30

4.9K 435 71
                                    

Unicode

စေ့အိမ်သည် သုံးထပ်တိုက်ဖြစ်ပြီး စေ့အခန်းသည် ဒုတိယထပ်တွင်ရှိသည်။ နေမခနှင့် သူရိန်ကိုမူ တတိယထပ်တွင် တစ်ယောက်တစ်ခန်း ပေးထားလိုက်သည်။ သို့သော် ရောက်လာသည့်ပထမဆုံးညတွင်ပင် ထိုတစ်ယောက်တစ်ခန်းသည် သုံးယောက်တစ်ခန်း ဖြစ်နေခဲ့သည်။ လိမ္မာသည့်ကလေးသုံးယောက်သည် ညစာစားပြီးကတည်းက သူရိန့်အခန်းမှ မထွက်ကြတော့ပေ။

"အဲဒီကောင် တအားအမြင်ကပ်စရာကောင်းတာ၊ ခေတ်.. မင်းသာရှိရင် ရိုက်ချင်လောက်တယ်"

"အဲဒီအမြင်ကပ်စရာကောင်းတဲ့ကောင်နားပဲ မင်းကပ်နေတာ မဟုတ်ဘူးလား"

"သားလေး.. မင်းသာ ဘာလုပ်လုပ် မင်းပါပါးမပါရင် မပြီးတာလေ"

"ငါပြောမယ် ခေတ်ရာ..."

"မင်းမပြောနဲ့ ငါပြောမယ်။ ဒီကောင် ငါ့ကို ဘယ်လောက်ကောင်းကျိုးပေးလဲ သိလား"

"ပြောပါအုံး"

"တစ်နေ့သား ငါတို့နဲ့ သူ့အတန်းထဲကကောင်တွေနဲ့ ကျောင်းလစ်ပြီး ထန်းရည်သွားသောက်ကြတယ်ကွာ။ ငါလည်း တစ်ခါမှ မသောက်ဖူးဘူး.. သူခေါ်လို့သာ လိုက်သွားတာ။ ငါ သေအောင်နောင်တရချင်သွားတယ်"

"ဘာလို့လဲ"

"မူးပြီး ကိုစေ့ဆီ ဖုန်းခေါ်တယ်လေ။ မင်းသွားရတာ ကိုစေမတားလို့ဆိုပြီး ကောတာ ကောတာ။ ဖြစ်ချင်တော့ ကိုစေက မန္တ‌လေးရောက်နေတဲ့အချိန်နဲ့တိုးပြီး.. မကြာဘူး ငါတို့ရောက်နေတဲ့ထန်းတဲ ရောက်လာတာပဲ။ ပြေးလိုက်ရတာ ခွေးပြေးဝက်ပြေး။ ငါ အဲဒီကောင်ရဲ့ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်လောက်ထိကို ကျိန်ဆဲချင်သွားတယ်"

"တကယ်လည်း ကျိန်ပါတယ်"

"နောက်တော့ ဘယ်လိုဖြစ်သွားလဲ"

"ဘယ်လိုဖြစ်ရမှာလဲ.. အမူးပြေတာနဲ့ ကိုစေ့အခန်းရှေ့ဒူးထောက်လိုက်ရတာပေါ့။ နှစ်နာရီလောက်ကြာတယ်။ ဘာမှလည်းမကျွေးဘူး။ အန်တီကယ်လို့သာ.. မဟုတ်ရင် ဘယ်အချိန်ထိ အဲဒီဒူးထောက်လျက်နဲ့ အငတ်ခံနေရမလဲ မသိဘူး။ ကတိတွေလည်း အထပ်ထပ်ပေးလိုက်ရတာ ပါးစပ်က အမြှုပ်ထွက်မတတ်ပဲ"

"အဲဒီတုန်းက မင်းကြောင့်ကျိုးသွားတဲ့ ထန်းတောက စားပွဲခုံဖိုး ငါစိုက်လျော်လိုက်တာနော်"

"ဖြစ်သင့်တာပဲလေ"

"ငါ့မိန်းမ,မလို့လား"

"မင်းပါပါးမလို့"

"ခေတ် ငါတို့ EDM ပွဲမှာလေ....."

အပြိုင်အဆိုင် စကားနိုင်လုပြောနေသော်လည်း အများစုမှာ နေမခအကြောင်းသာဖြစ်သည်။

နေမခနှင့်သူရိန် တစ်ယောက်တစ်ခွန်းပြောနေသည်များကိုကြည့်ကာ ခေတ်တစ်ယောက် အရယ်မရပ်နိုင်တော့ပေ။ ဗိုက်နှိပ်ကာပင် ရယ်နေရသည်။ သည်ကောင်တွေနှင့် တက္ကသိုလ်ကျောင်းသားဘဝကို အတူမဖြတ်သန်းခဲ့ရတာ နှမြောစရာကောင်းလွန်းသည်။

နေမတို့ရောက်လာသည့် ပထမဆုံးညတွင် ခေတ်တစ်ယောက် ညအိပ်ရန်ပင် အောက်ထပ်ဆင်းမလာတော့ချေ။ စေ နံနက်အိပ်ရာထချိန်အထိလည်း အခန်းထဲသို့ ပြန်မလာပေ။ သူကောင်းသားနှစ်ယောက် ရောက်လာသည်မှာ တစ်ညပင်ရှိသေးသည်။ ခေတ်သည် သူ့အနား မကပ်တော့ပေ။

"Morning ကိုစေ"

"Morning ကိုကို"

"Morning ကိုစေ"

အိမ်တွင် ဧည့်သည်နှစ်ယောက်ရောက်နေ၍ နံနက်စာကို လေးယောက်စာပြင်ရသည်။

******

ရုံးပိတ်ရက်တွင်တော့ အိမ်တွင် စေရှိနေ၍ ကြွက်ကလေးသုံးကောင် ငြိမ်နေကြသည်။ ခေတ်သည် စေ့ဘေးထိုင်ကာ ဖုန်းဆော့နေပြီး ကျန်နှစ်ယောက်သည်လည်း အပေါ်ထပ်မှ ဆင်းမလာကြပေ။

စေ သုံးနေသည့်လက်ပ်တော့ပ်ကို ပိတ်လိုက်ပြီး ဘေးမှ ခေတ်ကို ကြည့်လိုက်သည်။ ထို့နောက် ခေတ်ဆံနွယ်ပျော့များအား အသာအယာဖွလျက်...

"ဆံပင်ရှည်‌နေပြီ သွားညှပ်ရအောင်"

ခေတ် သူ့ဆံပင်များကို ဆွဲကြည့်လိုက်သည်။

ဆံပင်က ရှည်နေပြီလား.. ညှပ်ဖို့လိုပြီလား။

******

"အဆင်ပြေလား၊ ကြည့်ကြည့်ပါဦး"

ဆံပင်ညှပ်ဆရာ၏စကားဆုံးသည်နှင့် ခေတ် မှန်တွင်ပေါ်နေသော ကိုယ့်ပုံရိပ်ကိုယ် ပြန်၍ ကြည့်လိုက်သည်။ ခေတ်ထားချင်သည့် ဆံပင်ပုံစံထက် အနည်းငယ်တိုသွားသည်မှလွဲ၍ အဆင်ပြေပါသည်။ ‘အင်း အဆင်ပြေပါတယ်' ဟု ပြောရန် ဆံပင်ညှပ်ဆရာကို ကြည့်လိုက်သော် မှန်ထဲမှမြင်နေရသည့် ဆံပင်ညှပ်ဆရာသည် သူ့ကို ကြည့်မနေပေ။ မျှော်လင့်စောင့်စားနေသည့် မျက်လုံးများသည် အုပ်ထိန်းသူကိုသာ ကြည့်နေသည်။ ဆံပင်ညှပ်ဆရာ စောင့်မျှော်နေသည့်အဖြေမှာ သူ့ဆီမှ မဟုတ်မှန်း ခေတ် နားလည်လိုက်သည်။

"အဆင်ပြေတယ်"

စေသည် မှန်ထဲမှခေတ်ကို ကြည့်နေပြီး ဆံပင်ညှပ်ဆရာကတော့ သူ့အလုပ်ကို လက်စသတ်‌နေသည်။

******

ခေတ်သည် ကုတင်ပေါ်တွင် ခြေတွဲလဲချထိုင်နေပြီး စေသည် ကုတင်အောက်တွင် မတ်တပ်ရပ်နေသည်။ ဆိုင်မှ ပုံသွင်းပေးလိုက်သော ခေတ်ဆံနွယ်များအား သူ့လက်ဖြင့် ထပ်၍ ပုံကျနေစေသည်။ ထို့နောက် အဖျားပါးထားသော နားထင်ဒေါက်မှ ဆံနွယ်လေးများအား တယုတယ ကိုင်ကြည့်နေသည်။

"ကိုကို တအားကြိုက်နေတာလား"

"အင်း"

"ကြိုက်ရင် ကိုယ်တိုင်ဘာလို့ အရှည်ထားပြီး မညှပ်တာလဲ"

အမြဲဆံပင်တိုဖြင့်နေသော စေ့ကို ခေတ် စ,လိုက်သည်။ စေကတော့ ခေတ်ခေါင်းလေးပေါ် လက်ဝါးဖြင့် အုပ်ဖိ,ဖိ၍...

"ခေတ်ညှပ်ထားလို့ ကြည့်ကောင်းနေတာ"

ထို့နောက် ဗီရိုဆီသို့လျှောက်သွားကာ ဗီရိုအံဆွဲထဲမှ ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။

"မျက်လုံးမှိတ်ထား"

ထို့နောက် ခေတ်ဘယ်ဘက်နားတွင် လှုပ်ရှားနေသည့် စေ့လက်များ။

"ရပြီ ဖွင့်တော့"

ခေတ် မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က သူ့မျက်နှာ။ မှန်တစ်ချပ်ကိုင်ကာ ရပ်နေသည့်ကိုကိုကတော့ သူ့ကို ပြုံးကြည့်နေ၏။ ခေတ် နားမှ စိန်နားကပ်လေးကို လက်ဖြင့် ကိုင်ကြည့်လိုက်သည်။

"ကြိုက်လား"

ခေါင်းညိတ်ကာ အဖြေပေးသူသည် ညာသွားတက်လေးစွန့်ကြဲရန်လည်း မမေ့။ ထို့နောက် စေ့ခါးအားဖက်တွယ်ကာ ရင်ဘတ်ထက် ခေါင်းမှီလာသည်။

"ကိုကိုဝယ်ပေးတာမလို့ ကြိုက်တယ်"

စေ့အသည်းတို့ တဖြုတ်ဖြုတ်ကြွေရပါပြီ။ စေ စကားတတ်လွန်းသည့်ညီလေးကို ခေါင်းလေးပွတ်သပ်ပေးရင်း ရင်တွင်းမှကြည်နူးမှုကို ခံစားနေမိသည်။

******

စေ ရုံးခန်းထဲတွင် ဖုန်းဖြင့် ဗီဒီယိုတစ်ခု ကြည့်နေသည်။ ဗီဒီယိုမှာ ကောင်လေးသုံးယောက်ကို အဓိကထား ရိုက်ထားပြီး တည်နေရာမှာ စကိတ်ကွင်းတစ်ခုတွင် ဖြစ်သည်။ ခေတ်၊ သူရိန်နှင့် နေမခတို့ တစ်လှည့်စီ Ollie ကစားနေကြခြင်းဖြစ်သည်။

"ကိုစေ ၁၀ နာရီထိုးပြီ"

"အိုကေ"

အစည်းအဝေးအချိန်ကျပြီဖြစ်၍ စေ အစည်းအဝေးခန်းသို့ သွားလိုက်သည်။ ပုံမှန်လုပ်နေကျ လစဉ်အစည်းအဝေးသာဖြစ်၍ ပေါ့ပေါ့ပါးပါးသာ ပြောဆိုဖြစ်ကြပြီး တစ်နာရီခန့်အကြာတွင် အစည်းအဝေး ပြီး၏။

"ကိုကို"

စေ အစည်းအဝေးခန်းမှ ထွက်လာသည်နှင့် ဆီးကြိုနှုတ်ဆက်လိုက်သည့် အံ့။

"အံ့ ဘယ်လိုလုပ်ရောက်လာတာလဲ"

"ကျွန်တော့်အသိတစ်ယောက် ပန်းချီပြခန်းလာချင်တယ်ဆိုလို့ လိုက်ပို့တာ"

"ဟုတ်လား"

"သူလျှောက်ကြည့်နေတုန်း ကျွန်တော်က ကိုကို့ဆီ တက်လာတာ"

နှစ်ယောက်သား စကားတပြောပြောနှင့် စေ့ရုံးခန်းထဲ ရောက်လာကြ၏။ သို့သော် ရုံးခန်းထဲဝင်လိုက်သည်နှင့် တွေ့လိုက်ရသည့်မြင်ကွင်းသည် စေ့ခေါင်းကို မိုးကြိုးနှင့် ပစ်လိုက်ပါသည့်နှယ်...။ ထိတ်လန့်ကာ ခေါင်းကျိန်းသွားရသည်။

ခေတ်သည် စေ့ထိုင်ခုံတွင်ထိုင်ကာ ဖုန်းဆော့နေသည်။ စေတို့ကိုမြင်သည်နှင့် စေ့နေရာကို ဖယ်ပေးလေ၏။

ခေတ်ကိုမြင်သည်နှင့် အံ့သည်...

"ကိုကို ဧည့်သည်ရောက်နေတာပဲ။ ဒါဆို ကျွန်တော် နောက်နေ့မှ လာခဲ့တော့မယ်"

ကိုကိုခေါ်သူမှာ အံ့ဖြစ်ပြီး ခေတ်အကြည့်စူးစူးသည် တည်မြဲစေပေါ်တွင် ကျရောက်၏။

အံ့အပြင်ထွက်သွားသည်နှင့် ခေတ် ဆိုဖာပေါ်သို့ ပြောင်းထိုင်လိုက်ပြီး စေ့မျက်နှာကို မကြည့်တော့။ ခေါင်းငုံ့ကာသာ ဖုန်းဆော့နေတော့၏။ စေ ခေတ်နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

နားကပ်၊ နားကွင်း အမျိုးမျိုးပြောင်းနေသော ခေတ်ဘယ်နားပေါက်လေးတွင် သူဆင်ပေးထားသည့်စိန်ပွင့်လေးက အိန္ဒြေရရ နေရာယူထားသည်။ ခေတ်နှင့် လိုက်ဖက်လွန်းလှသည်။ စိန်ပွင့်လေးက ဆံနွယ်များကြား လက်ခနဲ လက်ခနဲ လင်းသွားသည်ကိုကြည့်ရသည်မှာ ပျော်စရာကောင်းလွန်းလှသည်။

"ခေတ် လာမှာဆို ကိုကို့ကို ကြိုတော့မပြောဘူး"

ခေတ်ဆီမှ စကားပြန်မရ။

"ပြောပါဦး.. ဘယ်လိုလုပ် မျက်စိလည်လာတာလဲ"

ခေတ် ပြန်မဖြေ။

"ခေတ်.. ကိုကို့ကို ကြည့်ပါဦးကွ"

ခေတ် မော့မကြည့်။

"ခေတ်.. ကိုကို့ဆီလာပြီး ကိုကို့ကို စကားမပြောတော့ဘူးလား"

"ကိုသူရကို ခဏခေါ်ပေး"

ခေတ်ဆီမှ ပထမဆုံး စကားသံ။

"ဟင်"

"မခေါ်ပေးနဲ့တော့။ သူ့ကို ကျွန်တော်က ညစာနဲ့ဧည့်ခံချင်တယ်လို့ ပြောပေး"

ပြောပြီးသည်နှင့် ချက်ချင်းထထွက်သွားသည့်ခေတ်။ ခေတ်လက်တို့ တံခါးဖွင့်ရန် လှမ်းလိုက်စဉ်...

"ခေတ်.. ကိုကို့ညီလေးက ခေတ်တစ်ယောက်တည်းရှိတာ သိတယ်မလား"

ခေတ်နှုတ်ခမ်းပါးလေးတစ်ဖက် အပေါ်သို့ မသိမသာ ကွေးတက်သွား၏။ ထို့နောက် တံခါးကို ဆတ်ခနဲဆွဲဖွင့်၍ ထွက်သွားလေ၏။

ခေတ်ထွက်သွားသည်နှင့် တည်မြဲစေ သူရကို ခေါ်လိုက်သည်။ ထို့နောက် ခေတ်ပြောခိုင်းသည်ကို ပြော၍ သူ့ဘက်မှလည်း ဆောင်ရန်၊ ရှောင်ရန်များကို သတိပေးထားလိုက်သည်။

******

လင်းတစ်လှည့်၊ မှိတ်တစ်ချီ မီးရောင်စုံများကြား ကခုန်မြူးတူးနေကြသည့် လူငယ်၊ လူရွယ်များတွင် ခေတ်၊ နေမခနှင့် သူရိန်တို့လည်း အပါအဝင်ဖြစ်၏။ ခေတ် သူရနှင့်အတူ ညစာစားပြီးနောက် သူရိန်နှင့်နေမခကို ဖုန်းဆက်ခေါ်ကာ အိမ်မပြန်တော့ဘဲ night out ထွက်ရင်းမှ ကလပ်သို့ ရောက်လာကြခြင်းဖြစ်သည်။

"ခေတ်.. toilet သွားရအောင်"

သူရိန်က အနားကပ်၍ ပြောလာသည်ကြောင့် ခေတ် ကနေရာမှ ရပ်လိုက်သည်။ နေမခကို ခေါ်သော်လည်း နေမခက မလိုက်ချင်သောကြောင့် နှစ်ယောက်တည်းသာ ထွက်ခဲ့လိုက်သည်။

"ခေတ်.. ငါတို့နဲ့ပြန်လိုက်မှာ သေချာလား"

"သေချာပါတယ်ဆိုကွာ"

သူရနှင့်စကားပြောပြီးနောက် ခေတ် နေမခတို့နှင့်အတူ ပြန်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူရိန်နှင့်နေမခကို မနက်ဖြန်ပြန်ခိုင်း၍ သူသည်လည်း မာမီ့အိမ်တွင် လိုက်နေမည်။ နောက်နှစ်ရက်နေလျှင် မန္တလေးတွင်ကျင်းပမည့် EDM ပွဲကို သူ လက်လွတ်မခံနိုင်ပေ။

"ကိုစေက လွှတ်ပါ့မလား"

"သူမလွှတ်တော့ ငါက မသွားရတော့ဘူးလား"

သူရိန် ဆက်မပြောတော့ပေ။ သူတို့ညီအစ်ကိုနှစ်ယောက်ကိစ္စ သူတို့ဘာသာ ရှင်းလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူနှင့် နေမခကတော့ အိမ်ကလည်း ပြန်ခေါ်နေပြီဖြစ်၍ ပြန်ကြတော့မည်။

သူရိန်နှင့်ခေတ် သန့်စင်ခန်းမှ ထွက်လာချိန် မြင်လိုက်ရသည်က ခန္ဓာကိုယ်ချင်း နီးကပ်စွာဖြင့် ခေါင်းငုံ့ထားသည့် နေမခနှင့် မျက်နှာမော့ထားသည့် ကောင်မလေး။ ထို့နောက် နေမခနှုတ်ခမ်းဖျားထက်မှ အပြုံးနုခပ်ရေးရေး။

ခေတ်တို့လည်း နေမခတို့နားသွား၍ အတူရောကာ ကနေလိုက်သည်မှာ မနက် နှစ်နာရီထိုးမှသာ အိမ်ပြန်ဖြစ်ကြသည်။

******

ကလေးသုံးယောက် ပြန်မရောက်မချင်း စေ မအိပ်နိုင်သေး။ နာရီတကြည့်ကြည့်ဖြင့် အလုပ်လုပ်ရင်း မျှော်နေရသော်လည်း အလုပ်ထဲတွင် အပြည့်အ၀ အာရုံမစိုက်နိုင်။ သူရက အခြေအနေကောင်းသည်ဟု ဆိုသော်လည်း ခေတ်အကြောင်း သူသာအသိဆုံးဖြစ်သည်မို့ စိတ်မဖြောင့်နိုင်။ နာရီကို ထပ်ကြည့်လိုက်တော့ မနက် နှစ်နာရီကျော်နေပြီ။

မျှော်တော်ဇောနှင့် မောနေရချိန်...

"ကိုကိုး..."

"ခေတ် ခေတ် အော်မနေနဲ့လေ"

"ကိုကိုး..."

ခေတ်အသံကြားသည်နှင့် စေ အောက်ထပ် ဆင်းသွားလိုက်၏။ ခေတ်သည် သူ့ကို အော်ခေါ်ချင်သောကြောင့်သာ ခေါ်နေပြီး အမှန်တကယ် မူးလာပုံမပေါ်။ ထို့အပြင် သူ့အကူအညီမယူဘဲ အခန်းထဲသို့ တန်းတန်းမတ်မတ် ရောက်သွားလေ၏။ သို့သော် စိတ်မချ၍ ခေတ်ကို ရေချိုးခန်းထဲသို့ တွန်းပို့လိုက်သည်။

"ဘာလဲ ကိုကိုရ"

"အန်ပြီးမှ ထွက်ခဲ့"

"မမူးပါဘူးဗျ၊ တစ်ခွက် နှစ်ခွက်လောက်ပဲ သောက်တာပါ၊ ဒီလောက်နဲ့ မအန်ပါဘူး"

ထိုမှသာ စေ ရေချိုးခန်းအပေါက်ကို ပိတ်ရပ်နေရာမှ ဖယ်ပေးလိုက်ပြီး ခေတ်ကို အပြင်ထွက်ခွင့်ပြုလိုက်သည်။ ခေတ်သည်လည်း သူ့အား ပေစောင်းစောင်းနှင့် ကြည့်သွား၏။ ထို့နောက် အဝတ်အစားလဲရန် ပြင်လေ၏။

သို့သော် စေ အဝတ်အစားရွေးနေသည့်ခေတ်ကို ဆွဲခေါ်၍ ရေချိုးခန်းထဲ တဖန် ပြန်ထည့်လိုက်ပြန်သည်။

"ရေချိုးဦး"

"ကိုကို ကျွန်တော်တော့ ကိုကိုနဲ့နေရင် ရေချိုးရလွန်းလို့ သေမှာပဲ"

"ရေချိုး။ မချိုးရင် ကိုယ့်အခန်းကိုယ်ပြန်အိပ်"

ခေတ် စေ့အား မျက်လုံးလှန်ပြလိုက်ပြီး တစ်ဆက်တည်း သက်ပြင်းပါချလျက်...

"ဟုတ်ကဲ့ပါ ချိုးလိုက်ပါ့မယ် ခေတ်ရဲ့ကိုကိုခင်ဗျာ"

ထို့နောက် ရေချိုးခန်းတံခါးအား ပိတ်လိုက်လေ၏။

သဘောကျနေသည့်အစ်ကိုကြီးကတော့ ညီငယ်လေးအတွက် ညအိပ်ဝတ်စုံ ထုတ်ပေးထားပြီး ညီငယ်လေးထွက်လာလျှင် ရေသုတ်ပေးရန် တဘက်တစ်ထည်ကိုင်ကာ အဆင်သင့် စောင့်နေလေပြီ။

ခေတ်ပြန်လာလျှင် သောင်းကျန်းမည်ဟု ထင်ထားသော်လည်း ခေတ်သည် ပုံမှန်အတိုင်း ပြုမူနေသည်ကြောင့် စေ စိတ်အေးသွားရသည်။ သူရအား ဆောင်ရန်၊ ရှောင်ရန်များ သင်ပေးနိုင်လိုက်သည့် အကျိုးပင် ဖြစ်ပါလိမ့်မည်။

******

ခေတ်ကို စေနှင့်ထားခဲ့ပြီးနောက် နေမခနှင့်သူရိန်သည် မိမိတို့အခန်းများရှိရာသို့ တက်သွားကြ၏။

အခန်းထဲရောက်သည်နှင့် နေမခ အဝတ်အစားလဲလိုက်သည်။ ထို့နောက် အိပ်ရာထက်လှဲချကာ မျက်လုံးမှိတ်လိုက်သည်။

နေမခ အိပ်ရာထဲရောက်မှ ပြန်စဉ်းစားကြည့်မိသည်။ တစ်ချိန်လုံး သူကသာ သူရိန့်ကို စကားလိုက်ပြောနေရပြီး သူရိန်သည် သူ့ကို အဖက်ပင်မလုပ်ချေ။ စကားတစ်ခွန်းတစ်လေမျှ ပြန်မပြောသလို တစ်ချက်လေးမျှ မကြည့်သည်မှာလည်း ကလပ်မှာကတည်းက ဖြစ်သည်။ အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး၌လည်း မပြောပေ။

ကလပ်တွင်တော့ ကဲရလွန်းသဖြင့် မောနေ‌၍ဟု ဖြည့်တွေးပေးနိုင်သော်လည်း အိမ်ပြန်ရောက်လျှင်တော့ ပြောသင့်ပါသည်။ အခန်းချင်းကပ်လျက်လည်းဖြစ်ရာ အနည်းဆုံးတော့ အခန်းထဲမဝင်မီ သူ့ကို တစ်ချက်လောက်တော့ ကြည့်သင့်ပါသည်။ သို့သော် သူရိန်သည် သူ့အား မမြင်နိုင်သည့်ဝိညာဉ်တစ်ခုပမာ သတ်မှတ်ထားသယောင်။ မနက်ရောက်လျှင်တော့ သေချာမေးရမည်။

နေမခ အိပ်ရာထဲတွင် တလူးလူး တလှိမ့်လှိမ့်နှင့် အိပ်မပျော်။ နှလုံးသားကို လက်သည်းလေးများနှင့် တခြစ်ခြစ်အကုတ်ခံနေရသည့် ခံစားချက်မျိုး၊ သို့မဟုတ် သွားသေးသေးလေးများနှင့် တတိတိအကိုက်ခံနေရသည့် ခံစားချက်မျိုးဖြင့် ရင်ထဲတွင် ကလိကလိ ယားကျိကျိဖြစ်နေသည်။

ခေါင်းအုံးကို မျက်နှာပေါ် ဖိအိပ်သည်။ ကလိကလိ ဖြစ်နေတုန်းပင်။ စောင်ကို ခေါင်းမြီးခြုံအိပ်သည်။ ကလိကလိဖြစ်နေဆဲပင်။ ကုတင်ပေါ် ကန့်လန့်အိပ်ကြည့်သည်။ ကလိကလိသည် သူ့ရင်ကို ကလိနေဆဲပင်။ သည်းမခံနိုင်တော့သည့်နောက်ဆုံး သူရိန့်ကို သွားမေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။

အခန်းတံခါးခေါက်သည်နှင့် သူရိန်က လာဖွင့်ပေးသည်။ တံခါးပင်ပြန်မပိတ်နိုင်ဘဲ သူ့ကို ကျောခိုင်းကာ ပြန်လျှောက်သွားသည်ကြောင့် နေမခပင် တံခါးပိတ်လိုက်ရသည်။ ထို့နောက် ကုတင်ပေါ်တွင် ခြေတွဲလဲချထိုင်နေသော သူရိန့်အနားသို့ သွားထိုင်ကာ...

"သူရိန် ဘာဖြစ်နေတာလဲ"

"ဘာကိုလဲ"

သူရိန့်အသံ ဆတ်တောက်တောက်သည် နေမခအတွေးတို့ကို အတည်ပြုပေးလိုက်သည့်နှယ်။

"မသိချင်ယောင်ဆောင်မနေနဲ့။ မင်းငါ့ကို စကားလည်းမပြောဘူး။ ကြည့်လည်းမကြည့်ဘူး။ ဘာသဘောလဲ။ ဘာဖြစ်နေတာလဲ။ ဘာကို မကျေနပ်နေတာလဲ"

"ဘာမှ မဖြစ်ပါဘူး"

"ဘာမှမဖြစ်ဘဲနဲ့ ဘာလို့လဲ။ အဲလိုကြီးမလုပ်နဲ့ကွာ.. ငါမနေတတ်ဘူး"

ပခုံးပေါ် တင်လာသည့် နေမခဦးခေါင်းကို သူရိန် ပြန်တွန်းထုတ်လိုက်သည်။

"ရူးချင်ယောင်ဆောင်မနေနဲ့.. သွားတော့"

နေမခသည် သူရိန်အား လက်နှစ်ဖက်နှင့်သိုင်းဖက်ကာ သူရိန့်ပခုံးပေါ် ခေါင်းပြန်တင်လာသည်။

"တကယ်မသိလို့မေးနေတာကို"

မျက်လွှာချကာ အသံအက်အက်နှင့် ချွဲလာသော နေမခကို ကြည့်၍ သူရိန် ပြုံးမိသည်။ ဤသည်မှာ နေမခပင် ဖြစ်၏။ လူကောင်ကြီးနှင့်မှမလိုက် ချွဲတတ်သည့် နေမခပင် ဖြစ်၏။ သူ့အားနည်းချက်ကို သိနေသည့် နေမခပင် ဖြစ်၏။

"ငတုံး"

ရယ်သံအနည်းငယ်စွက်နေသော သူရိန့်အသံကြောင့် နေမခမျက်နှာ ရွှင်လန်းသွားရသည်။

"ရယ်လိုက်တာလား.. ဟုတ်လား၊ မင်း ရယ်လိုက်တယ်မလား သူရိန်"

သူရိန် နေမခအား ပြုံးလျက်သာ ကြည့်နေမိသည်။ နေမခသည် သူရိန့်ပါးနှစ်ဖက်အား ဆွဲဖဲ့လျက်...

"အဲလိုလုပ်ပါ.. အဲလိုလုပ်ပါ။ ငါဖြင့် ရင်တွေပူနေတာ အိပ်လို့တောင်မရဘူး"

မျက်ဝန်းနှစ်စုံ၏ ရုတ်တရက် အားကောင်းသည့်ဆွဲငင်မှုတွင် နှလုံးသားနှစ်ခုသည်လည်း စည်းချက်မမှန်စွာ လှုပ်ခုန်သွားရသည်။ နေမခ၏ အပြုံးအရယ်တို့ ရပ်တန့်သွားရသည်။

နေမခသည် နီးကပ်လာသည့် သူရိန့်မျက်နှာကိုသာ မျက်တောင်မခပ်တမ်း ကြည့်နေမိသည်။ ထို့နောက် ဖျတ်ခနဲထိတွေ့သွားသော ပါးပြင်ထက်မှ ပူနွေးမှုကြောင့် နေမခရင်ထဲ သိမ့်ခနဲဖြစ်သွားရသည်။

သူရိန် သူ့အား မျက်လုံးပြူးကြောင်ကာ ကြည့်နေသော နေမခ၏ နှာခေါင်းလေးအား အသည်းတယားယား ဆွဲကာညှစ်ရင်း...

"ငတုံး ငတုံး မင်းက ငတုံး"

နေမခရယ်ပြတော့ နှာခေါင်းအား ညှစ်ထားရာမှ လွှတ်ပေးလိုက်ပြီး...

"မင်း ကောင်မလေးသေးသေးလေးတွေကို ကြိုက်တာ သိပါတယ်။ ဒါပေမဲ့ ငါ့ရှေ့မှာ တွဲမပြပါနဲ့လား နေမခ။ ငါသဝန်တိုတယ်။ ပြီးတော့ တစ်ပါးသူနှုတ်ခမ်းဆီ ပါးပြင်အပ်ပေးတဲ့မင်းကို မြင်ရတာ ငါဘယ်လောက် နာကျင်ရတယ်ထင်လဲ"

နေမခ ဝိညာဉ်သည် ခန္ဓာကိုယ်သို့ ပြန်လည်ဝင်ရောက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

"သူရိန်.. မင်း ငါ့ကို ကြိုက်နေတာလား"

သူရိန် ဤငတုံးအား လေးစားသွားရသည်။

"အခုထိ ငါ့စိတ်ကို မသိသေးဘူးလား"

နေမခ သူရိန့်မျက်ဝန်းတို့အား လေးနက်စွာ စိုက်ကြည့်လိုက်ပြီး...

"ငါရောပဲ။ ငါလည်း မင်းကို ကြိုက်တယ်။ မဟုတ်ဘူး.. ငါက မင်းကို ချစ်တာ။ ကောင်မလေးသေးသေးလေးတွေကိုလည်း ချစ်တယ်။ ခွေးသေးသေးလေးတွေကိုလည်း ချစ်တယ်။ အရုပ်သေးသေးလေးတွေကိုလည်း ချစ်တယ်။ အပင်သေးသေးလေးတွေကိုလည်း ချစ်တယ်။ ဒါပေမဲ့ အဲဒါတွေထက် မင်းကို ပိုချစ်တယ်။ အဲဒီသေးသေးလေးတွေ မရှိလည်း နေနိုင်တယ်။ ဒါပေမဲ့ မင်းမရှိရင် မနေနိုင်ဘူး။ မင်းစိတ်ဆိုးရင်တောင် မနေတတ်ဘူး။ မင်းကမှ ငါ့ဘဝရဲ့ မရှိမဖြစ်။ မင်း စိတ်ဆိုးမှာကြောက်လို့ ငါမပြောတာ"

သူရိန် ခပ်ဟဟရယ်ကာ နေမခနှာ‌ခေါင်းထိပ်လေးအား လက်ညှိုးကွေးဖြင့် ထိခတ်လိုက်ရင်း...

"ငတုံး"

နေမခ သူရိန့်ခါးကို ဖက်လိုက်ပြီး သူရိန့်ပခုံးထက် မေးအပ်လိုက်၏။

"ဟုတ်တယ် ငတုံး.. ငါက ငတုံး။ ငါက မင်းရဲ့ငတုံး"

သူရိန်သည်လည်း နေမခကျောပြင်အား ဖက်တွယ်လျက်...

"ဟုတ်တယ်.. မင်းက ငါ့ရဲ့ငတုံးလေး"

ခိုနားရာ (Completed)Where stories live. Discover now