51

4.6K 394 83
                                    

Unicode

"ခေတ်.. လာပါဆိုကွာ"

ဆိုဖာပေါ် ငူငူငိုင်ငိုင်ထိုင်ကာ အပျင်းကြီးနေသည့် ခေတ်ကို လက်ဆွဲခေါ်နေသည့် စေ။ စေ မည်မျှ ဆွဲခေါ်နေပါစေ၊ အပျင်းကြီးနေသည့် အာပေတူးကတော့ ရွတ်ပေကာ ကုတ်ကပ်ထိုင်နေဆဲ။

"ခေတ်.. လာလို့"

"လာပါဆို"

စေ ဆွဲခေါ်လေ၊ ခေတ်သည် ဆိုဖာကျောမှီကို ဖက်တွယ်ကာ တောင့်ခံထားလေ။ လူလည်း ရှေ့တည့်တည့်လှည့်နေရာမှ နောက်ပြန်ဖြစ်သွားလေပြီ။ စေ ခါးကိုကိုင်ကာ ထိုင်ခုံမှ ဆွဲခွာတော့ ဆိုဖာကျောမှီကို လက်နှစ်ဖက်လုံးဖြင့် ဖက်တွယ်ထားပြန်၏။ ခြေဖျားလေးထောက် ဆိုဖာကို ကုန်း၍ ဖက်ထားသည်မှာ ဖားကားယားလေးနှင့်ပင် တူနေပြန်သေးသည်။

ဆွဲခွာမရသည့်နောက်ဆုံး ခါးအောက်လက်လျှိုကာ ပွေ့လိုက်တော့မှ ခြေကားယားလက်ကားယား ပါလာသည့် အာပေတူး။

"အား ချပေး ချပေး လွှတ် လွှတ်"

"မလွှတ်ဘူး။ ဒီလောက်တောင် အပျင်းကြီးနေတာ။ တစ်နေကုန် အဲဒီနေရာမှာ ထိုင်နေတာ။ နည်းနည်းလေးတောင် နေရာမရွေ့ဘူး"

"ကိုကိုက မိန်းမကြီးလား.. ပွစိပွစိ လိုက်ပြောနေတာ"

"ဘာ"

"ဟုတ်တယ်လေ"

"ရပြီ ဆင်းတော့"

အိမ်ရှေ့အရောက် အောက်ချပေးတော့ ဖိနပ်စီးမထားသည့် ခြေဖမိုး‌နီတာရဲလေးက ခုန်ဆွ ခုန်ဆွ။

"ဖိနပ်"

"ပေးမယ်"

ဖိနပ်ပေးပြီးနောက် လက်ကိုဆွဲကာ ခေါ်လာပြန်တော့ နောက်တော်ပါးမှ တရွတ်တိုက်မတတ် လိုက်ပါလာ၏။ တစ်နေကုန် အပျင်းကြီးနေသည့် ခေတ်ပါလေ။

"ရောက်ပြီ"

စေသည် ခေတ်ကို ဆွဲခေါ်လာပြီး တစ်နေရာအရောက်တွင် ရပ်တန့်လိုက်၏။ ထို့နောက် ခေတ်ရှေ့ ဒူးထောက်ထိုင်ချကာ ခေတ်ဖိနပ်များကို ချွတ်၏။ ထို့နောက် ထိုနေရာတွင် အသင့်ထားရှိထားသည့် ဖိနပ်ကို စီးပေးလိုက်ပြန်၏။ ခေတ်ကို စကားတစ်ခွန်းမျှမဆို၊ ဒူးထောက်လျက်နှင့်သာ ခေတ်မျက်နှာလေး မော့ကြည့်ရင်း ဖိနပ်ကြိုးချည်ပေးနေ၏။

"ကိုကို ဘာလုပ်နေတာလဲ"

ခေတ်မေးသည်ကို ပြန်မဖြေဘဲ အဝေးသို့ ထသွားပြန်၏။ ထို့နောက် လက်ထဲတွင် ပစ္စည်းတစ်ခုနှင့်အတူ ချက်ချင်းပြန်ရောက်လာကာ ခေတ်ရှေ့ ထိုင်ချပြန်၏။ ထို့နောက် ခေတ်ညာခြေကို မ,ကာ သူယူလာသည့် ပစ္စည်းပေါ် တင်ပေးပြီး ခေတ်မျက်နှာကို ပြန်မော့ကြည့်၏။ နှုတ်ခမ်းများကလည်း ဂုဏ်ယူကျေနပ်စွာ ပြုံးနေပြန်သေး၏။ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်အပြည့်နှင့်။ ထို့နောက် ခေတ်ခြေထောက်အား ရှေ့တိုး နောက်ဆုတ် လုပ်ပေးပြီး ထရပ်လိုက်လေ၏။

"ကိုကို"

ကိုကိုခေါ်သံနှင့်အတူ ရင်ခွင်ထဲ တိုးဝင်လာသည့် ကလေးငယ်။ ချစ်ဖို့ကောင်းလိုက်ပါဘိ။ အားအင်တို့ ပေးစွမ်းနိုင်ပါဘိ။ ချစ်ခြင်းမေတ္တာတို့ဖြင့် ထွေးဖက်ထားရန် ထိုက်တန်လှပါဘိ။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်"

မျက်ရည်များပင်ကျကာ ကျေးဇူးတင်နေသူ၏ မျက်ရည်စများကို စေ သုတ်ဖယ်မပေးဖြစ်။ ထိုအစား သွားတန်းညီညီများပေါ်သည်အထိသာ ပြုံးနေမိသည်။

"ကိုကိုး..."

"ခေတ်ကြိုက်တယ်မလား၊ ခေတ်ကျေနပ်တယ် မလား"

ရင်ခွင်ထဲမှကလေးငယ်၏ ခေါင်းတစ်ချက်အညိတ်တွင် စေ့ကမ္ဘာကြီး ပြည့်စုံသွားလေပြီ။ ရည်ရွယ်ချက်တို့ အောင်မြင်ခဲ့လေပြီ။ စစ်နိုင်လာသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့။ ခုနှစ်ပြည်ထောင်ကို သိမ်းပိုက်နိုင်လိုက်သည့် ပြည့်ရှင်မင်းတစ်ပါးကဲ့သို့။ လက်မောင်းနှစ်ဖက်တွင် အားထည့်၍ ဖျစ်ညှစ်ပစ်လိုက်သည်မှာ ခေတ်ကို လွတ်ထွက်သွားမည် စိုးသည့်အလား။ ခေတ်ကို သူ့ခန္ဓာကိုယ်ထဲသို့ နစ်ဝင်စေတော့မည့်အလား။ ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် လက်မောင်းမှ အားတို့တွင် စုနေသည့်အလား။

ခေတ်ပျော်သည်။ ထို့အတူ ကိုကို့ကိုလည်း ကျေးဇူးတင်မိသည်။ ခေတ်ဘဝတွင် ကိုကိုနှင့် စကိတ်ရှိလျှင် ပြည့်စုံပြီ။ သို့သော် အိမ်ပြန်နောက်ကျခဲ့သော ညတစ်ညသည် သူ့ဘဝ၏ ပြည့်စုံခြင်းများကို ဖျက်ဆီးချေမွသွားခဲ့သည်။ သူ့ဘဝသည် မုန်တိုင်းမွှေနှောက်သွားသည့် ပင်လယ်ပြင်လို၊ ဒီရေတိုက်စားခြင်း ခံလိုက်ရသည့် သဲအိမ်ငယ်လေးလို။ ကိုကို့ကိုလည်း မမြင်နိုင်၊ စကိတ်နှင့်လည်း ဝေးကွာခဲ့ရသည်။ သူ့အနားတွင် ကိုကိုရှိနေသေးသော်လည်း စကိတ်ကိုတော့ အပြီးတိုင် လက်လွှတ်ရတော့မည်ဟု ထင်ခဲ့သည်။ အတွေးတို့သည် သူ့အား ရူးမတတ် ခြောက်လှန့်နှိပ်စက်ခဲ့သည်။ မျှော်လင့်ချက်တို့ ပျောက်ဆုံးကာ အိပ်မက်တို့ လွင့်ပြယ်ခဲ့ရသည်။

ယခုတော့ သူ့အိပ်မက်သည် သူ့ခြေထောက်အောက်တွင် ရောက်နေပြီ။ ကိုကိုသည် သူ့အိပ်မက်ကို သူ့ဆီသို့ သယ်ဆောင်လာခဲ့သည်။ သူ ဘယ်တော့မှ မမေ့နိုင်သည့် အထိအတွေ့၊ သူ့နှလုံးသားထဲ စွဲထင်နေသည့် ဘယ်သောအခါမျှ ပျောက်ပျက်မသွားမည့် ခံစားမှု။ သေချာပါသည်။ သူ့ ခြေထောက်အောက်တွင် သူ့အိပ်မက်ကလေး ရှိနေပြီ။ ခေတ် ပျော်လွန်း၍ ကိုကို့ရင်ခွင်သာ တိုးဝင်မိတော့သည်။ ဝမ်းသာမျက်ရည်များ ကိုကို့နှလုံးအိမ်ထက် စိုစွတ်မိစေပြီ။

"အရင်လိုတော့ မရဘူးနော်။ ဖြည်းဖြည်းပဲရမယ်။ ကိုကို့စကားလည်း နားထောင်ရမယ်"

ကလေးငယ်သည် ခေါင်းသာ ညိတ်ပြန်၏။

"အိုကေ ဒါဆို..."

စေသည် ကလေးငယ်အား ရင်ခွင်ထဲမှ ထုတ်လိုက်ပြီး နောက်ထပ်တဖန် ဒူးထောက်ထိုင်ချပြန်၏။ ထို့နောက် ခေတ်ကို ဒူးကာဝတ်ပေး၏။ တံတောင်နှင့် လက်တို့တွင်လည်း အကာအကွယ်များ ဝတ်ပေး၏။ နောက်ဆုံး ခေါင်းတွင် helmet ပါ ဆောင်းပေးပြန်၏။ ကလေးငယ်သည်လည်း စေ လုပ်ပေးသမျှကို ငြိမ်သက်စွာ ခံယူလေ၏။ ပျော်ရွှင်ရင်ခုန်နေ၍လည်း ဖြစ်နိုင်၏။

"အိုကေ ရပြီ။ ဖြည်းဖြည်းချင်း လှိမ့်ကြည့်။ ဖြည်းဖြည်းပဲနော်"

ခေတ် ဘယ်ခြေကိုမကြွဘဲ ညာခြေဖြင့် စကိတ်ကို ဖြည်းဖြည်းချင်း စလှိမ့်ကြည့်၏။ လတ်ဆတ်နေသော လေထုမှာ ခေတ်၏ ပျော်ရွှင်မှုတို့ဖြင့် ထုံသင်း ချိုမြိန်လာရ၏။ ရယ်သံလွင်လွင်တို့မှာ ဂီတသံစဉ်လေးများ လွင့်ပျံနေပါသလို။ ပန်းဥယျာဉ်အတွင်း လိပ်ပြာလေးများ တောင်ပံခတ်ကာ ကလူကျီစယ် စ,နောက်နေကြပါသလို၊ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြပါသလို။

"အိုကေ ဟုတ်ပြီ၊ အဲလိုလေးပဲ စီးရမယ်"

"ကိုကိုက ရပ်ဆိုရင် ရပ်ရမယ်နော်"

"ကိုကို ကိုကို"

အရှိန်နှင့်လိမ့်သွားသော စကိတ်ကြောင့် ခေတ်ပို၍ သဘောကျလာသည်။ ပျော်ရွှင်နေသည့်ကလေးငယ်သည် ရယ်သံလွင်လွင်ကြား ကိုကို့ကို တိုင်တည်ရန်လည်း မမေ့။

"ဟိတ် ဟိတ် ခေတ် အဲလိုမရဘူးနော်"

နေရာမှာ ခေတ်စကိတ်စီးနေကျနေရာဖြစ်၍ မြေပြင်အနေအထားကို ခေတ် ကောင်းစွာ အကျွမ်းတဝင်ရှိလှသည်။ ထို့ကြောင့် ခြေတစ်ဖက်ထောက်ကာ လှိမ့်နေရင်းမှ ပုံမှန်စီးသကဲ့သို့ စီးလိုက်တော့ ကိုကိုသည် အလန့်တကြားအော်၏။ ခေတ်သည်ကား တဟားဟားရယ်မောလျက်။

"ဒီလောက်တော့ ရပါတယ် ကိုကိုရ၊ ဘာမှမဖြစ်ပါဘူး"

"မရဘူး.. ခေတ်ရလည်း ကိုကိုမရဘူး။ နားမထောင်ရင် စကိတ်ပြန်သိမ်းမှာနော်"

"နားထောင်မယ် နားထောင်မယ်"

ခလွပ် ခလွပ်

ပြောလို့မှမဆုံးမီ trick စမ်းကြည့်မိ၍ လဲတော့မည်ဖြစ်သွားသည့်ခေတ်။

"ခေတ် ခေတ်"

စေ ခေတ်ကို အလျင်အမြန် ထိန်းပေးလိုက်ရသည်။ ခေတ်၏ ‘နားထောင်မယ်’ သည် ကိုကို့စကားများ နားထဲသို့ဝင်ပါသည်၊ သို့သော် သူကတော့ လုပ်ချင်ရာလုပ်ပါမည် ဟူသည့် အဓိပ္ပာယ်ပေလား။

အရဲစွန့်ရခြင်းကို ကြိုက်သည့် ခေတ်၊ စွန့်စားရခြင်းကို ခုံမင်သည့် ခေတ်၊ စကိတ်အပေါ်ကို ရူးသွပ်လွန်းပါသည့် ခေတ်။ ယခု စကိတ်ပေါ် ခြေတင်မိလိုက်သည်နှင့် နှလုံးသွေးတို့ အရှိန်အဟုန်မြင့် တဒိတ်ဒိတ်တိုး၍ ဖိနှိပ်ချုပ်ထိန်းထားရသည့် ရူးသွပ်မှုတို့က ပြန်လည်ရုန်းကြွလာ၏။ စွန့်စားလိုစိတ်တို့ ပြန်လည် နိုးထလာ၏။ စကိတ်စီးရသည့်ခံစားချက်ကို ပြန်လည်ဖမ်းဆုပ်ချင်လာ၏။ လေထဲတွင် လွင့်မျောရသည့်ခံစားချက်ကို ပြန်လည် တမ်းတလာ၏။

စေသည် ပြောစကားနားမထောင်သည့် ခေတ်ကို ကြည့်၍ ဆူရမည်လား၊ သနားရမည်လား မဝေခွဲတတ်တော့ပေ။ လန်းဆန်းတက်ကြွနေသည့်ခေတ်ကြောင့် ဆူလည်း မဆူရက်သလို၊ အရဲစွန့်လွန်းသည့်ခေတ်ကို အားပေးရန်လည်း မဝံ့မရဲ ဖြစ်ရသည်။ စကိတ်ပြန်သိမ်းရန်လည်း မဖြစ်နိုင်တော့ပေ။

"ခေတ် ကိုကို့ကိုကတိပေး။ ကိုကို အနားမှာမရှိဘဲ စကိတ်ထုတ်မစီးပါဘူးလို့ ကတိပေး။ မပေးရင် နောက်မစီးရတော့ဘူး"

"ပေးတယ် ပေးတယ် ကတိပေးတယ်"

ကတိပေးနေသောခေတ်သည် အမှန်စင်စစ် စေ့စကားများအား စိတ်မဝင်စား။ ထိန်းပေးထားသည့် စေ့လက်များမှ ရုန်းထွက်ကာ စကိတ်ကိုသာ ပြန်လိုချင်နေ၏။ စေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူမရှိသည့်အချိန်များတွင် စကိတ်ဘုတ်များထားသည့်အခန်းကို သော့ပိတ်ထားရမည်။

ထို့နောက် သက်ပြင်းချ၍ ခေတ်ခြေထောက်နား စကိတ်ဘုတ် ပြန်ချပေးလိုက်သည်။

"Thank you"

"ဒီမှာ ခဏရပ်နေဦး"

ခေတ်ကိုပြောပြီးနောက် စေ ခပ်လှမ်းလှမ်းသို့ ပြေးရပြန်၏။ ထို့နောက်မှ...

"လာခဲ့တော့၊ ရပြီ၊ တည့်တည့်စီးခဲ့"

စေ ခေတ်လာမည့်လမ်းတည့်တည့်တွင် ထိပ်မှ ပိတ်ရပ်ကာ ပြောလိုက်၏။ စေ့ဆီမှ တာထွက်ရန်အချက်ပြသည်နှင့် ခေတ် စကိတ်ကို ဖြည်းဖြည်းချင်း လှိမ့်တော့၏။

"ရပ်"

ရပ်ခိုင်းလိုက်သည်နှင့် စကိတ်ကို အရှိန်လျှော့၍ ရယ်မောကာ ပြေးဝင်လာသည်မှာ ကိုကို့ရင်ခွင် တည်ရှိရာ။

"ကိုကို့ခေတ် တော်တော်ပျော်နေတယ် ဟုတ်လား"

ခေါင်းတချက်အညိတ် ကပ်ပါသည့်အရာလေးကြောင့် စေ့နှလုံးအိမ် လှုပ်ခတ်သွားရသည်။ ပီတိတို့နှင့်အတူ မျက်ဝန်းအိမ်တို့ စိုစွတ်လာရသည်။ ပင်ပန်းရကျိုးနပ်ပါပြီ။ ကြိုးစားရကျိုးနပ်ပါပြီ။ မျှော်လင့်ခဲ့ရသည့် ညာသွားတက်လေး ပြန်လည်ထွက်ပေါ်လာပါပြီ။

******

ရာသီဥတုသာယာသည့် တနင်္ဂနွေနံနက်ခင်းတွင် ဖြစ်၏။ ပတ်ဝန်းကျင်မှာ ရန်ကုန်မြို့၏ လူကုံထံရပ်ကွက်တို့ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်နေသော်လည်း တည်မြဲစေ၏ နေအိမ်ရှိ ဆည်းလည်းလေးကတော့ ထုံးစံအတိုင်း သာယာနာပျော်ဖွယ်လှုပ်ခတ်နေဆဲ။ ထို့အတူ တည်မြဲစေသည်လည်း တစ်ယောက်တည်းအားဖြင့် အလုပ်ရှုပ်နေဆဲ။

"ကိုကို စကိတ်ရောနော်"

"ဟုတ်ပါပြီ ပါပါတယ်"

အများပြည်သူ ရုံးပိတ်ရက်ဖြစ်သောကြောင့် နေမြင့်သည်အထိ အိပ်နေကြသူများရှိသကဲ့သို့ ရုံးပိတ်ရက်ဖြစ်သည့်အတွက်ကြောင့်ပင် အပြင်ထွက်၍ ပျော်ပါးရန် တာဆူနေကြသူများလည်း ရှိသည်။ တည်မြဲစေနှင့်သတိုးခေတ်သည် ဒုတိယအုပ်စုတွင် ပါဝင်သည်ကြောင့် လိုအပ်သည်များကို ပြင်ဆင်ရင်း ခေတ်လိုချင်သည့် ပစ္စည်းများကို ဂရုတစိုက် ထည့်နေရခြင်းဖြစ်သည်။ ယနေ့ ကျော်ထက်အောင်တို့မိသားစုနှင့်အတူ စေနှင့်ခေတ်တို့ ပျော်ပွဲစားထွက်ကြမည်။

"ကိုကို မျက်မှန်"

"ရမယ် ရမယ်။ ဒါ မနေ့ကမှ အသစ်ဝယ်လာတာနော်"

စေ မျက်မှန်ပေးလိုက်တော့ ကလေးငယ်သည် ချက်ချင်းပင် တပ်ပစ်လိုက်၏။ ထို့နောက် ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ ခပ်တည်တည်နှင့် ချောမောပြနေပြန်သေး၏။

အပြာရောင်ဒူးဖုံးဘောင်းဘီအပွလေးနှင့် ရှပ်လည်ဝိုင်းအဖြူလေးပေါ်တွင် အပြာနုရောင်‌လက်တို‌လေး ထပ်ဝတ်ထားသော လူငယ်လေးသည် နေကာမျက်မှန် အနက်ရောင်နှင့် အထာကျကျ ဆွဲဆောင်မှုရှိနေတော့၏။ သို့သော် ထိုလူငယ်လေးသည် ခေတ်ဟု ခံစားမိလိုက်သည်နှင့် စေ့အတွက်တော့ ချောမောလှသည့်လူငယ်လေးသည် ချစ်စရာကောင်းသည့် ဒုက္ခအိုးလေးအဖြစ် ပြောင်းလဲသွားပေ၏။

စေ မိမိကိုယ်တိုင် သပ်ရပ်စွာ ဖြီးသင်ပေးထားသော ခေတ်၏ခေါင်းလုံးလုံးလေးအား လက်ဖြင့် အသာအုပ်၍...

"ကိုကို အဝတ်အစားလဲတော့မယ်"

ဂျင်းပြာဘောင်းဘီရှည်နှင့် အင်္ကျီအဖြူပေါ် လက်ရှည်ထပ်ဝတ်ထားသော စေသည်လည်း ‌ခေတ်နှင့် အရောင်ဆင်တူ ရွေးချယ်ထား၏။ အဝတ်အစားလဲပြီးနောက် ဆင်တူဝယ်လာသည့် နေကာမျက်မှန်ကို ရွေးချယ်လိုက်၏။

ပျော်ပွဲစားထွက်ရာ၌ အစားအသောက်ပိုင်းကို စိမ်းမို့မို့ တာဝန်ယူထားသော်လည်း ခေတ်ကြိုက်တတ်သည့် သစ်သီးများနှင့် မုန့်များကိုတော့ ထည့်ရသေးသည်။ ကျော်ထက်အောင်သမီးနှင့် မုန့်ပြိုင်လုနေလျှင် ခက်‌ချေရော့မည်။ စကိတ်ကလည်း မပါမဖြစ် အရေးကြီးသည့်အရာပင်။ ကင်မရာသည်လည်း မမေ့မလျော့ပါရမည့်အရာ ဖြစ်သည်။

အားလုံးပြင်ဆင်ပြီးနောက် ကင်မရာနှင့် cross bag လွယ်ကာ ကျော်ထက်အောင်တို့ကားကို အသင့်စောင့်နေသည်။ လက်ထဲမှ ကင်မရာကို စစ်ဆေးနေစဉ် စေ့နှုတ်ခမ်းထက် အပြုံးတစ်ပွင့် ဖြစ်တည်လာရ၏။ ထို့နောက် ယနေ့၏ ပထမဆုံးပုံနေရာတွင် သူ့အသည်းအသက်ကလေးအား အပိုင်စား ပေးလိုက်လေ၏။

အိမ်မှစထွက်ချိန်တွင် စိမ်းမို့သည် ကားမောင်းသူကျော်ထက်အောင်ဘေးတွင် နေရာယူပြီး သမီးလေး မေမြင့်မြတ်အောင်ကိုတော့ ပေါင်ပေါ်တင်ထား၏။ စေနှင့်ခေတ်သည် နောက်ခန်းတွင်ထိုင်သည်ဖြစ်ရာ အစစအရာရာ အဆင်ပြေနေ၏။ သို့သော် စေ့အိမ်မှ ကားထွက်ပြီး မကြာမီ မီးမီးသည် မိခင်အား ချစ်စဖွယ်ကောင်းစွာ တောင်းဆိုလာ၏။

"မေမေ့ ဦးစေဆီ သွားချင်လို့"

ထို့နောက် မိခင်အပို့ပင်မစောင့်ဘဲ ကားနောက်ခန်းသို့ ကူးလာသည်ဖြစ်ရာ စေ မီးမီးအား ပေါင်ပေါ်တင်ထားလိုက်၏။ ခေတ်ငယ်စဉ်ကလည်း ထိုကဲ့သို့ ချီခဲ့ရသည်ဖြစ်ရာ ကလေးထိန်းရသည့်အလုပ်ကို စေ ကျွမ်းကျင်စွာ တတ်မြောက်နေပါပြီ။ မကျွမ်းကျင်လျှင်လည်း ခက်ရချေရော့မည်။ သူသည် ယခုထိပင် ကလေးထိန်းနေရဆဲ မဟုတ်ပါလား။

စေသည် ကျော်ထက်အောင်အိမ်သို့ အဝင်အထွက်ရှိ၍ မီးမီးသည်လည်း စေ့ကို မြင်ပါများ၍ သံယောဇဉ်တွယ်ရှာ၏။ စေ အိမ်သို့လာတိုင်း ပါလာတတ်သည့် အရုပ်များနှင့် မုန့်များကလည်း မီးမီးအား စေ့ကို အချစ်ပိုစေရန် အားဖြည့်ပေးလျက်ရှိ၏။

စေတစ်ယောက် မီးမီးကို ပွေ့ထားရင်း ဘေးမှ အာပေတူးကိုလည်း ကြည့်ရသေး၏။ မကြီးမငယ်နှင့် ကလေးနှင့်ပြိုင်ကောက်နေမည်ကိုလည်း စိုးရသေး၏။ ပေါင်ပေါ်မှ မီးမီးသည်လည်း တစောင်းလေးပြောင်းထိုင်ကာ ခေတ်ကို မျက်လုံးဝိုင်းဝိုင်းလေးများနှင့် မျက်တောင်မခတ်တမ်း ကြည့်နေ၏။ မီးမီး၏ မျက်ဆံနက်နက်၊ မျက်တောင်ကော့ကော့ မျက်လုံးဝိုင်းဝိုင်းလေးများမှာ အစဉ်အမြဲ ကြည်လင်ရွှန်းလဲ့နေတတ်၏။ ထိုမျက်လုံးလေးများဖြင့် စေနှင့်ခေတ်၏ မျက်နှာများကို တစ်လှည့်စီကြည့်နေပြီး နောက်ဆုံးတွင်တော့ စကားတစ်ခွန်း ဆိုလိုက်လေ၏။

"ကိုကိုခေတ်.. မီးမီးကြီးရင် ဦးစေကိုယူမှာ"

ခိုနားရာ (Completed)Donde viven las historias. Descúbrelo ahora