Unicode
"ကို..ကိုး..."
"ခေတ်.. မအိပ်သေးဘူးလား"
ကိုကိုးခေါ်ကာ အနားသို့ တိုးကပ်လာသူအတွက် သူ့လက်မောင်းအား ခေါင်းအုံးအဖြစ် ဖန်တီးလိုက်သည်။ သို့သော် ကလေးငယ်ကတော့ သူ့လက်မောင်းထက် ခေါင်းအုံးအိပ်ရန် ဆန္ဒရှိပုံမပေါ်။ ထိုအစား ရင်ဘတ်ပေါ်သာ မေးထောက်၍ ခေါင်းတင်လာသည်။ တိုးကပ်လာသည့်ကိုယ်လုံးလေးအား ထွေးပိုက်ထားရင်း ဆံနွယ်ပျော့ပျော့အား လက်ချောင်းများနှင့်ဖြီးသပ်ကာ ဆော့ကစားတော့ မျက်လုံးမှိတ်ကာ ဇိမ်ခံနေပြန်၏။
"ဘာတွေ ဘယ်လောက်သောက်ထားလို့ ဒီလောက်တောင် မူးလာရတာလဲ"
"Vodka"
အသံအက်ချွဲချွဲလေးက နားဝင်ပီယံရှိလှစွာ။
"Vodka သောက်လာတာပေါ့"
"အင်း.. ဟုတ်တယ်.. Vodka။ Vodka က မွှေးတယ်။ ကိုကိုမွှေးလား"
ရင်ဘတ်ပေါ်မေးထောက်ထားရင်းမှ ခေါင်းအနည်းငယ်ကြွလာလေတော့ ကလူလာသည့်ထွက်သက်တို့က တည်မြဲစေ့မေးဖျားလေးမှာ...။
"အင်း မွှေးတယ်"
လိုချင်သည့်အဖြေရတော့ ပါးပြင်နုနုက ဘယ်ဘက်ရင်အုံထက် နေရာယူကာ လက်များက ခါးဆီသို့ ရစ်တွယ်လာ၏။
"ကိုကို"
"ဗျာ"
"ကိုကို သားကိုချစ်လား"
ဘယ်နှကြိမ် ဘယ်နှခါပဲ မေးနေပါစေ.. သေချာသည့်အဖြေက မပြောင်းမလဲ ရှိနေဆဲပင်...။
"ချစ်တာပေါ့...၊ ကိုကိုက ခေတ်ကို ချစ်တာပေါ့"
"ဒါဆို ဘာလို့.. သားကို ခေါ်မထားတာလဲ"
"နောက်ကျ အကြာကြီးခေါ်ထားနိုင်အောင်လို့လေ"
"ဘာလို့ နောက်ကျမှလဲ"
"နောက်ကျမှ ခေတ်ကို ကောင်းကောင်းထားနိုင်မှာမလို့ပေါ့"
"ဘယ်လိုကောင်းကောင်းလဲ"
"ခေတ်လိုချင်တာတွေ ဝယ်ပေးနိုင်အောင်လို့၊ ခေတ်ဖြစ်ချင်သမျှ ဖြည့်ဆည်းနိုင်အောင်လို့"
"သားက လိုချင်တယ် ပြောမိလို့လား"
မျက်လုံးမှိတ်ကာဖြေနေရင်းမှ စေ မျက်လုံးဖွင့်ကာ ခေတ်ကို ကြည့်လိုက်သည်။
"ခေတ်.. အမူးပြေနေပြီလား"
ထိုသို့မေးလိုက်တော့ ရင်ဘတ်ထက်မှ ခေါင်းလေးက ပိုမိုတိုးကပ်လာကာ ခါးထက်မှ လက်များက ပိုမိုဖက်တွယ်လာ၏။ စေ ခေတ်ဆံနွယ်များအား သပ်ပေးရင်း...
"ကိုကို ပြောဖူးတယ်လေ။ ခေတ် လက်ညှိုးညွှန်ရာ ရေဖြစ်စေရမယ်လို့.. ခေတ်ဖြစ်ချင်တာတွေ ဖြစ်စေရမယ်လို့လေ.. ခေတ်မှတ်မိလား။ မမှတ်မိလည်း ကိစ္စမရှိပါဘူး.. ကိုကိုပဲ မှတ်မိရင်ရပြီ။ ခေတ်က လိုချင်တယ် ပြောပြော၊ မလိုချင်ဘူး ပြောပြော ကိုကိုက ခေတ်အတွက် အရာရာဖြည့်ဆည်းပေးချင်တာ။ အဲဒီလိုဖြည့်ဆည်းပေးနိုင်အောင် ကိုကို ကြိုးစားနေတာ"
အတန်ငယ်ငြိမ်နေသူက စကားလုံးတို့၏ အဓိပ္ပာယ်ကို စဉ်းစားနေ၍ထင်။ ထို့နောက် ခေါင်းလေးအနည်းငယ်လှုပ်ရှားလိုက်ပြီး...
"ကိုကို သားကိုပဲချစ်"
စေ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားရ၏။ စေ့အပြုံးတို့ ချိုမြလာရ၏။ ဓားသွားထက်က ပျားရည်ဆိုတာ ဒါကိုခေါ်တာပဲ ဖြစ်လိမ့်မည်။ သို့သော် ထိုပျားရည်စက်ကလေးကိုပင် တမ်းတမ်းတတ ခုံမင်မက်မောရပါသည်။
"အင်း ခေတ်ကိုပဲ ချစ်မှာ"
"ဒါဆို သားကိုပဲ ချီ"
"အင်း ကိုကိုက ခေတ်ကိုပဲ ချီတာလေ"
"မဟုတ်ဘူး ဘရိုင်ယန်ကိုလည်း ချီတယ်"
"ဘရိုင်ယန်ကို ချီတယ်"
စေ စဉ်းစားကြည့်မိသည်။ ဘရိုင်ယန်ကို ဘယ်တုန်းက ချီမိပါလိမ့်...။ သိပြီ.. မနေ့ညက ဖြစ်လိမ့်မည်။ ပြိုင်ပွဲဝင်ရန် ခေတ်အလှည့်ကိုစောင့်နေကြစဉ် ညောင်းနေပြီဆိုသော ဘရိုင်ယန်ကို ခဏချီထားလိုက်မိသည်။ ပါးစပ်ကလည်း ‘ခေတ်ငယ်ငယ်တုန်းကလည်း ဒီလိုပဲ’ ဟု ပြောလိုက်မိသေးသည်။ စေ မှတ်မိပါပြီ။
"အာ.... ဟုတ်သားပဲ.. မနေ့ညက ဘရိုင်ယန်ကို ချီလိုက်မိတာပဲ"
စေ သဘောတကျရယ်ကာ ပြောတော့ ခွေးပေါက်လေးက ပါးကိုလာကိုက်၏။
"အား.. နာတယ် နာတယ်"
ပါးပြင်ထက်မှ သွားရာအား သဘောတကျပွတ်သပ်ပြီးနောက် ရင်ဘတ်ထက် ခေါင်းတင်လာပြန်၏။
"ကိုကိုး..."
"ကို..ကိုး..."
"ကို..ကိုး..."
နှလုံးအိမ်ထက်မှ တေးသံသာက တစတစ တိုးညင်းလာကာ အသက်ရှုသံမှန်မှန်တို့အကြား တိုးတိတ်ပျောက်ကွယ်သွား၏။ ခေတ် နှစ်ခြိုက်စွာအိပ်ပျော်သွားပြီ သေချာမှ သက်တောင့်သက်သာဖြစ်စေရန် နေရာပြင်ပေးရသည်။
အိပ်မောကျနေသူအား မျက်တောင်မခတ်တမ်း ကြည့်နေမိတော့ တုန်ယင်နေသည့် လက်ချောင်းသွယ်များက ထိန်းချုပ်မရစွာ ခေတ်မျက်နှာ ပြည့်ပြည့်လေးဆီမှာ...။
ဒီမျက်လုံးလေးတွေ၊ ဒီမျက်ခုံးလေးတွေ၊ ဒီနဖူးလေး၊ ဒီဆံနွယ်လေးတွေ...၊ ပြီးတော့ ဒီနှာခေါင်းလေး၊ ဒီနှုတ်ခမ်းလေး၊ ဒီပါးဖောင်းဖောင်းလေးတွေ...
စိတ်ကူးလေးဖြင့်ပင် အစွန်းအထင်းမခံရက်နိုင်လောက်အောင် မြတ်နိုးလွန်းရပါသည်။
ခေတ်... ကိုကိုက ခေတ်ကို ခေတ်ချစ်သလိုအချစ်မျိုးနဲ့ ချစ်နေတာ မဟုတ်ဘူးဆိုတာ သိရင် ကိုကို့ကို ဘယ်လိုအပြစ်ပေးမှာလဲ။ တကယ်လို့ ကိုကို့စိတ်ကို ထိန်းချုပ်မထားနိုင်တော့တဲ့တစ်နေ့ ရောက်လာခဲ့ရင် ခေတ် ဘယ်လိုတုန့်ပြန်မှာလဲ။ ‘ကိုကိုး ချစ်တယ်' လို့ ပြောနိုင်ပါဦးမလား။ ခေတ်ရဲ့ကိုကိုလို့ သတ်မှတ်နိုင်ပါဦးမလား။ ကိုကိုနဲ့ အဝေးဆုံးကို ထွက်သွားလိုက်မှာလား။ ကိုကို့ကို နာကျည်းပြီး မုန်းတီးသွားမှာလား။ အတိတ်တွေအတွက် ခေတ် နောင်တရနေမလား။
ညသည် တိတ်ဆိတ်ငြိမ်သက်၏။ နှလုံးသားသည် နာကျင်နေ၏။ မျက်ရည်တို့သည် ပူနွေးစိုစွတ်၏။ ရေချိုးခန်းကြမ်းပြင်သည်လည်း အကြင်နာတရားကင်းမဲ့စွာ အေးစက်လွန်းလှပါ၏။
******
အာ.....
ခေတ်အကြောဆန့်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုယ့်အိပ်ခန်းကိုယ် ပြန်ရောက်နေပြီ။ ဘေးသို့စောင်းငဲ့ကြည့်လိုက်ချိန် မြင်လိုက်ရသည်က မလှုပ်မယှက်အိပ်စက်နေသည့် ကိုကို့မျက်နှာ။ ခေတ် ကိုကို့မျက်နှာကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေမိသည်။ ယောက်ျားပီသမှုနှင့် နူးညံ့လှပမှုတို့ကို အယှဉ်တွဲခံစားရစေသည့် မျက်နှာ။ မနာလိုချင်စဖွယ်ကောင်းလောက်အောင် ချောမောလွန်းလှပါ၏။ အနုပညာ ဆန်လွန်းလှပါ၏။
ရေချိုးရန်ပြင်လိုက်မှ သတိထားမိသည်က လဲပေးထားသည့် အဝတ်အစားများ။ ကိုကိုလဲပေးထားတာပဲ ဖြစ်လိမ့်မည်။ အိမ်သို့ပြန်ရောက်နေသည်မှာလည်း ကိုကိုခေါ်လာ၍ပင် ဖြစ်လိမ့်မည်။ ပုံမှန်ဆိုလျှင် ခေတ် သည်လောက်ထိ မူးအောင်မသောက်တတ်ပါ။ သွေးပူရုံသာ သောက်လေ့ရှိသည်။ သို့သော် မနေ့ညက ပုံမှန်ထက်များသွားသည်ကို ခေတ်သိသည်။ ဖြစ်စဉ်များကို ပြန်လည်ကာ ဆန်းစစ်တော့ နောက်ဆုံးမှတ်မိသည်က ကလပ်မန်နေဂျာ။
ရေချိုးပြီးနောက် ထိုးကိုက်လာသည့်ဦးခေါင်းကြောင့် အံဆွဲထဲမှ ဆေးယူ၍ သောက်လိုက်သည်။ ဖုန်းထဲတွင် ကိုကြီးဧကဆီမှ စာဝင်ထား၍ အဆင်ပြေကြောင်း စာပြန်လိုက်သည်။ ခုတင်ပေါ်မှ လူကိုကြည့်မိတော့ ဆင်အော်လျှင်တောင် နိုးမည့်ပုံမပေါ်။
ဒေါက်! ဒေါက်!
အခန်းတံခါးခေါက်သံကြောင့် ဖွင့်ပေးလိုက်တော့ မေမေ့မျက်နှာ ချိုကြည်သာကို ပြုံးလျက်နေစွာ မြင်လိုက်ရ၏။
"သား ပြန်ရောက်နေတာလား။ သားစေ မနက်စာဆင်းမစားလို့ လာကြည့်တာ"
ကိုယ့်သားကို လမ်းကြုံရုံမျှသာမေးပြီး ဇိမ်ကျနေသူကိုစိုးရိမ်နေသည့် မေမေကြောင့် ခေတ် နှုတ်ခမ်းစူမိသည်။ ခေါင်းကိုက်နေရသည့်အထဲ စိတ်ကိုက်အောင်ပါ လုပ်နေကြသည်။
"မေမေ့သားက အိပ်နေတာ ဆင်အော်လို့တောင် နိုးမှာမဟုတ်ဘူး"
အခန်းထဲသို့ပြန်လျှောက်လာကာ ခုတင်ပေါ်ထိုင်လိုက်ပြီး နားထင်နှစ်ဖက်ကို လက်မနှင့်လက်သန်းကြွယ်သုံးကာ နှိပ်ရင်း ဖြေလိုက်သည်။
"သားကို တစ်ခုခုလုပ်ပေး။ ဗိုက်ဆာတယ်"
မေမေသည် အနားသို့လျှောက်လာကာ ခေတ်နားထင်များအား နှိပ်နယ်ပေး၏။
"အင်း စွပ်ပြုတ်လေးလုပ်ပေးထားမယ်။ ခဏနေရင် ဆင်းလာခဲ့"
မေမေ့ခါးကိုဖက်၍ အချွဲပိုမိတော့ မေမေက ကျောပြင်ကို ခပ်အုပ်အုပ်ရိုက်၏။
"အင်း လုပ်ချင်ရာလုပ်ထားပြီးရင် ချွဲပြီ။ ဖယ် ဖယ် သားစားဖို့ သွားလုပ်လိုက်ဦးမယ်။ ကိုကို့ကိုရော နှိုး။ ညီအစ်ကိုနှစ်ယောက် အတူတူဆင်းခဲ့"
"ဟုတ်"
ပျင်းရိစွာပြန်ဖြေလိုက်ပြီးနောက် တံခါးပင်လိုက်မပိတ်နိုင်ဘဲ ကိုယ်တစ်ပိုင်းကို အိပ်ရာထက်သာ ကန့်လန့်လှဲချလိုက်သည်။ ထို့နောက် အိပ်ပျော်နေသူကို လှုပ်ကာနှိုးရသည်။
"ဘာလဲ ခေတ်ရာ.. အိပ်ပါရစေ ခဏလောက်"
"ခေတ်.. ခဏပဲ။ ခဏလေးဆို ခဏလေး။ ကိုကို အိပ်ချင်သေးလို့"
ခေတ် စေ့ကိုယ်ပေါ်မှ စောင်ကို ဆွဲချပစ်သည်။ ခေါင်းအောက်မှ ခေါင်းအုံးကိုပါ ဆွဲထုတ်လိုက်သည်။ မေမေပေးခဲ့သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
"ခေတ်.. သတိုးခေတ်"
သံပတ်ပေးထားသည့်စက်ရုပ်တစ်ရုပ်ပမာ မျက်နှာသေနှင့် နှောင့်ယှက်နေသော ခေတ်ကို နောက်ဆုံးတော့ စေ အရှုံးပေးလိုက်ရလေပြီ။
"သတိုးခေတ်.. မင်းနဲ့ငါနဲ့ တွေ့ဦးမယ်"
ခေတ်ကိုကြိမ်းပြီးနောက် ရေဝင်ချိုးလိုက်သည်။ သူပြန်ထွက်လာချိန်တွင် ခေတ်သည် ခုတင်ပေါ်တွင် ပြန်မှောက်နေလေပြီ။
"ထစမ်း သတိုးခေတ်"
ခေတ် တုတ်တုတ်မျှမလှုပ်။
ငါ့အလှည့်ရောက်ပြီ သတိုးခေတ်...။
အတွေးနှင့်အတူ ပြုံးလိုက်မိသည်မှာ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်အထိ။ ထို့နောက် မှောက်အိပ်နေသူအား အတင်းဆွဲကာ ထစေတော့သည်။
"ခေတ်.. ထစမ်း ခေတ်"
"ဟေ့ရောင် ငမူးကောင် မင်းကို ထလို့ပြောနေတယ်.. ပျက်စီးနေတဲ့ကောင်"
"ခေါင်းကိုက်တယ် နှိပ်ပေး"
ထထိုင်လာသည်နှင့် ပြောလိုက်သည့်စကား။
"ဘာ"
"ခေါင်းကိုက်လို့ ဒီနားလေး"
စေ့လက်ကိုဆွဲကာ သူ့နားထင်ထက် တင်ပေးသော်လည်း စေ နှိပ်မပေးဖြစ်။
"ပြောပါဦး ဘာလို့ ဒီလောက်တောင် သောက်ထားတာလဲ"
မျက်လုံးမှိတ်ထားသူက စေ့လက်များကို အပေါ်မှကိုင်ထားပြီး သူ့နားထင်သူ နှိပ်နေလေတော့ မနေနိုင်သူက ကိုယ်တိုင်အားထုတ်မိရသည်။ သို့မှသာ သူ့လက်နှစ်ဖက် အောက်ပြန်ချသွားလေ၏။ မျက်လုံးမှိတ်ကာ ဇိမ်ခံနေသူကို ငယ်ထိပ်ထုပစ်လိုက်ချင်သည့်စိတ်များက တဖွားဖွား။
"ခေတ်.. ကိုကိုမရှိရင် ဘယ်လိုနေလဲ။ အမြဲတမ်းလည်း ဒီလိုပဲလား။ ခေတ်က စိတ်ပူရအောင် လုပ်တယ်ကွာ"
"စောစောစီးစီး နားငြီးတယ်"
မျက်လုံးပင် ဖွင့်မလာဘဲ နားငြီးတယ်ဆိုသူ၏ နဖူးအား လက်သီးစာ ကျွေးပစ်ချင်လာသည်။ သို့သော် လက်မအား၍ သည်းခံရပေဦးမည်။
"အခုတော့ နားငြီးတယ်ပေါ့။ ညကတော့ တစ်ညလုံး နားဒုက္ခပေးနေတာ ဘယ်သူလဲ"
ရေချိုးထားသည့် ခန္ဓာကိုယ်လေးမှ ဆပ်ပြာနံ့သင်းသင်းလေးရနေ၏။ ဆံနွယ်ပျော့ပျော့များမှ ရှန်ပူနံ့သင်းသင်းကလည်း ရှုရှိုက်မိသူ၏ အသက်ရှုလမ်းကြောင်းကို သန့်ရှင်းပေးနေပါသည့်နှယ်...။
"တစ်ညလုံး ကိုကိုး ကိုကိုးနဲ့ ခေါ်နေတာ ဘယ်သူလဲ"
ခေတ်သည် အနှိပ်ခံနေရင်းနှင့်ပင် ဂျွတ်ခနဲ ဇက်ချိုးလိုက်သေးသည်။ ထို့နောက် စေ့အား အကြည့်တစ်ချက်ပင် စွန့်ကြဲခြင်းမရှိဘဲ ရှေ့မှဦးဆောင်ကာ ထမင်းစားခန်းသို့ ဆင်းသွားတော့၏။ ညက သောင်းကျန်းထားသူသည် သူမဟုတ်သကဲ့သို့ပင်။ ခေါင်းတခါခါနှင့် အပြုံးပန်းဝေဆာနေသူကတော့ နောက်မှပင် လိုက်ဆင်းလာရ၏။
မေမေသည် ခေတ်အတွက် စွပ်ပြုတ်လုပ်ပေးထားပြီး ကိုကို့အတွက်တော့ ပုံမှန်နံနက်စာ ပြင်ဆင်ပေးထားသည်။ ညီအစ်ကိုနှစ်ယောက် စားပွဲရှည်၏ တောင်ထိပ်မြောက်ထိပ်တွင် နေရာယူကြပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ခေတ်သည် ခေါင်းငုံ့ထားပြီး စွပ်ပြုတ်ကိုသာ အာရုံစိုက်သောက်လျက်.. စေသည် ကော်ဖီတစ်ငုံနှင့် မျက်နှာချင်းဆိုင်မှ ဒုက္ခအိုးလေးအား တစ်လှည့်စီ ခံစားလျက်...။
နေ့ရက်တွေသာ တရွေ့ရွေ့ကုန်ဆုံးသွားမယ်။ ရာသီတွေ အလီလီဖြတ်သန်းလို့ သက္ကရာဇ်တွေသာ တစ်ရစ်ရစ်တိုးလာမယ်။ အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ် ကြီးသွားမယ်။ ကိုကို့အတွက်တော့ ခေတ်က အခုထိ ကိုကိုချီပိုးထားချင်တဲ့ ညီငယ်ပေါက်စလေးပဲ။ ကိုကိုမြတ်နိုးရတဲ့ ကိုကို့ဒုက္ခအိုးလေးပဲ။
စမ်းရေသည် ကြည်လင်၏။ စမ်းကျသံသည် သာယာနာပျော်ဖွယ်ကောင်း၏။ ငွေလရောင်သည် အေးမြ၏။ ငွေနှင်းမြူတို့သည် အေးချမ်းသည့်သရုပ်ကို ဆောင်၏။ မေနန်းဖျော်တိုက်သည့် ကော်ဖီသည် အရသာအရှိ၏။
သို့သော် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ခေတ်ကတော့ တစ်လောကလုံးတွင် ချစ်စရာအကောင်းဆုံးဖြစ်၏။
YOU ARE READING
ခိုနားရာ (Completed)
RomanceThe safest place in the world is in your arms. ငယ်စဉ်ကတည်းက ညီလေးတစ်ယောက်လိုချင်ခဲ့တဲ့ တည်မြဲစေ အိမ်နားကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် အိမ်ပြောင်းလာတော့ တွေ့တွေ့ချင်းပြောတဲ့စကားက "အန်တီ ညီလေးမွေးပြီး သားကိုပေးပါ" တဲ့ မွေးပြီးလို့ ဆေးရုံကဆင်းတာနဲ...