7

4.4K 375 32
                                    

Unicode

ဧည့်ခန်းထဲတွင် မြတ်ဘုဏ်းခေတ်၊ နန်းသူဇာနှင့် သတိုးခေတ်တို့ မိသားစုသုံးယောက်ထိုင်နေကြပြီး မိဘနှစ်ပါး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ ထင်ဟပ်နေပြီး သတိုးခေတ်ကတော့ ခေါင်းငုံ့ကာ မျက်နှာလေး စူပုတ်နေ၏။

"သား.. ဖေဖေမေးနေတယ်လေ.. နောက်ဆို အဲလိုလုပ်ဦးမှာလား"

ဖခင်ဖြစ်သူ၏ အမေးကို အဖြေပြန်မပေးဘဲ ခေါင်းငုံ့လျက်ငုံ့မြဲအတိုင်းသာ ရှိနေသည်။ ယနေ့ မူကြိုကျောင်းတွင် အတန်းဖော်သူငယ်ချင်း၏ နောက်ကျောအား ကုန်းကိုက်သဖြင့် မိဘအခေါ်ခံရသည်။ တစ်ဖက်ကလေး၏ မိဘများကို ဒူးမထောက်ရုံတစ်မည် တောင်းပန်လိုက်ရသည်။ အစပိုင်းတွင် ကလေး၏မိဘများက မကျေနပ်ကြ။ သို့သော် သူတို့ဘက်က ဝင်၍တောင်းပန်ပေးသော ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးတို့ကြောင့် မကျေနပ်သော်လည်း ကျေအေးပေးလိုက်ကြသည်။ သွားဆိပ်တက်၍ဖျားလျှင် အမှန်ပင် ဒူးထောက်တောင်းပန်ရလိမ့်မည်ထင်သည်။ သတိုးခေတ်လုပ်ပုံ အတော်ဆိုးလွန်းသည်။

"မေးနေတာဖြေလေ"

ချော့မော့၍ဆုံးမနေသည်ကို နားမဝင်ဘဲ ခေါင်းငုံ့ကာသာ အသံတိတ်နေသည့် သားဖြစ်သူကို မြတ်ဘုဏ်းခေတ် လေသံမာမာနှင့် မေးလိုက်သည်။

"နောက်တစ်ခါ လုပ်ဦးမှာလားလို့"

"သူက အရင်လာစတာလေ။ သားအိပ်နေတာကို သားစောင်ကို လာလာထိနေတာ"

မူကြိုတွင် နေ့လည်ခင်းအိပ်ချိန်ရှိပြီး မိဘများက သားသမီးများအတွက် စောင်ထည့်ပေးရသည်။ ယနေ့,နေ့ခင်းအိပ်ချိန်တွင် အကိုက်ခံရသည့်ကလေးက ခေတ်နှင့် ဘေးချင်းကပ်လျက်အိပ်ရသည်။ အခြားဘေးချင်းကပ်အိပ်ရသည့်ကလေးများလည်း သူ့စောင်ကိုယ်ထိ၊ ကိုယ့်စောင်သူထိနှင့် ထိမိ၊ဖိမိကြသည်မှာ ပုံမှန်ဖြစ်သည်။

ယနေ့ ခေတ်နှင့်တွဲ‌နေကျ၊ အတူအိပ်နေကျကလေးက ဖျားနေသဖြင့် ခွင့်တိုင်ထားသောကြောင့် ထိုကလေးနေရာတွင် အခြားကလေးတစ်ယောက်က ဝင်အိပ်သည်။ ထိုသို့ဝင်အိပ်ရာ သူ့စောင်ကို ထိမိသဖြင့် ထလာကာ ထိုကလေးကျောကုန်းကို အငြိုးတကြီး ကုန်းကိုက်လိုက်ခြင်းဖြစ်သည်။ ဆရာမများ အတင်းဆွဲမှသာ လွှတ်ပေးတော့သည်။ သို့သော် အကိုက်ခံရသည့်ကလေးငယ်ကျောကုန်းတွင် သတိုးခေတ်သွားရာအကွင်းလိုက် ကျန်ခဲ့လေပြီ။

"အတူတူအိပ်တယ်ဆို စောင်ထိမှာပေါ့။ သားစောင်ကိုထိရုံလေးနဲ့ သူငယ်ချင်းကို ကိုက်ရလား။ သားအဲလိုတွေလုပ်နေရင် နောက်ဆို သူငယ်ချင်းမရှိဘဲနေလိမ့်မယ်။ သားနဲ့ဘယ်သူမှ မကစားတော့ဘဲ နေလိမ့်မယ်"

မိခင်ဖြစ်သူကတော့ ဘာစကားမျှဝင်မပြော။ မကျေမနပ်မျက်နှာနှင့် ခေါင်းငုံ့ထားသည့် သားဖြစ်သူကိုသာ ကြည့်နေသည်။

"သား.. ဖေဖေပြောနေတာ ကြားလား"

အသက်က လေးနှစ်သာရှိသေးသည်။ သည်အရွယ်လောက်ကတည်းက ဇ,ပြချင်နေပြီဖြစ်သည့်သားကိုကြည့်ကာ နန်းသူဇာလည်း ရင်မအေးရပြီ။

"ဖေဖေတို့ပြောစကားနားမထောင်ရင် သားဘွားဘွားဆီ ပို့လိုက်တော့မှာ။ နိုင်ငံခြားရောက်သွားရင် ဒီကိုပြန်မလာရတော့ဘူး။ ဖေဖေ မေမေနဲ့လည်း ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။ အပို့ခံချင်လား။ ဘွားတို့နဲ့ သွားနေချင်လား"

သတိုးခေတ်မျက်နှာ ပို၍စူပုတ်လာကာ သူကပင် တပြန် ရင်ဘတ်ကလေး နိမ့်တုံမြင့်တုံ ဖြစ်လာသေးသည်။

"အဲဒါပဲ စဉ်းစား။ မိဘတွေစကားနားထောင်ပြီး လိမ်လိမ်မာမာနေမလား၊ ဘိုးဘိုး ဘွားဘွားတို့ဆီ ပို့လိုက်ရမလား။ သားအသက် လေးနှစ်တောင်ရှိပြီ။ မိဘကပြောရင် နားလည်တဲ့အရွယ်ရောက်နေပြီ။ အဲဒါ ကိုယ့်ဘာသာ သေချာစဉ်းစားပြီး ဆုံးဖြတ်။ သွားတော့"

ဖခင်ပါးစပ်မှ "သွားတော့" ဟု ပြောလိုက်သည်နှင့် သတိုးခေတ်တစ်ယောက် အိမ်အပေါ်ထပ်သို့ တက်သွားလေ၏။

သားမရှိတော့မှ မြတ်ဘုဏ်းခေတ် နန်းသူဇာလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

"နန်း စိတ်ပူနေတာ.. သားက အခုမှ ကလေးပဲရှိသေးတယ်၊ ရန်လိုတတ်နေပြီ။ စောစောက မောင်ပြောနေတာတွေကိုလည်း တစ်ခွန်းမှ သူ့ခေါင်းထဲထည့်ပုံမပေါ်ဘူး။ အခုကတည်းက ပုန်ကန်တတ်တဲ့ဗီဇပြနေတာလား"

နန်းသူဇာစကားကြောင့် မြတ်ဘုဏ်းခေတ် အသံထွက်၍ပင် ရယ်လိုက်မိသည်။

"ကလေးပဲရှိသေးလို့ ဒီလိုဖြစ်နေတာပေါ့ နန်းရဲ့။ ကြီးရင် လုပ်သင့်၊ မလုပ်သင့် စဉ်းစားတတ်သွားမှာ။ အခုက နန်းပြောသလို ကလေးပဲရှိသေးလို့ ဘာမှမစဉ်းစားတတ်သေးတာ။ ကြီးတဲ့သူဆို ဒါမျိုးဘယ်လုပ်မလဲ"

"သားက အခုကတည်းက ခေါင်းကလည်း မာလိုက်တာ၊ သူ့ကိုဆူရင်လည်း လုံးဝမကြိုက်ဘူး"

"အဲဒါ နန်းနဲ့တူလို့လေ။ ခေါင်းမာပြီး အချော့ကြိုက်တာ နန်းနဲ့တူတာ။ ချော့လိုက်ရင် ပိုဆိုးလာတာလည်း နန်းနဲ့တူတာပဲ"

"ဒါဆို သူများကို အနိုင်ကျင့်တာ မောင်နဲ့တူတာလား"

"အဲဒါ ယောက္ခမကြီးနဲ့တူတာ။ သူများကို အနိုင်ကျင့်ချင်တာနဲ့ ရန်လိုတာက နန်းရဲ့မေမေနဲ့ တူတာ"

"ရှင်နော်..."

မြတ်ဘုဏ်းခေတ် နန်းသူဇာကိုယ်လုံးလေးအား ရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး နန်းမျက်နှာအား ငုံ့ကြည့်ကာ...

"ပြောတော့ မောင်နဲ့တူတဲ့သားလေးဖြစ်စေချင်တယ်ဆိုပြီး အခု ဘယ်လိုဖြစ်လို့ နန်းတို့သားအမိနဲ့ပဲ တူနေရတာလဲ"

"မကျေနပ်တာလား၊ ငြိုငြင်တာလား"

"မဟုတ်ပါဘူးဗျာ..။ မောင်စဉ်းစားနေတာ မောင်နဲ့တူတဲ့ သမီးလေးတစ်ယောက်ထပ်မွေးရင် ကောင်းမလားလို့"

"ဟင့်အင်း မကောင်းပါဘူး။ နန်းက နန်းသားတစ်ယောက်တည်းကိုပဲ ချစ်ချင်တာ။ နောက်ထပ်ချစ်ရမယ့်သူ မလိုချင်တော့ဘူး။ နန်းသားတစ်ယောက်တည်းကိုပဲ ချစ်မယ်"

"ဟုတ်ပါပြီဗျာ.. မိန်းမသဘောပါ"

မြတ်ဘုဏ်းခေတ် နန်းသူဇာနဖူးလေးထက် အနမ်းခြွေလိုက်စဉ် ကြားလိုက်ရသည့် တ‌ဒုတ်ဒုတ် တဂွပ်ဂွပ်အသံများကြောင့် အသံလာရာဆီသို့ မော့ကြည့်လိုက်သည်။ သတိုးခေတ်တစ်ယောက် အိတ်တစ်လုံးကို တရွတ်တိုက်ဆွဲကာ လှေကားမှ ဆင်းလာခြင်းဖြစ်သည်။ သူ့လမ်းသူသွားနေသည်မှာ ထိုင်နေသည့်မိဘများကို တစ်ချက်ပင်မကြည့်။

"အဲဒါ ဘယ်သွားမလို့လဲ"

"အိမ်ပေါ်က ဆင်းမလို့"

သားဖြစ်သူ၏အဖြေကြောင့် မိဘနှစ်ပါးမှာ ရယ်ရခက်၊ ငိုရခက်။

"ဘယ်ကိုဆင်းမှာလဲ"

"ကိုကို့အိမ်"

ခေတ် နိုင်ငံခြားကို မသွားနိုင်ပါ။ ထိုအစား ကိုကို့အိမ်၌သာ သွားနေပါမည်။

"ဒါဆို ဒီအိမ်ပြန်မလာတော့ဘူးလား၊ ပြန်မလာတော့ဘူးဆို ဆင်း"

သတိုးခေတ်သည် အမှန်ပင် အမေတူသားပါပင်။ မိခင်အမေးကို နှုတ်ဖြင့်မဖြေဘဲ သူ့အိတ်သူဆွဲ၍ ခြေလှမ်းများကို ရှေ့ဆက်လှမ်းခြင်းဖြင့် အဖြေပေးလေသည်။

မိဘများကို စိတ်ဆိုးကာ အိမ်ပေါ်ကဆင်းသည့်သားကို အသည်းယားလွန်း၍ စိတ်ဆိုးရမလိုလို၊ ပိုချစ်ရမလိုလို။ သို့သော် သွားချင်သွားပါစေဟူ၍သာ လွှတ်ထားလိုက်ကြသည်။ ကိုကို့ကို ပြန်ပြောပြသော သတိုးခေတ်၏ပုံပြင်ထဲတွင် သတိုး‌ခေတ်သည်သာ မတရားခံရသူ ဖြစ်နေလိမ့်ဦးမည်။

အိတ်တစ်လုံးကို တရွတ်တိုက်ဆွဲကာ အိမ်ထဲသို့ဝင်လာသည့်ခေတ်ကိုမြင်သောအခါ ဒေါ်ထက်ထက်လှိုင်တစ်ယောက် ကြည့်နေသည့်ပန်းအိုးလေးကို စားပွဲပေါ်ပြန်ချလိုက်သည်။

"ဟော.. သားခေတ် မာမီ့ဆီအလည်လာတာလား၊ အိတ်ထဲက ဘာတွေလဲ"

"သားခေတ်" ဟုအသံကြားသည်နှင့် ထမင်းစားခန်းတွင် မုန့်စားနေသည့်သားစေလည်း ပြေးထွက်လာ၏။ ထို့နောက် ခေတ်အိတ်ကို ဖွင့်ကြည့်လိုက်၏။ အိတ်ထဲမှထွက်လာသည်က ပုံပြင်စာအုပ်သုံးအုပ်၊ အင်္ကျီနှစ်စုံသုံးစုံနှင့် သူကစားနေကျအရုပ်များ။

မာမီလှိုင်တစ်ယောက် နန်းသူဇာဖုန်းဆက်ထား၍ အကြောင်းစုံကို သိပြီးဖြစ်သော်လည်း မသိဟန်ဆောင်နေရသည်။

"ဒါတွေက ဘာတွေလဲ သားခေတ်၊ ဘာလို့ယူလာတာလဲ"

"ခေတ်ကို မေနန်းက အိမ်ပေါ်ကနှင်ချလိုက်လို့လား.. ဟုတ်လား"

သားစေ ညီလေး၏လက်မောင်းနှစ်ဖက်အားကိုင်၍ မေးလိုက်သည်။ မျက်နှာလေးမဲ့ကာ ခေါင်းငုံ့နေသောခေတ် မေးဖျားလေးများ တဆတ်ဆတ်တုန်လာ၏။ ထို့နောက် မျက်တောင်ဖျားလေးများ စိုစွတ်လာ၏။

"ပြန်ပြန်၊ အိမ်ပေါ်ကဆင်းလာတဲ့သူတွေ လက်မခံဘူး"

"မာမီကလည်း လက်ခံလိုက်ပါနော်"

"ကောင်းကောင်းမွန်မွန်လာနေရင် လက်ခံမယ်။ အိမ်ပေါ်ကဆင်းလာတာဆို လက်မခံဘူး"

"လက်မခံဘူး" ပြောနေသူမှာ မာမီဖြစ်သော်လည်း ခေတ်၏ အသနားခံမျက်လုံးလေးများက ကိုကို့ဆီမှမခွာ။

"ခေတ်.. မငိုနဲ့နော် မငိုနဲ့၊ ဝမ်းလည်းမနည်းနဲ့၊ ကိုကိုလက်ခံတယ်နော်"

ညီလေးလက်ကိုဆွဲကာ အပေါ်တက်သွားသည့်သားတော်မောင်နှင့် အိမ်ပေါ်ကဆင်းလာသည့် သားခေတ်တို့နောက် ဒေါ်ထက်ထက်လှိုင် သားခေတ်အထုပ်ကိုဆွဲ၍ လိုက်ရလေပြီ။

သားစေအခန်းထဲတွင် သားစေသည် ခေတ်ကိုချော့နေပြီး ခေတ်ကတော့ မျက်ရည်များချောင်းစီးကာ သူမတရားခံခဲ့ရသည်တို့ကို ကိုကို့အား အားကိုးတကြီး တိုင်တန်းနေလေ၏။

"ခေတ်က ဘာလို့ သူများကို ကိုက်ဆွဲတာလဲ။ သူက ခေတ်ကို ကလဲ့စားပြန်ချေရင် ဘယ်လိုလုပ်မလဲ"

"သားကိုထိလို့ကတော့ သားက ဒီလိုတွေ ဒီလိုတွေ ထိုးပစ်မှာ"

ငိုနေရင်းမှ လက်သီးလက်မောင်းတန်းကာပင် လေဟာနယ်အား အားမာန်အပြည့်နှင့် ထိုးပြနေသေး၏။

"အဲလိုတော့ မထိုးပါနဲ့ကွာ။ သနားပါတယ်။ ပြီးတော့ ရန်ဖြစ်တာ မကောင်းဘူး ခေတ်ရဲ့။ သူတို့က ခေတ်ကိုလာစရင် ကိုကို့ကိုတိုင်၊ ကိုကိုက ခေတ်ကို ကာကွယ်ပေးမယ်။ သူတို့က လာ,စရင် ငါ့ကိုကိုနဲ့တိုင်မှာလို့ပြောလိုက်"

"သူတို့က ပြောလို့မရရင်ရော"

"ဘာလို့မရ,ရမှာလဲ။ ရတာပါ့။ ခေတ်ကိုလာထိတဲ့သူဆို ကိုကိုက အပြစ်ပေးမှာ။ ကိုကိုနဲ့တိုင်မှာလို့ပြောရင် သူတို့က ခေတ်ကို မထိရဲတော့ဘူး"

သူပြောနေသည်ကို မယုံသင်္ကာဟန်ဖြင့်ကြည့်နေသည့်ညီလေးကို သားစေ ငုံ့နမ်းလိုက်သည်။

ခေတ် သူ့အိမ်သို့လာနေသည်ကို သားစေပျော်သည်။ အမှန်အတိုင်းဆိုရသော် ဒယ်ဒီ့ကို မာမီပြောလိုက်သည့် "သူ့ကိုကိုအားကိုးနဲ့ အိမ်ပေါ်ကဆင်းလာသတဲ့" ဆိုသည့်စကားကြောင့် ပို၍ ပျော်နေခြင်းဖြစ်သည်။

သို့သော် ခေတ်သည် ကျောင်းပိတ်ရက်တွင် အစောကြီးနိုးကာ သူ့ကို အိပ်မရအောင် နှောင့်ယှက်နေသည့်အချိန်တွင်တော့ သားစေ မပျော်တော့ပါ။

ရေချိုးသည့်ကြွေကန်ထဲတွင် ညီအစ်ကိုနှစ်ယောက် အတူချိုးနေကြပြီး ခေတ်သည် ကိုကို့မျက်နှာအား ဆပ်ပြာမြှုပ်များနှင့် မျက်နှာသစ်ပေးနေ၏။ လူလည်လေးခေတ်သည် အိပ်ရေးဝဝမအိပ်ရသဖြင့် စိတ်ဆိုးနေသောကိုကို့ကို ချော့နေခြင်းဖြစ်သည်။

"ဟီးဟီး ကိုကိုး ဟီးဟီး"

"သွား.. လာချော့မနေနဲ့"

ညီလေးကချော့နေသည်ကို သဘောကျပါလျက်နှင့် ဟန်ဆောင်ကာမူပိုနေသူအား ဒေါ်ထက်ထက်လှိုင်တစ်ယောက် ပြုံး၍သာ ကြည့်နေမိသည်။

ရေချိုးရန်ပြင်ဆင်နေသည့်တစ်လျှောက်လုံး ခေတ်က သူ့ကို မျက်နှာငယ်လေးနှင့်လိုက်ကြည့်နေကတည်းက သားစေတစ်ယောက် စိတ်ဆိုးပြေနေပြီမဟုတ်ပါလား။ ယခုလိုများ ဆက်ချော့နေလျှင်ဖြင့် သားစေတို့ သဘောကျလွန်းသဖြင့် ဆက်၍ ဟန်ဆောင်နိုင်တော့မည်မထင်။

မကြာပါ။ သားစေတစ်ယောက် ခေတ်ကို အသည်းယားကာ ဖက်နမ်းနေလေပြီ။

"ခေတ်.. ကိုကိုက စိတ်မဆိုးဘူးနော်၊ ခေတ်ကိုချစ်လို့ စ,တာနော်။ ကိုကိုဆပ်ပြာတိုက်ပေးမယ်"

သားစေ ခေတ်ခန္ဓာကိုယ်အား ဆပ်ပြာမြှုပ်များနှင့် ပွတ်ပေးရင်း လက်မောင်းရင်းသို့အရောက်...

"ကလိ ကလိ ကလိ ကလိ"

ခစ်ခစ် ခစ်ခစ် ခစ်ခစ်....

ချိုင်းကို ကလိထိုးခံရသဖြင့် ခေတ်တစ်ယောက် ယားကာ ဆပ်ပြာမြှုပ်များကြား ရုန်းနေတော့၏။ ကိုကို့သဘောကျ ခေတ်ရယ်သံလေးများကတော့ ရေချိုးခန်းအတွင်း ပျံ့လွင့်လျက်။

"ကိုကို့ရော တိုက်ပေးဦး.. ကိုကို့ကိုရော"

“သားက ကိုကို့ကို သေချာတိုက်ပေးမယ်”

လိမ္မာလှသည့် ညီငယ်လေးကြောင့် ကိုကိုတည်မြဲစေတစ်ယောက် နှာခေါင်းတိုရပါတော့မည်။

ခိုနားရာ (Completed)Where stories live. Discover now