46

4.4K 374 64
                                    

Unicode

"မေမေ"

"ဖေဖေ"

"ဘိုး"

"ဘွား"

"ဘယ်သူလဲ၊ ဘယ်သူလုပ်တာလဲ"

အပြင်မှပြန်လာကာ အိမ်ထဲကို ဒေါသတကြီး အော်ဝင်လာသည့်ခေတ်။ ခေတ်အော်သံကြောင့် ဘွားနှင့်မေမေလည်း ဧည့်ခန်းဆင်းလာရသည်။ မေမေဆိုလျှင် အပြေးတစ်ပိုင်းနှင့်။ ဘိုးနှင့်ဖေဖေကတော့ ဆင်းမလာ။ အိမ်တွင်ရှိပုံမရ။

"သား.. သား ဘာဖြစ်လို့လဲ"

"ဘယ်သူလဲ၊ ကျွန်တော့်ကို ပြည်ပထွက်ခွင့် ပိတ်ထားတာ ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲ"

ခေတ်ကို မည်သူမှ အဖြေပြန်မပေး။

"ဘယ်သူလဲ၊ ဘယ်သူလဲလို့"

ခေတ် မျက်စိပျက် မျက်နှာပျက်ဖြစ်နေသည့် မိခင်ကို ကြည့်လိုက်သည်။

"မေမေ.. မေမေလား၊ မေမေလုပ်တာလား"

နှုတ်ခမ်းကိုပြင်လိုက်ကာ မျက်တောင်ခတ်၍ မျက်နှာလွှဲသွားသည်မှာ ခေတ်အထင်မှန်ကြောင်း ဝန်ခံလိုက်သည့်နှယ်။

"ဟုတ်တယ်မလား မေမေ။ မေမေ မလား"

ဘွားကို ကြည့်လိုက်ပြန်တော့လည်း သည်ကိစ္စကို သိနေသည့်နှယ်။

"ဘာလို့လဲ။ ဘာလို့လဲ။ သားကို ပြန်ဖွင့်ပေး။ သွားစရာရှိတယ်"

"မဖြစ်ဘူး။ မသွားရဘူး"

"သွားစရာရှိတယ်။ သွားရမှ ဖြစ်မယ်"

"သားဘယ်သွားမှာလဲ မေမေသိတယ်။ မသွားရဘူး"

ဧည့်ခန်းအတွင်း လူသုံးဦးရှိနေပြီး မေမေနှင့်ခေတ်သာ အပြန်အလှန် ပြောဆိုနေကြသည်။ ဘွားကတော့ ဆိုဖာပေါ်ထိုင်ကာ သမီးဖြစ်သူနှင့်မြေးတို့ ပြောသမျှကို နှုတ်ဆိတ်၍ နားထောင်နေ၏။ ခေတ်သည် မေမေနှင့် စားပွဲခြားလျက် မျက်နှာချင်းဆိုင် ရပ်နေ၏။

ခေတ် မေမေ့ကို ကြည့်နေရင်းမှ မျက်ခုံးနှစ်ခုကို တွန့်ချိုးကာ...

"သိနေတာလား။ မေမေသိနေတာလား။ သားတို့အကြောင်းကို မေမေသိနေတာလား"

‌ဒေါ်နန်းသူဇာ ခေတ်ကို အဖြေပြန်မပေးဘဲ ဆိုဖာပေါ်သို့ ထိုင်ချလိုက်၏။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။

မိခင်ထိုင်တော့ ခေတ်လည်း ထိုင်လိုက်သည်။

ခေတ်လည်း ထင်ပါသည်။ ကိုကို့အကြောင်းပြောလျှင် မေမေသည် ယခင်ကလို ရယ်မောဖောင်ဖွဲ့မနေတော့‌။ ခေတ်ကို ကိုကို့ဆီသို့ ခေတ္တခဏ အလည်သွားရန်ကိုပင် ခွင့်မပြုခဲ့။ လုပ်ငန်းတွေလေ့လာရန်၊ စီးပွားရေးလောကသို့ ဝင်ရောက်ရန်စသည့် ဖန်တစ်ရာတေနေသည့် အကြောင်းပြချက်များဖြင့် ခေတ်ကို အချိန်ဆွဲထားခဲ့သည်။ ထို့အပြင် ခေတ်ကို မိန်းကလေး တစ်ယောက်ပြီးတစ်ယောက်နှင့် မိတ်ဆက်ပေးလာသည်။

နောက်ပိုင်းတွင် ခေတ် တဖြည်းဖြည်း ရိပ်မိလာခဲ့သည်။ မေမေသည် ခေတ်ကို အလုပ်ကိစ္စကြောင့် မသွားခိုင်းခြင်းမဟုတ်ဘဲ ခေတ်ကို မြန်မာပြည်သို့ မပြန်စေချင်ခြင်းသာ။

အကြောင်းအရင်းမှာ တစ်ခုသာရှိသည်။ ကိုကိုနှင့်သူ့အကြောင်းကို သိသွားသည်မှလွဲ၍ အခြားမဖြစ်နိုင်။ သူ့ကို ကိုကို့ဆီ မပြန်စေချင်၍သာ။ ကိုကိုနှင့်သူ့ကို လက်ခံမပေးနိုင်၍သာ ဖြစ်သည်။ မဟုတ်လျှင် သူမပြန်လျှင်တောင် သေလောက်အောင်လွမ်းနေသည့်သူ့ကို ကိုကိုက ခဏလေးဖြစ်ဖြစ် လာတွေ့မှာ အသေအချာပင်။

အားလုံးကိုရိပ်မိချိန် မေမေ့ကို ခွင့်မတောင်းဘဲ ပြန်ရန်ပြင်တော့ ခေတ်၏ နိုင်ငံကူးလက်မှတ်မှာ ပြည်ပထွက်ခွင့် အပိတ်ခံထားရသည်။

"မေမေ သားတို့ကို လက်မခံလို့မရဘူး။ သဘောတူကို တူရမှာ"

"မဖြစ်ဘူး သား။ မေမေ လက်မခံနိုင်ဘူး"

"သား ကိုကို့ကို ချစ်တယ်"

"သားကြိုက်တဲ့မိန်းကလေးကို လက်ညှိုးထိုးလိုက်။ မေမေသဘောတူပေးမယ်။ သားစေနဲ့တော့ မဖြစ်ဘူး"

"ဘယ်မိန်းမမှ မကြိုက်ဘူး။ ဘယ်သူ့မှလည်း မလိုချင်ဘူး။ ကိုကို့ကိုပဲ လိုချင်တယ်"

"မိသားစုထက်တောင်မှလား"

"မေမေ"

မေမေသည် ခေတ်အနား ပြောင်းထိုင်လာသည်။

"ရူးမိုက်ရတာ လွယ်တယ် သား။ ခက်တာက အဲဒီရူးမိုက်ခြင်းရဲ့ အကျိုးဆက်ကို ခံနိုင်ရည်မရှိမှာပဲ။

..... အောင်မြင်နေတဲ့လူတွေတောင် ဒီဒဏ်တွေကို အလူးအလဲ ခံရတာ။ ဆုံးရှုံးမှုတွေနဲ့ စိတ်သောကတွေ အများကြီး ပေးဆပ်ကြရတာ။

မေမေ့သားလေးသာဆို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

"ကျွန်တော် ဘာအောင်မြင်မှုမှ မလိုချင်ဘူး မေမေ။ ကိုကို့ထက် ဘာမှ ပိုမလိုချင်ဘူး"

"သားစကိတ်စီးတဲ့အပေါ်မှာပါ သက်ရောက်မှုရှိရင်ရောလား။ သား အခု ကျင်လည်နေတဲ့ ရပ်ဝန်းလေးတစ်ခုမှာတောင် သားအတွက် ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်သွားနိုင်တယ်"

"ဒါနဲ့ပဲ ကျွန်တော်တို့အချစ်တွေကို စတေးလိုက်ရတော့မှာလား"

"သဘာဝနဲ့ဆန့်ကျင်တဲ့ချစ်ခြင်းမျိုးကို မေမေလက်မခံနိုင်ဘူး သား"

"မေတ္တာတရားတွေကသာ စစ်မှန်ဖို့လိုကြောင်း မေမေ့ကို ရှင်းပြဖို့ လိုသေးလား။ သားအပေါ်ထားတဲ့ ကိုကို့မေတ္တာတွေက မလုံလောက်သေးလို့လား။ သားထက် ဘယ်အရာက ပိုအရေးကြီးနေတာလဲ"

ဒေါ်နန်း‌သူဇာ သား၏ ဦးခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ရင်း...

"သားကိုကို့အတွက်ရော စဉ်းစားမပေးတော့ဘူးလား။ အပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကမှာ မိတ်ဆွေကောင်းရှိသလို ရန်သူလည်းမရှားဘူး သား။ ရန်သူဆိုတာ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အမြဲချောင်းမြောင်းနေတာ။ အဲဒီအားနည်းချက်ကိုတွေ့တာနဲ့ ဟိုးအောက်ဆုံးထိရောက်အောင် ထိုးချကြမှာ။ သားကိုကိုဆိုတာ စီးပွားရေးလောကမှာ ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ပဲ ရှိသေးတာ။ အင်အားကြီးတဲ့ ဘယ်သူမဆို အလွယ်တကူ နင်း‌ချေပစ်လိုက်လို့ရတယ်။ သားက ကိုကို့ကို ကျရှုံးစေချင်လို့လား"

"ကိုကို့ကို ဘယ်သူက ထိရဲမှာလဲ။ ကိုကိုက မေမေတို့ထင်သလို အားမနည်းဘူး။ အားနည်းလည်း ဂရုမစိုက်ဘူး။ ကိုကို့ဘက်မှာ ကျွန်တော်ရှိနေမှာ"

"သားက ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မှာမလို့လဲ"

ခေတ်နှုတ်ခမ်းတို့ ဆွံ့အသွားရသည်။ သူ စကားမပြောတတ်တော့ခြင်း မဟုတ်။ ပြန်ဖြေစရာ အဖြေမရှိတော့ခြင်းပင်။

သူက ကိုကို့ကို ဘယ်လောက်အထိ၊ ဘယ်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်မှာလဲ။ သူ့မှာ ဘာအင်အားရှိလို့ ကာကွယ်ပေးနိုင်မှာလဲ။ သူဟာ အခုထိ မိဘလောင်းရိပ်အောက်က မလွတ်သေးတဲ့၊ ကိုကို့ကို အမြဲဒုက္ခပေးနေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ မဟုတ်လား။ သူက ကိုကို့ကို ဘာများ ကာကွယ်ပေးနိုင်မှာမလို့လဲ။ ဘယ်သူမှထိလို့မရတဲ့သတိုးခေတ်ဖြစ်နေတာ သူ့ကိုယ်ပိုင်အင်အားမှ မဟုတ်တာ။

ဒါပေမဲ့ လူနှစ်ယောက်ချစ်ကြတာ ဘာများမှားနေလို့လဲ။ ကိုယ့်နှလုံးသားနဲ့ကိုယ်ချစ်တာတောင် ဘာလို့ သူများထိုးနှက်တာ ခံနေရဦးမှာလဲ။ ကိုကိုနဲ့ချစ်တာ အားနည်းချက်လား။ ဘာလို့ ကာကွယ်ပေးဖို့ လိုအပ်နေတာလဲ။

မသိတော့ဘူး။ ကာကွယ်ဖို့ လိုအပ်တယ်ဆိုလည်း ကာကွယ်ပေးလိုက်တာပေါ့။ နောက်ဆုံး အသက်ကိုရင်းလိုက်ရတာထက် ဘာရှိဦးမှာလဲ။ ကိုကိုနဲ့ ခွဲရတာလည်း ရှင်လျက်သေနေတာပဲ မဟုတ်ဘူးလား။ ကိုကိုသာမရှိရင် အသက်ရှူရုံသက်သက် သူ့ဘဝက ဘာများအဓိပ္ပာယ်ရှိမှာမလို့လဲ။

ငြိမ်သက်နေသည့်လေထုကို မေမေက ဖြိုခွင်းလိုက်ပြန်သည်။

"သားမာမီလှိုင်ကလည်း သဘောမတူဘူး"

ခေတ် သက်ပြင်းနှင့်အတူ ဆုံးဖြတ်ချက်တစ်ခုပါ ပိုင်နိုင်စွာချလိုက်သည်။

"ဂရုမစိုက်ဘူး။ ဘယ်သူ သဘောတူတူ၊ မတူတူ၊ ရှေ့မှာ ဘာတွေပဲဖြစ်လာလာ ဂရုမစိုက်ဘူး။ ကျွန်တော့်အတွက် ကိုကိုကလည်း မိသားစုနဲ့ထပ်တူ အရေးပါတယ်။ ကိုကိုကလည်း ကျွန်တော့်ရဲ့မိသားစုပဲ။ အောင်မြင်တာတွေ၊ နင်းချေတာတွေ ဂရုမစိုက်ဘူး။ ဖြစ်ချင်ရာဖြစ် ဘာမှဂရုမစိုက်ဘူး။ ကိုကို့ကိုပဲ ရအောင်ယူမယ်"

"လက်တွေ့ဘဝက သားထင်သလောက် မလွယ်ဘူးဆိုတာ သားသိပါတယ်"

"မသိဘူး။ ဘာမှနားမလည်ဘူး"

"နားလည်တယ်၊ သားနားလည်တယ်။ နားမလည်ချင်ယောင်ဆောင်နေတာ"

"ကျွန်တော်ကတော့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ကိုကို့ကိုပဲ ရွေးမှာ။ မေမေတို့လည်း ကိုကို့ကိုပဲ ရွေးရမယ်"

ဒေါ်နန်းသူဇာ ကူကယ်ရာမဲ့စွာဖြင့် မိခင်ကို အကူအညီတောင်းဟန် ကြည့်လိုက်သည်။ ဘွားသည် မေမေ့ကို ကူညီချင်ပုံမပေါ်။ ခေတ်ဆန္ဒကို လိုက်လျောရန်သာ အကြည့်တို့ဖြင့် အရိပ်အမြွက် ဖော်ပြနေ၏။

"ဘွား"

ခေတ် ဘွားခြေရင်း ဒူးတုပ်ထိုင်ကာ ဘွားပေါင်ပေါ် ခေါင်းတင်လေ၏။ ဘွားကတော့ မြေးလေး၏ ဆံနွယ်များကို သပ်ပေးရင်း သမီးဖြစ်သူကိုသာ ကြည့်နေလေ၏။

ခေတ်ကိုကြည့်ရသည်မှာ ငယ်ငယ်ကလို သူလိုချင်သည့် အရုပ်လေး တောင်းနေသည့်နှယ်။ ချိုချဉ်သကြားလုံး တောင်းနေပါသည့်နှယ်။

ဒေါ်နန်းသူဇာ သက်ပြင်းမောကို ချလိုက်ပြီးနောက် စိတ်ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်စိစုံမှိတ်ကာ ခေါင်းခါနေမိတော့သည်။

******

ညဉ့်နက်နေပြီဖြစ်သော်လည်း လူငယ်လေးတစ်ယောက်ကတော့ လမ်းဘေးစကိတ်ကွင်းအသေးလေးတွင် စကိတ်တစ်စီးနှင့် တစ်ကမ္ဘာတည်နေ၏။ စကိတ်စီးရင်း လဲကျသည်မှာလည်း အကြိမ်ကြိမ်အခါခါ။ ဒူးတွင်လည်း သွေးစို့နေသည့် ထိခိုက်ပွန်းပဲ့ရာတို့ ဗလပွနှင့်။ ဖြူကြည်သော အသားအရည်တွင် ဒဏ်ရာအချို့မှ သွေးစများက မြင်မကောင်းစွာ။

သို့သော် လူငယ်လေးကတော့ နာကျင်မှုကို ခံစားရပုံမပေါ်။ အကြိမ်ကြိမ်အခါခါလဲကျလိုက် ပြန်ထလိုက်၊ ပြန်စီးလိုက်နှင့် အကြိမ်ကြိမ်အခါခါ ထပ်မံ လဲကျနေပြန်သည်။ ကြည့်ရသည်မှာ trick ကို မကျွမ်းကျင်၍ လဲကျသည်ထက် ရည်ရွယ်ချက်ရှိရှိ ကျွမ်းကျင်စွာ လဲချသည့်ပုံပင် ပေါ်နေသေးသည်။ ဒဏ်ရာတို့ကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကို တရှိုက်မက်မက် လိုချင်တောင့်တနေပါသည့်အလား။

Tricks ကို ခပ်ကြမ်းကြမ်းကစားနေသည့် လူငယ်လေးသည် စကိတ်စီးခြင်းအပေါ်၌ အာရုံအလုံးစုံ နစ်ဝင်နေပုံလည်း မပေါ်။ စကိတ်ကို စိတ်ထွက်ပေါက်တစ်ခုအနေနှင့် စီးနေသည်ဟုပင် ထင်မှတ်ရသည်။

ထိုလူငယ်လေး ဤစကိတ်ကွင်းသို့ ရောက်နေသည်မှာ နေမဝင်မီကတည်းက ဖြစ်ပြီး ယခု နေကွယ်လို့ လထွက်ကာ လူအချို့ပင် အိပ်စက်အနားယူနေကြပြီ။ သို့သော် လူငယ်လေးကတော့ စကိတ်ကွင်းကြမ်းပြင်ပေါ် လှဲချကာ အနားယူလိုက်၊ စကိတ်ပြန်စီးလိုက်နှင့် ထိုနေရာမှ မခွာသေး။ တုန်ခါနေသည့် လက်ကိုင်ဖုန်းလေးကိုလည်း ယခုထက်ထိ အဖက်မလုပ်သေး။ ဟိုလိမ့်သည်လိမ့် နေရာယူနေသော ဘီယာဘူးများကသာ သူ၏ အရေးယူခြင်းကို အပြည့်အဝ ခံယူနေရသည်။

အနားယူနေသည့် လူငယ်လေးသည် နောက်ဆုံးလက်ကျန်ဘီယာတစ်ဘူးကို အဖော်ပြုရင်း တွေးတောနေသည်။

သူ ကိုကို့ကို ချစ်သည်။ သူတို့အချစ်ကို မိဘများက လက်မခံကြ။ သူကတော့ ကိုကို့ကို ရအောင်ယူမည်။ သူ့ဘဝတွင် ကိုကိုနှင့် ပတ်သက်သည်များကိုသာ လိုချင်ခဲ့ပြီး ထိုအထဲတွင် ကိုကို့ကိုသာ အလိုချင်ဆုံးဖြစ်သည်။ ကိုကိုနှင့်စကိတ်ရှိလျှင် သူ့ဘဝ ပြည့်စုံပြီ။

ကာကွယ်တာတွေ၊ အောင်မြင်တာတွေ သူမသိပါ။ သူသိသည်မှာ ကိုကိုတစ်ယောက်သာ။ ကိုကိုပြောသည့် အောင်မြင်သည့်လုပ်ငန်းရှင်တစ်ယောက်တော့ သူ ဖြစ်လာနိုင်မည်မထင်ပါ။ သို့သော် အနာဂတ်တွင် ကိုကို့အတွက် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာခဲ့လျှင် ရေနံလုပ်ငန်းနှင့် ရုပ်ရှင်ကုမ္ပဏီတစ်ခုမှ သူ့ရှယ်ယာများနှင့်ဆို သူတို့နှစ်ယောက် ရပ်တည်နိုင်မည် ထင်ပါသည်။ ကိုကြီးဧက၏ လုပ်ငန်းများတွင်လည်း ရှယ်ယာဝင်ထားသေးသည်။ သည်လောက်ဆို သူ့ကြောင့် ဆုံးရှုံးသွားသမျှ အကုန်အလျော်မပေးနိုင်လျှင်တောင် ကိုကို့အတွက် နှစ်သိမ့်မှုသေးသေးလေးတော့ ပေးနိုင်မည်ထင်ပါသည်။ မိသားစုလုပ်ငန်းမှ သူ့ရှယ်ယာများကိုတော့ ထည့်မတွက်တော့ပါ။

Professional stakeboarder တစ်ယောက်အဖြစ် ရပ်တည်ပြီး ကိုကိုဂုဏ်ယူရသည့် သတိုးခေတ်ဖြစ်လာလျှင် သူ့အပြစ်တချို့တဝက်တော့ ကျေနိုင်ကောင်းပါရဲ့။

သို့သော် ကျေချင်ကျေ၊ ‌မကျေချင်နေ သူပိုင်သည့်ကိုကိုကို သူအပိုင်သိမ်းတာ အားနာစရာတော့ မဟုတ်ပါ။ အစကတည်းက ကိုကိုက သူ့အပိုင်မဟုတ်ပါလား။ အကယ်၍ ကိုကိုစိတ်ထိခိုက်ရသည်ရှိသော် သူက နှစ်သိမ့်မှုအနည်းငယ် ပေးချင်ရုံသာ။

သူသိသည့် ကိုကိုသည် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ဘယ်သောအခါကမျှ မိဘကို မလွန်ဆန်ခဲ့။ ကိုကို့အကြောင်းကို သူအသိဆုံးပင်။ မည်မျှပင် သူ့ကိုချစ်သည် ပြောနေပါစေ၊ မည်မျှပင် ကိုကို့ကို ယုံကြည်ခိုင်းနေပါစေ၊ သားလိမ္မာကိုကိုသည် မိဘဆန္ဒကို လွန်ဆန်နိုင်ပါမည်လား။

ဒါပေမဲ့ ကိုကိုပြောခဲ့ဖူးသလို ကျွန်တော် ကိုကိုတစ်ယောက်တည်းကိုပဲ ယုံလိုက်မယ်။

လူငယ်လေးသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက် သူရှုပ်ထားသမျှကို ရှင်းကာ အိမ်ပြန်လမ်းသို့ ဦးတည်ထွက်ခွာသွားတော့သည်။ ကားမယူခဲ့၍ စကိတ်နှင့်သာ ပြန်ရတော့မည်။

ညဥ့်နက်နေပြီဆိုသော်လည်း သွားလာနေသည့် ယာဉ်များကတော့ လမ်းမကြီးထက် နေရာယူ‌နေဆဲ။ ညအလှကို အသက်သွင်းနေဆဲ။ သို့သော် သူကတော့ အနည်းငယ် တိတ်ဆိတ်ရှင်းလင်းသည့်လမ်းကို ရွေးချယ်လိုက်သည်။ ရှောင်စရာ၊ ရှားစရာ ယာဉ်လည်း သိပ်မရှိ။ လမ်းမကြီးကို ဖြတ်ကူးအပြီး အနည်းငယ်ဆက်သွားလိုက်လျှင် သူနေသည့်လမ်းသို့ ရောက်တော့မည်။ ရှင်းလင်းနေသည့် လမ်းမကြီးထက် ဖြတ်သွားဖြတ်လာ ယာဉ်မတွေ့တာကြောင့် သူ လမ်းဖြတ်ကူးလိုက်သည်။

ကျွီ...

မီးရောင်စူးစူး၊ ကားဘရိတ်အုပ်သံ ကျယ်ကျယ်လောင်နှင့် ယာဉ်မောင်းသူအမျိုးသားကတော့ မျက်လုံးများပြူးကျယ်သည်အထိ ထိတ်လန့်သွားရသော်လည်း စကိတ်ဘုတ်နှင့်လူငယ်လေးကတော့ အေးဆေးစွာပင် လက်ပြသွားလေ၏။

သို့သော် မီးရောင်မှိန်ပျပျ လမ်းကြားထဲမှ မြင်ကွင်းကတော့ လူငယ်လေးကို အေးဆေးစွာ ဆက်သွားခွင့်မပေး။ လူငယ်လေး၏ အကြည့်များကို အပြည့်အဝ ဖမ်းယူလို့နေသည်။ ယောက်ျားလေးနှစ်ယောက်ကို အခြားယောက်ျားလေးအုပ်စုမှ ဗလက်ကာယ ပြုလုပ်နေခြင်း။

မည်မျှပင် သူ ရှောင်သွားချင်နေပါစေ.. ထိုအဖြစ်အပျက်သည် သူသွားမည့်လမ်းကို အပြည့်နေရာယူထားပြီး ထိုအုပ်စုထဲမှ တစ်ယောက်က သူ့ကိုပါ လှမ်းဆွဲခြင်းဖြင့် အနိုင်ကျင့်ခံရမည့် တတိယလူအဖြစ် ပါဝင်စေခဲ့သည်။

ဤသို့ဖြင့် ကိုကို့ကိုပေးထားသည့်ကတိကို ချိုးဖောက်မိရတော့သည်။ လူနှစ်ယောက်က သူ့ကို ဆွဲနေသည့်အချိန်တွင် သူသည် သူ့ကန်ချက်ကြောင့် လဲသွားသည့် လူတစ်ယောက်ကို ရင်ဘတ်ပေါ်တက်ခွကာ ထိုးနေပြီ။ သူ့လက်ကို အတင်းဆွဲနေသည့် စောစောက အနိုင်ကျင့်ခံနေရသည့် ကောင်လေးကိုပါ တစ်ချက် လှည့်ထိုးပစ်လိုက်သည်။

သို့သော် အင်အားရော ခွန်အားပါ မမျှသည့်ပွဲတွင် သူ့နှုတ်ခမ်းမှ သွေးတို့ စီးကျနေခဲ့သည်။ သူ့လက်သီးလည်း ပွန်းပဲ့စုတ်ပြတ်နေပြီ။ အရိုက်ခံရသည့်ကျောပြင်သည်လည်း အရိုးများကျိုးကြေလုမတက် နာကျင်နေပြီ။ မူးနောက်နေသည့် ခေါင်းထဲတွင် အသိနှင့်သတိလည်း ဝေးကွာနေပြီ။ ဒူးခေါက်ကွေးဆီမှ ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီ။

"Watch out!"

သတိပေးသံအဆုံး နောက်လှည့်ကြည့်မိချိန် မြင်လိုက်ရသည့် အရိပ်မည်းမည်းများ။ ဘယ်အရာက ဘာဆိုသည်ကို မသဲကွဲနိုင်သည့် အမြင်အာရုံနှင့် နောက်ကျသွားခဲ့ရသော စက္ကန့်အပိုင်းအစများ။ မှောင်အတိကျသွားသည့် သူ့ကမ္ဘာတွင် နောက်ဆုံးခံစားလိုက်ရသည်က မျက်လုံးအိမ်မှ နာကျင်စပ်ဖျဉ်းမှုများ။

ခိုနားရာ (Completed)Where stories live. Discover now