....၊ ထိုဆရာဝန်လေးသည် ပုံမှန်အတိုင်း ည ၁၀ နာရီတွင် ဆေးခန်းပိတ်ပြီး ပြန်သွားပါက....၊ သို့တည်းမဟုတ် တစ်ရေးနိုးထ အိမ်မပြန်ဘဲ ဆေးခန်းတံခါးကို ဖွင့်မကြည့်မိပါက....၊ ခေတ်ကို တွေ့မသွားပါက.....။


စေ ခေတ်ဆံနွယ်ပျော့များကြား လက်ထိုးကာ သပ်ပေးရင်း...

"ခေတ်.. မဆိုးနဲ့တော့နော်။ နောက်ဆို ရန်မဖြစ်နဲ့တော့"

"ဖြစ်မှာပဲ။ ကျွန်တော့်ကို လာစရင် ဖြစ်မှာပဲ"

"ပြောနေတာကို မရဘူးနော်"

"မရဘူး။ ကျွန်တော့်ကို သည်းမခံနိုင်အောင် လာလုပ်ရင် ဖြစ်မှာပဲ"

ဂျစ်ကန်ကန် ပြန်ဖြေနေသည်က အသည်းယားစရာ။ သို့သော် အပြောနှင့်လက်တွေ့ ထပ်တူကျတတ်သည့် ကလေးငယ်အတွက် စေတစ်ယောက် ရတက်မအေးနိုင်ရှာ။

"ခေတ်.. တကယ်လို့ အံ့သာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီအချိန်မှာ ကိုကိုနဲ့ခေတ် အခုလို အတူတူထိုင်နေနိုင်ဦးမယ်ထင်လား"

"အခု ဘာမှဖြစ်မသွားဘူးမလား။ ကျွန်တော့်ကို ယုံပါ။ ကိုကို့စိတ်ထဲမှာ အဲဒါကြီးပဲ စွဲမနေပါနဲ့"

"ခေတ်က ဘာမှမတွေးဘူး။ ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း မတွေးဘူး။ လုပ်ချင်ရာ လုပ်ပစ်လိုက်တာပဲ။ အဲဒီတုန်းက ကိုကို ဘယ်လောက် ထိတ်လန့်နေခဲ့ရတယ်မှတ်လဲ"

"အင်းပါ.. ကျွန်တော် လိမ္မာပါ့မယ်"

"ဘယ်လိုလိမ္မာမှာလဲ"

"ကိုကို့စကားလည်း နားထောင်မယ်။ ကိုကို့အလုပ်တွေလည်း ကူလုပ်မယ်။ ကိုကို့နောက် တကောက်ကောက်လိုက်မယ်။ ကိုကိုရုံးသွားရင်လည်း လိုက်မယ်။ ကိုကိုဘယ်သွားသွား လိုက်မယ်။ ကိုကို့အရိပ်လေးလုပ်ပြီး လိမ္မာမယ်။ ကဲ ဒါဆို ရပြီလား"

နှုတ်ခမ်းပါးလေးတွင် အပြုံးများချိတ်ဆွဲကာ သူ့မျက်နှာကို ကြည့်၍ တစ်ခုချင်းပြောနေသည်မှာ သံသရာတစ်လျှောက်လုံးစာ ပုံအောချစ်ပစ်လိုက်ချင်စရာ။ 

ရွှင်ကြည်သည့် မျက်နှာလေးထက် ပြုံးရယ်သည့် အကြည့်လေးများနှင့် နီစွေးစွေးနှုတ်ခမ်းပါးလေးမှ တီတာချိုစကားလေးများဖြင့် သူ့အသည်းအား ခြွေယူနေပုံမှာ လွတ်လပ်ပေါ့ပါးကာ အပြစ်ကင်းစင်လွန်းလှပါဘိ။

တွတ်တီးတွတ်တာ ပလီပလာလုပ်နေသည်မှာ တယောသံလေးပမာ ငြိမ့်ညောင်းလှပါဘိ။

သာယာချိုအေးလှပါဘိ။

နာပျော်ဖွယ်ကောင်းလှပါဘိ။

ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းလှပါဘိ။

ထို့အတူ...

ရင်မောစိုးထိတ်ဖွယ်လည်း ကောင်းလှပါဘိ။

******

ခေတ် နေ့လယ်ခင်းအိပ်ရာနိုး၍ အောက်ထပ်ဆင်းလာချိန် ထမင်းစားခန်းထဲမှ ကြားလိုက်ရသည့် စကားပြောသံများကြောင့် မျက်မှောင်ကုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အသံသည် အမျိုးသမီးသံ ဖြစ်နေသောကြောင့်ပင်။

အိမ်တွင် ကိုကိုနှင့်သူ့အပြင် ခြံစောင့်ဦးလေးသာ ရှိသည်။ သုံးဦးလုံး အမျိုးသားများဖြစ်ပြီး ခြံစောင့်ဦးလေးလည်း သူ့မိသားစုရှိရာသို့ ပြန်သွားလေပြီ။ ခေတ်ရောက်သည့် ရက်ရေမှစ ဧည့်သည်ဟူ၍လည်း ကိုသူရတစ်ယောက်သာ လာတတ်သည်။ ထို့ကြောင့် အမျိုးသမီးသံ ထွက်ပေါ်လာစရာ အကြောင်းမရှိချေ။

သိချင်စိတ်ကြောင့် ထမင်းစားခန်းထဲ ပြေးဝင်လိုက်တော့ အမှန်ပင် ကိုကိုနှင့် အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူ့ကိုမြင်သည်နှင့် ကိုကိုက လှမ်းခေါ်သည်။

"ခေတ်.. လာလေ"

ကိုကို့အသံကြားသည်နှင့် အေပရွန်ချွတ်နေသည့် ထိုအမျိုးသမီးကလည်း လှည့်ကြည့်သည်။ ခေတ်ကိုမြင်တော့ အေးချမ်းစွာ ပြုံးပြရှာသည်။ ခေတ် ထိုအမျိုးသမီးအား ခေါင်းညိတ်ပြလိုက်ကာ ကိုကို့ဘေး ဝင်ထိုင်လိုက်သည်။

"မှုံနံ့သာ.. သတိုးခေတ်လေ။ ခေတ်.. သူ့နာမည် မှုံနံ့သာတဲ့။ ကိုကို့မိတ်ဆွေ"

ခေတ် ထိုအမျိုးသမီးအား ဒုတိယအကြိမ် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ တစ်ခါမျှမမြင်ဖူးသော အမျိုးသမီးတစ်ယောက် အိမ်ပေါ်ရောက်နေသည်ကို ယခုထိ နားမလည်နိုင်သေး။ ထိုအမျိုးသမီးကတော့ ခေတ်နှင့်မျက်နှာချင်းဆိုင် ဝင်ထိုင်ကာ...

"ဒီတော့ ဒါလေးက ကိုစေ့ညီလေးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်။ မမက မောင်လေးပရိသတ်ပါ"

"ဗျာ"

"ကိုစေတင်တင်နေတဲ့ ခေတ်စကိတ်စီးတဲ့ ဗီဒီယိုတွေကြည့်ရင်းနဲ့ ခေတ်ပရိသတ်ဖြစ်လာတယ်ဆိုပါတော့"

"ဟုတ်ကဲ့.. ကျေးဇူးပါဗျ"

ခေတ် ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုတော့ ထိုမမက ခေတ်ကို နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြပြန်သည်။

"အန်တီလှိုင်က သူ့သားငယ်လေး နေမကောင်းနေလို့ သွားကြည့်ပေးပါဦးဆိုလို့ မမက လာကြည့်တာ။ ကြည့်ရတာ နေကောင်းပုံပါပဲ"

"ဗျာ"

"မှုံနံ့သာက မာမီ့ကို အန်တီလှိုင်လို့ခေါ်တာလေ"

နားမလည်နိုင်ဖြစ်နေသည့် ခေတ်ကို စေက ရှင်းပြ၏။

"မမ ခေါက်ဆွဲပြုတ်ပေးထားတယ်.. စားတော့မလား"

ခေတ် ခေါင်းညိတ်ပြလိုက်မိသည်လား ခေါင်းခါပြလိုက်သည်လား မသိသော်လည်း ခေါက်ဆွဲပြုတ်သုံးပန်းကန်ကတော့ လူသုံးဦးရှေ့တွင် အဆင်သင့်ဖြစ်နေလေပြီ။

အဖြစ်အပျက်များသည် သူ့ဦးနှောက်နှင့် လိုက်မမီလောက်အောင် နားလည်ရခက်လွန်းသည်။ ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုသည် သူ့ပန်းကန်ထဲမှ ငုံးဥများကို ဖယ်ပေးနေပြီး ကိုကို့ပန်းကန်ထဲမှ broccoli များကို သူ့ပန်းကန်ထဲသို့ ထည့်ပေးနေသည်။ ထို့နောက် သူ့ရှေ့မှ ခေါက်ဆွဲပန်းကန်လုံးကို သူ့အဝေးသို့ အနည်းငယ်တိုးလိုက်ပြီး ပန်းကန်အသေးတစ်လုံး ထယူသည်။ ထို့နောက် ခေါက်ဆွဲနှင့်ဟင်းရည်အနည်းငယ်ကို အသစ်ယူလာသော ပန်းကန်လုံးအသေးထဲသို့ ထည့်ပြီး ဇွန်းပါ ထည့်ပေးလေသည်။ ထို့နောက် သူ့အား ပြုံးပြလာသည်။

"ဖြည်းဖြည်းစား.. ပူသေးတယ်"

ခေတ် အရည်တစ်ဇွန်း သောက်ကြည့်လိုက်သည်။

"ကောင်းလား ခေတ်။ အန်တီလှိုင့်လက်ရာတော့ မမီဘူးပေါ့"

"ကောင်းပါတယ်"

ခေတ် တိုးဖွဖွ အဖြေပေးလိုက်တော့ ကိုကိုက ခေတ်ခေါင်းပေါ် လက်တင်လာပြီး ထိုအမျိုးသမီးအား...

"ခေတ်က ဂျီးများတယ်။ သူကောင်းတယ်ဆိုရင် သူတကယ်ကြိုက်လို့ပဲ"

"ဝပြီ.. တော်ပြီ"

ခေတ် ကိုကိုထည့်ပေးသည့် ပန်းကန်လုံးအသေးကို အသက်ပင်မရှုဘဲ အမြန်ဆုံး ကုန်အောင်သောက်လိုက်ပစ်ပြီး ထထွက်လာလိုက်သည်။ သို့သော် ထမင်းစားခန်းမှ ပျံ့လွင့်လာသည့် ကိုကိုနှင့် ထိုအမျိုးသမီး၏ အသံများကိုတော့ ကြားနေရဆဲ...။

"ခေတ်က သိပ်မကြိုက်ဘူးထင်တယ်။ မှုံနံ့သာလက်ရာ မကောင်းဘူးလား ကိုစေ"

"ကောင်းပါတယ်။ ခေတ်က နဂိုကတည်းက အစားနည်းလို့ပါ"

မည်သို့ပင် မာမီနှင့်ရင်းနှီးပြီး မည်သို့ပင် ကိုကို့မိတ်ဆွေဖြစ်နေပါစေ၊ ခေတ်တို့အိမ်၏ မီးဖိုချောင်ထဲထိ ရောက်‌နေသော အပြုံးချိုသည့် ထိုသူစိမ်းအမျိုးသမီးကို ခေတ် နည်းနည်းလေးမျှ သဘောမကျပါ။

ခိုနားရာ (Completed)Where stories live. Discover now