18

5K 476 43
                                    

Unicode


ကျောင်းပိတ်ရက်နေ့လယ်ခင်းတစ်ခုတွင် သူရိန်နှင့်နေမခ ဆိုင်တစ်ဆိုင်တွင်ထိုင်ကာ အအေးသောက်နေကြသည်။ ဥပဒေကျောင်းသား ဇေသူရိန်မှာ အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ယခင်ကအတိုင်း မပြောင်းလဲသော်လည်း စီးပွားရေးတက္ကသိုလ်ကျောင်းသား နေမခကတော့ ခန္ဓာကိုယ် သိသိသာသာဖွံ့ဖြိုးလာကာ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီး ဖြစ်လာခဲ့သည်။ ကျောင်းတွင် သူ့ကို မသိသူမရှိ.. ယောကျ်ားလေး၊ မိန်းကလေး ကျား၊မ မရွေး၏ စိတ်ဝင်စားခြင်းကို ခံရသည့် နေမခပါပင်။ ထို့ကြောင့် နေမခသည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ထက် ကိုကိုပျိုပျိုမ‌ရွေးကြိုက်သည့် နှင်းဆီခိုင်ကြီးပါပင်။ ထိုအချက်ကပင် သူရိန့်အပေါ် နေမခ ကပ်တိုးလေးကြွားရသည့် အချက်ဖြစ်လေသည်။

သူ့ရုပ်ရည်အပေါ် စိတ်ကြီးဝင်နေသည့်နေမခကို သူရိန်ကတော့ တစ်စက်လေးမျှပင် ကြည့်မရချေ။ သို့သော် သူတစ်ယောက်တည်းဖြင့်တော့ နေမခကို မနိုင်။ ခေတ်ရှိနေလျှင် ခေတ်ကို အားကိုးရဦးမည်။ နေမခ၏ ယခုပုံစံကိုမြင်လျှင် ခေတ်သည်လည်း နေမခအား မျက်ကြောတင်းမှာ သေချာသည်။

"သူရိန်.. မင်း ဘာလို့ အခုလို ပိန်ကပ်နေတာလဲ သိလား"

သူရိန် လိမ္မော်ရည်ကို ပိုက်ဖြင့် စုပ်လိုက်သည်။

"ဘာလို့လဲ"

"မနာလိုစိတ်တွေ များနေလို့။ အခု မင်းငါ့ကို ကြည့်နေတဲ့မျက်လုံးကို ငါသိတယ်။ ငါက မင်းထက်ပိုချောနေတာကို မနာလိုနေတာ။ အဲဒီလို ငါ့အပေါ် မနာလိုဝန်တိုတဲ့ ဣဿာမစ္ဆရိယစိတ်တွေ ပွားနေလို့ စားသမျှ အသားမဖြစ်ဘဲ ပိန်နေတာ"

"အဲဒီတော့ မင်းငါ့ကို ခေါ်လိုက်တာ အဲဒါရှင်းပြဖို့လား"

"အဲလိုတော့ မဟုတ်ပါဘူး။ ဒါက လမ်းကြုံတုန်း မင်းကိုယ်မင်း မသိသေးတာတွေ သိအောင်လို့ သင်ပြတာ"

"ဒါဆို အဓိကအကြောင်းအရင်းက ဘာလဲ"

"ငါ့ဘ၀ မင်းကယ်မှဖြစ်မယ့် အန္တရာယ်ထဲ ကျရောက်နေလို့"

"ဒါဆို ပြန်တော့မယ်"

စားပွဲပေါ်မှ ဆိုင်ကယ်သော့ကောက်ကိုင်လိုက်သော သူရိန့်လက်ကို နေမခ ဆွဲထားလိုက်သည်။

"မင်းကလည်း.. နေပါဦး။ ဒီလိုကွာ.. အခု ငါ့ကို အတင်းကပ်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ကွာ။ သူ့ကိုလိုက်နေတဲ့ဘဲကြီးကလည်း ငါ့ကိုမြင်တိုင်း စားမလို ဝါးမလို မျက်လုံးကြီးနဲ့ ကြည့်တာကွာ။ ငါက အသည်းနုတော့ ကြောက်တယ်ကွာ"

နောက်ဆုံးစကားလုံးကြောင့် သူရိန် မျက်လုံးလှန်မိသွားသည်။ ထို့နောက်မှ...

"အဲဒီတော့..."

"အဲဒီတော့ ငါ့မှာ ကောင်လေးရှိတယ်လို့ ပြောလိုက်တယ်။ မင်း ငါ့ရည်းစား ခဏဖြစ်ပေး"

"မင်းက လုပ်ပြန်ပြီကွာ ခဏခဏ။ ရည်းစားအတည်ထားလိုက်တော့ဆိုတော့လည်း မထားဘူး"

"ငါမှ မထားချင်တာ။ မင်းကလည်း ကူညီပါကွာ.. နော်။ ခဏလေးပဲကွာ.. တစ်နာရီတောင်မကြာဘူး"

သူရိန် နေမခစကားအား မကြားဟန်ဆောင်၍ အအေးကိုသာ အရသာခံသောက်နေသည်။

"မင်းကြိုက်တာ တောင်းဆိုကွာ.. ငါလိုက်လျောမယ်"

"သေချာလား"

"သေချာတယ်"

"ဒါဆို ဒီအအေးဖိုးမင်းရှင်း"

"ရှင်းမယ်"

"တစ်လစာ မုန့်အပြည့်အစုံဝယ်ပေးရမယ်"

"ပေးမယ်"

"ဂီတာတီးသင်ပေးရမယ်"

"ရတယ်"

"ပြီးရော"

နေမခတို့ဘေးဝိုင်းမှ ကောင်မလေးများကတော့ သူရိန်နှင့်နေမခပြောနေသည်များကို နားထောင်အပြီး အချင်းချင်း မျက်စပစ်လိုက်ကြသည်။ မျက်လုံးလေးများမှာလည်း တလက်လက် တောက်ပလျက်။

နေမခဆိုသည်မှာလည်း သူရိန်ကိုမှ အပူမကပ်ရလျှင် စားမဝင်၊ အိပ်မပျော်ရှာသူ...။ သူရိန့်ကျောင်းသို့ နေမခလာလည်လျှင် အချို့သောကောင်မလေးများက နေမခကို ငေး၍ အချို့ကတော့ သူရိန်နှင့်နေမခကို ချစ်သူတွေဟု ထင်တတ်ကြ၏။ မထင်သူများကလည်း သူတို့နှစ်ယောက်တွဲရန် သဘောတူကြ၏။ သို့သော် နေမခသည် စွေ့ခနဲကောက်ချီလျှင် ပါလာနိုင်လောက်မည့် ပိစိကွေးသေး ကောင်မလေးများကိုသာ အသည်းယားကာ ချစ်တတ်ကြောင်းကိုတော့ သူတို့ မသိရှာကြပေ။ ထိုအကြောင်းကို ခေတ်၊ သူရိန်နှင့် နေမခအိမ်မှ ခွေးပေါက်လေး Ace သာ သိကြပေလိမ့်မည်။

နှစ်ယောက်တည်းကျန်ခဲ့သည့်နောက်ပိုင်း နေမခ၏ အရှုပ်တော်ပုံများကို သူရိန်ပင် လိုက်ရှင်းနေရသည်။ နေမခ၏ ရည်းစားအဖြစ် ဟန်ဆောင်ပေးရသည်မှာလည်း အကြိမ်ကြိမ်အခါခါ။

ယခင်ကအတိုင်းဆိုလျှင် မည်သည့်ကိစ္စကိုမဆို သုံးယောက်ခေါင်းချင်းဆိုင်ကာ ဖြေရှင်းကြလိမ့်မည်။ ယခု အအေးထိုင်သောက်နေသည်မှာလည်း နှစ်ယောက်မဟုတ်ဘဲ သုံးယောက်ဖြစ်ပေလိမ့်မည်။ ခေတ်မရှိတော့ အရာရာတွင် တစ်အားလျော့သလို ခံစားရသည်။ စဉ်းစားနေရင်းမှ ခေတ်ကို သတိရလာသည်။ ခေတ်တို့ ပြောင်းသွားသည်မှာ နွေ၊ မိုး၊ ဆောင်း နှစ်ရာသီတောင် ကြာညောင်းခဲ့လေပြီ။

******

ယနေ့ အားလပ်ရက်ဖြစ်သောကြောင့် သူငယ်ချင်းနှစ်ယောက်နှင့်အတူ ခေတ် skatepark သို့ စကိတ်လာစီးဖြစ်သည်။ Skatepark တွင် ခေတ်တို့နှင့်ရင်းနှီးနေသည့် အဖွဲ့ရှိနေ၍ ခေတ်တို့သုံးယောက် ထိုအဖွဲ့နှင့် ပူးပေါင်းလိုက်သည်။ ထိုအုပ်စုတွင် အဖွဲ့ဝင် ခြောက်ယောက်ရှိပြီး ထိုအဖွဲ့နှင့် စကိတ်စီးရသည်ကို ခေတ်ပျော်သည်။ အဖွဲ့သားအားလုံးသည် ပြိုင်ပွဲအတွေ့အကြုံများစွာရှိရာ ထိုအဖွဲ့နှင့်ခင်မင်ခွင့်ရခြင်းက ခေတ်အတွက် ပညာရစေသည်။

ခေတ်သည် စကိတ်စီးနေရလျှင် အစဉ်အမြဲ ‌‌တက်ကြွရွှင်လန်းနေတတ်သည်။ မျက်နှာထက်တွင် လူငယ်ဆန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည်။ စကိတ်စီးခြင်းကို ခေတ် နှစ်သက်သည်။ လေထဲသို့မြောက်တတ်သွားပြီး လေထဲတွင်နေရသည့် ခံစားချက်ကို ခေတ် ကြိုက်သည်။ စွန့်စားရသည်ကို ခေတ် ခုံမင်သည်။ မည်မျှပင် မောပန်းနေပါစေ... စကိတ်ဖြည်းဖြည်းစီးလိုက်လျှင် ခန္ဓာကိုယ်သို့ တိုးဝင်လာမည့် လေအေးအေးကို ခေတ် မက်မောသည်။

အချိန်အတော်ကြာ ကစားပြီးနောက် အိမ်ပြန်ရန် ရပ်လိုက်ကြသည်။ အိမ်မပြန်မီ သုံးယောက်သား အခြားသူများ ကစားနေကြသည်ကို ထိုင်ကြည့်ဖြစ်ကြသည်။ Skater အချို့ကလည်း ခေတ်နှင့် လက်ဝါးချင်း လာရိုက်တတ်သေးသည်။ သတိုးခေတ်၏ လေပြေညင်းနှယ် နူးညံ့သည့် အပြုံးချိုချိုနှင့် ခင်မင်ဖော်ရွေကာ သဘောကောင်းသည့် လူငယ်ဆန်မှုလေးကို တွေ့မြင်နိုင်သည်မှာ တစ်နေရာသာ ရှိပေသည်။ ဤသည်က skatepark တွင်သာ ဖြစ်သည်။

ခေတ် အုတ်ခုံပေါ်တွင် ခြေချထိုင်ကာ အခြား skater များကို ကြည့်နေသည်။ Slope အဆင်းတွင် အကွက်ဆန်းထွင်ချင်၍ ဒူးတွင် ဒဏ်ရာတစ်ခု လက်ဆောင်ရထားသည်။ စကိတ်စီးခြင်းကပေးသော လက်ဆောင်ပါပေ။ ဘောင်းဘီတိုဝတ်ထားသောကြောင့် ဒူးမှ ပွန်းရာလေးကို အတိုင်းသား မြင်နေရသည်။ နာကျင်သည်ဟု မခံစားရသောကြောင့် ခေတ် အမှတ်မထင်သာ နေလိုက်သည်။ သည်လက်ဆောင်တွေက ခေတ်နှင့် အသားကျနေပါပြီ။

ရုတ်တရက် ခေတ်ရှေ့သို့ ဒူးထောက်ထိုင်ချလိုက်သည့် လူတစ်ယောက်...။

ခေတ် ထိုလူအားကြည့်နေစဉ် ထိုလူက ခေတ်ဒဏ်ရာအား spray ဖြင့် ဖျန်းပေးနေ၏။ ထို့နောက်မှ ခေတ်ကို မော့ကြည့်၍ နူးညံ့စွာ ပြုံးပြလာ၏။

"ဒဏ်ရာကို ဂရုစိုက်မှပေါ့"

ခေတ် ချက်ချင်း မတ်တပ်ရပ်လိုက်သောအခါ ထိုလူပါ ထ,ရပ်လာ၏။ ထို့နောက် ခေတ်ကို မိတ်ဟောင်းဆွေဟောင်းများ ပြန်တွေ့သည့်ပုံစံဖြင့် နှုတ်ဆက်လာ၏။

"မတွေ့တာကြာပြီနော် ခေတ်။ ကိုယ်က သတိရနေတာ"

ခေတ် လွယ်အိတ်ကို ကောက်လွယ်၍ စကိတ်ဘုတ်ကို လက်မှကိုင်ကာ ထိုလူရှေ့မှ ထွက်ခဲ့လိုက်သည်။ ခေတ်သူငယ်ချင်းနှစ်ယောက်လည်း နောက်မှ လိုက်လာပါလိမ့်မည်။

ဧကဘုဏ်းခေါင် ထွက်ခွာသွားသော ကျောပြင်လေးကိုကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးနေမိသည်။ သည်ကောင်လေးကို သူသဘောကျသည်။ သူ့လူသုံးယောက်နှင့်ယှဉ်ကာ တိုက်ခိုက်ရဲသည့် ထိုကောင်လေးကို မြင်မြင်ချင်း သဘောကျမိခဲ့ရသည်။ ဖြူဖြူသေးသေးကောင်လေးသည် အကြမ်းလည်းခံသည်။ မဟုတ်မခံနှင့် စိတ်ဆတ်ပုံလည်းပေါ်ပြီး မာနလည်း ကြီးပုံရသည်။ သူ့ကို ဘယ်သူမျှ သွားရှုပ်လို့မရ။ လာရှုပ်လျှင် ကန်ထုတ်မည် ဆိုလျှင်တောင် အနည်းဆုံးတော့ အကန်ခံ၍ အဖက်လုပ်ခံရလိမ့်ဦးမည်။ ယခုတော့ သူ့ကို တည်ရှိသည်ဟုပင် မမှတ်သော ကောင်လေးကြောင့် ဧကဘုဏ်းခေါင် သိက္ခာကျရသည်။

ဒုတိယတွေ့ဆုံမှုတွင် ထိုကောင်လေးက သူ၏ မိတ်ဆွေဖြစ်ရန် ကမ်းလှမ်းမှုကို အကြောင်းမပြန်ခြင်းဖြင့် ငြင်းဆိုခဲ့သည်။ တတိယတွေ့ဆုံမှုသည် ဆိုင်တစ်ဆိုင်တွင် ထိုကောင်လေးက knee pad ဝယ်နေခြင်းဖြစ်သည်။ ထိုအချိန်က မိတ်ဆွေဖြစ်ခွင့်ရရန် knee pad များစွာ အိမ်အရောက်ပို့ပေးခဲ့သော်လည်း ထိုကောင်လေးက သူ့ကို အနားပင် အကပ်မခံပေ။ ယခု စတုတ္ထတွေ့ဆုံမှုတွင်လည်း သူ လျစ်လျူရှုခံရပြန်ပါပြီ။ ထိုသို့ဆိုလျှင် ပထမဆုံးတွေ့ဆုံမှုတွင်ရော ထိုကောင်လေးက သူ့ကို အဖက်လုပ်ခဲ့ပါရဲ့လား...။

လူက ကားထဲတွင်ထိုင်နေသော်လည်း အတွေးတို့က လွန်ခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်ခန့်ဆီ...။

ဧက အလုပ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေချိန်တွင် ထိုကောင်လေးနှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က စကိတ်စီးလာသည့် ကောင်လေးသုံးယောက်နှင့် သူ ဆုံခဲ့ရသည်။ မှောင်ရီပျိုးစအချိန် မရင်းနှီးသည့်ရပ်ကွက်ထဲတွင် ဆိုင်ကယ်ဆီပြတ်ကာ မယောင်မလည်နှင့် ဒုက္ခရောက်နေသည့်သူ့ကို အထက်တန်းကျောင်းသားအရွယ် ထိုက‌လေးငယ်သုံးယောက်က ကူညီခဲ့ရှာသည်။

ကောင်လေးနှစ်ယောက်သည် ဆီသွားဝယ်ပေးပြီး တစ်ယောက်ကတော့ သူနှင့် နေရစ်ခဲ့သည်။

သူနှင့်နေခဲ့သည့်ကောင်လေးသည် အစမှအဆုံးတိုင် သူ့အား စကားတစ်ခွန်းပင် မပြောဘဲ စကိတ်ဘုတ်ပေါ်ထိုင်ကာ ဖုန်းသာဆော့နေလေသည်။ နို့နံ့ပင်စင်ဟန်မရှိသေးသည့် ကောင်လေးသည် ယခုမှတွေ့ဖူးသည့် သူစိမ်းတစ်ယောက်ကိုလည်း ကြောက်ပုံမပေါ်။ ဖုန်းကိုသာ စိတ်ဝင်စားနေပြီး ပတ်ဝန်းကျင်ကို အဆက်အသွယ်ဖြတ်ထားသည်မှာ လူငယ်လေးတစ်ယောက်က သူ့အား လာမရှာခင်အချိန်အထိပင် ဖြစ်သည်။

"ခေတ်"

ထိုအသံထွက်ပေါ်လာမှပင် ကောင်လေးသည် အသံပိုင်ရှင်အား ခေါင်းမော့ရှာလေသည်။ ထို့နောက် သူ့အား နှုတ်ဆက်ခြင်းအလျဉ်းမရှိဘဲ ခပ်လှမ်းလှမ်းမှ အသံပိုင်ရှင်နောက်သို့ လိုက်ပါသွားလေသည်။ ထိုအကြောင်းအား ဆီဝယ်၍ပြန်လာသည့် ကောင်လေးနှစ်ယောက်ကို ပြောပြရာ ထိုကလေးများထံမှ ‘သြော်' ဟူသော တုန့်ပြန်မှု တစ်ခုသာ ရခဲ့သည်။ ထိုနေ့မှစ၍ ကောင်လေးအကြောင်းအား သူစုံစမ်းခဲ့သည်။ ကောင်လေးအကြောင်းကို ပိုသိလေ.. ကောင်လေးကို သူ့အနားသို့ ပိုခေါ်ထားချင်လေ ဖြစ်ခဲ့ရသည်။

ဧကဘုဏ်းခေါင်... ငါသာဘုရင်၊ ငါသာသခင်၊ ငါသာအရှင်၊ ငါတစ်ဦးတစ်ယောက်တည်းသာ ဟူသော သူ့ဘဝတွင် ချစ်စရာ ရှင်ဘုရင်ငယ်လေးတစ်ပါးကို အနား ခေါ်ထားချင်မိခဲ့သည်။ သို့သော်ငြား ဤရှင်ဘုရင်ငယ်လေးမှာလည်း သူ့အား ရှိသည်ဟုပင် မထင်မှတ်လေသည်မှာ သူ၏ ကံဆိုးခြင်းပေလော...။ သို့တည်းမဟုတ် သူတွေ့ခဲ့ဖူးသော လူငယ်လေး၏ ကံကောင်းခြင်းပေလော...။

******

စကိတ်စီးခြင်းမှလွဲ၍ အခြားဘာမျှစိတ်မဝင်စားသည့် ခေတ်.. ဘိုး၏ စီးပွားရေးလောကမှတော့ ကွင်းလုံးကျွတ် ရှောင်မပြေးနိုင်။ ဘိုး သူ၏ စီးပွားဖက်များနှင့်ဖြစ်စေ၊ သူ၏ မိတ်ဆွေများနှင့်ဖြစ်စေ ဂေါက်ရိုက်သည့်အခါ ခေတ်အမြဲပါရသည်။ ပွဲသေးသေးကြီးကြီး တက်ရလျှင်လည်း ခေတ်လိုက်ရသည်။ လစဉ် ကုမ္ပဏီရှယ်ယာရှင်အစည်းအဝေးများတက်ရလျှင်လည်း ခေတ် လိုက်စောင့်ပေးရသည်။ အစည်းအဝေးနှင့်ပတ်သက်၍ ဘိုး၏လက်ထောက်ပြောပြသော ဘိုးသိထားရမည့်အချက်အလက်များကို ဘိုးနှင့်အတူ သူပါ နားထောင်ရသည်။ ဘိုးနောက်လိုက်ရင်းဖြင့် စီးပွားရေးလောကအသိုင်းအဝိုင်းတွင်လည်း ခေတ်မျက်နှာကို မြင်တွေ့ဖူးနေကြပြီ။ ယခုလည်း Entertainment ကုမ္ပဏီတစ်ခု၏ ဥက္ကဌကြီးမွေးနေ့သို့ ဘိုးနှင့်အတူ ရောက်ရှိနေရပြန်ပြီ။

Entertainment ကုမ္ပဏီဥက္ကဌ၏ မွေးနေ့ပွဲဖြစ်သောကြောင့် အနုပညာလောကသားများ တက်ရောက်ကြသည်က ထုံးစံပင်ဖြစ်သည်။ နာမည်ကြီးအနုပညာရှင်များကတော့ ချွင်းချက်မရှိ။ တက်ရောက်သူများတွင် ခေတ်တို့ကဲ့သို့ မြန်မာလူမျိုး မိတ်ဆွေများလည်း ပါသည်။

မြေးကိုပွဲထုတ်ချင်သည့်ဘိုးသည် စီးပွားဖက်များနှင့်ရော နိုင်ငံရေးအသိုင်းအဝိုင်းမှ မိတ်ဆွေများနှင့်ပါ ခေတ်ကို မိတ်ဆက်ပေးသည်။ ‌မွေးနေ့ပွဲလား၊ စီးပွားရေးအကျိုးအမြတ်အတွက် အခွင့်အလမ်းရှာသည့်ပွဲလား ခေတ် မသဲကွဲပါချေ။ ထို့နောက် ဘိုးသည် လူကြီးများဝိုင်းတွင်နေခဲ့ပြီး ခေတ်ကိုတော့ လွတ်လွတ်လပ်လပ်နေစေသည်။ လူငယ်များသည်လည်း ထိုင်သူကထိုင်၊ ရပ်သူကရပ်နှင့် သူ့အုပ်စုနှင့်သူ အဖွဲ့ကျနေကြသည်။

ခေတ် မာတီနီတစ်ခွက်ကိုင်ကာ အလင်းရောင်သိပ်မရသော စားပွဲသို့ သွားထိုင်လိုက်သည်။ ထိုစားပွဲတွင် လူတစ်ယောက်မျှမရှိ။ ယခု ခေတ်တစ်ယောက်သာ ရှိသည်။ အခြားလူငယ်များကတော့ သွက်လက်ပါးနပ်စွာပင် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့နေကြသည်။ ခေတ် စားပွဲတွင်ထိုင်ရင်း ထိုအဖွဲ့ကျနေသောလူငယ်များကို ကြည့်နေလိုက်သည်။

ထိုစဉ် မြင်ကွင်းသို့ဝင်လာသည့် ထူးခြားသည့်အရှိန်အဝါနှင့် အမျိုးသားတစ်ဦး...။ ဘေးတွင်လည်း အမျိုးသားပါတနာတစ်ယောက် ပါလာသေး၏။ သူဝင်လာသည်နှင့် မွေးနေ့ရှင်နှင့် အတူထိုင်နေသည့် ဘိုးတို့ဝိုင်းသွားကာ နှုတ်ဆက်စကားပြော၏။ သူ့ပါတနာသည် အလိုက်သိစွာရှောင်ပေးပြီး သူကတော့ အဘိုးကြီးများဝိုင်းတွင် ပွဲကျနေ၏။ မွေးနေ့ရှင်ဥက္ကဌကြီးသည်ပင် သူ့ပခုံးကိုပုတ်ကာပွတ်ကာဖြင့် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြောဆိုနေသေး၏။

ထိုလူ ထိုဝိုင်းမှ ထသွားသည်နှင့် အုပ်စုဖွဲ့နေသော လူငယ်လေးများထဲမှ ကြည့်ကောင်းသည့်ကောင်လေးတစ်ယောက်သည် သူ့ထံသို့သွားကာ ခွက်ချင်းတိုက်၏။ ထို့နောက် မိနစ်အနည်းငယ် စကားပြောကာ နှုတ်ဆက်လိုက်ကြပြန်၏။ ထိုလူ ခေတ်ထံသို့ တန်းတန်းမတ်မတ်လျှောက်လာချိန်တွင် ခေတ် လက်ထဲမှ မာတီနီကို တစ်ငုံ သောက်လိုက်သည်။

"ပျင်းနေပြီလား"

သူ့စကားကို အဖက်မလုပ် သူ့တည်ရှိမှုကိုပင် ခံစားရဟန်မပြသည့် ကောင်‌လေးကြောင့် ဧကဘုဏ်းခေါင် ပြုံးမိပါသည်။ သည်ကောင်လေးကိုသဘောကျတာ ဒါတွေကြောင့်ပင်။

တစ်ဦးတည်းထိုင်ကာ အေးစက်စက်အရှိန်အဝါများ ထုတ်လွှတ်နေသည့်ကောင်လေး..။ သူ့အနားမှလေထုသည်ပင် အေးစက်ကာ အနီးရှိလူကိုပင် အေးခဲသွားစေလောက်သည်။ ထိုကဲ့သို့ လေထုဖြင့် လွှမ်းခြုံထားသည့် ကောင်လေးနှင့် မည်သူက မိတ်ဆွေလာဖွဲ့ကာ အဖော်လုပ်ပေးပါမည်နည်း။

သူ ခေတ်အနားထိုင်နေစဉ်မှာပင် မလှမ်းမကမ်းမှလူတစ်ယောက်က သူ့ကို ခွက်မြှောက်ပြ၍ သူလည်း ခွက်ပြန်မြှောက်ပြကာ ခွက်ထဲမှ လက်ကျန်ဝိုင်ကို အကုန်သောက်ကာ နှုတ်ဆက်လိုက်သည်။

"FOF ရေနံကုမ္ပဏီဒါရိုက်တာ"

ခေတ် မျက်လုံးကို ထောင့်ကပ်၍ ဧကကို ကြည့်လိုက်သည်။

"စိတ်ဝင်စားတယ်မလား"

"DM sportwear company ရဲ့ CEO"

ထို့နောက် သူမြင်မြင်သမျှ လူတိုင်းကို မည်သည့်ကုမ္ပဏီမှ မည်သည့်ရာထူးရှိလူဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကုမ္ပဏီများအကြောင်း ခေတ်ကို ပြောပြနေ၏။

သူ့နာမည် ဧကဘုဏ်းခေါင်..။ DJ club နှင့် bar များပိုင်ပြီး gay bar တစ်ခုလည်း ဖွင့်ထားသေးသည်။ ထိုလူသည် ခေတ်ကိုလည်း သိနေကာ ရံဖန်ရံခါ ခေတ်အဘိုး၏ အပျော်စီးသင်္ဘောများပေါ်တွင်လည်း လာပျော်တတ်သေးသည်။

"ဟိုနားက ကောင်လေး,လေးယောက်တွေ့လား"

သူညွှန်ပြရာနေရာသို့ ခေတ်ကြည့်လိုက်သည်။ အများနှင့်မရောဘဲ လေးယောက်တည်း သီးသန့်ခွဲထွက်နေသည့်လေးယောက်ကို တွေ့လိုက်ရသည်။

"ဟိုနားက အဖွဲ့ရော ကြည့်လိုက်"

သူညွှန်ပြရာ နောက်တစ်ဖွဲ့ကိုရော ခေတ် ကြည့်လိုက်ပြန်သည်။ ထိုအဖွဲ့ကတော့ လူပိုများသည်။

"သူတို့အားလုံးက မင်းအဘိုးသင်္ဘောပေါ်မှာ ပုံမှန်ငွေလာဖြုန်းနေတဲ့သူတွေပဲ။ သင်္ဘောတစ်စီးတည်းပေါ်မှာ သူတို့နှစ်ဖွဲ့ဆုံရင်တော့ နည်းနည်းရှော့ရှိတယ်။ ဒါပေမဲ့ အကုန်လုံးက မင်းတို့ရဲ့ငွေတွင်းတွေပဲ။ မျက်နှာကြောကို နည်းနည်းလျှော့ထား။ ဟိုလေးယောက်အဖွဲ့ထဲက အငယ်ဆုံးကောင်လေးက sport shoes ကုမ္ပဏီဥက္ကဌရဲ့ အငယ်ဆုံးသား။ စကိတ်စီးရတာ အကြိုက်ဆုံးမလို့ စကိတ်ပြိုင်ပွဲတွေအတွက် ဖိနပ်စပွန်ဆာပေးဖို့ အမြဲတက်ကြွနေတတ်တယ်"

ခေတ်ကြည့်လိုက်ချိန် ထိုကောင်လေးလည်း ခေတ်တို့ဘက်သို့ကြည့်လာသည်နှင့်ဆုံ၍ တစ်ဦးနှင့်တစ်ဦး ခေါင်းညိတ်ပြကာ အသိအမှတ်ပြုဖြစ်ကြသည်။ သူတို့လည်း ခေတ်တို့အကြောင်း ပြောနေပုံရသည်။

အိမ်ပြန်ချိန်အထိ ထိုလူသည် ခေတ်အနားတွင် အဖော်လုပ်ပေးခဲ့သည်။

ထင်သလောက်တော့လည်း စိတ်ရှုပ်စရာမကောင်းဘူးပဲ။

ခိုနားရာ (Completed)Where stories live. Discover now