24

4.8K 478 78
                                    

Unicode

(A/N cmt ပေးလို့မရဖြစ်နေရင် Library ထဲက ထုတ်ပြီးမှ ပြန်ထည့်ကြည့်ပါ)

"ဆိုပါဦး.. ဘာလို့ ဒီလောက်မူးအောင်သောက်နေတာလဲ"

ဧကမေးလိုက်တော့ ခေတ်မျက်နှာ ရယ်နေရာမှ တဖြည်းဖြည်း တည်သွား၏။ ထို့နောက် အလိုမကျဟန်နှင့် ဟွန့် ခနဲ နှာမှုတ်လိုက်ပြီး...

"ဘရိုင်ယန်"

"ဘာ.. ဘရိုင်ယန်"

မျှော်လင့်မထားသည့်အဖြေကြောင့် ဧက အံ့ဩလွန်း၍ မျက်လုံးပင်ပြူးထွက်ကာ အသံပင် ကျယ်သွားရ၏။ ဘရိုင်ယန်ဆိုသည်မှာ သူ့ပရိသတ်လေး၊ သူဆိုသည်မှာလည်း ဘရိုင်ယန်၏ အချစ်တော်လေးပင် မဟုတ်ပါလား။ သူ့ထက် ဆယ်နှစ်လောက်ငယ်သည့်ကလေးအား ဘာများမကျေမနပ်ဖြစ်နေရပါနည်း။

"ပြောပါဦး.. ဘရိုင်ယန်က ကိုယ်တို့ ခေတ်လေးကို ဘာလုပ်လိုက်လို့လဲ"

"ချီတာ"

ခေတ်အဖြေကြောင့် ဧက အနည်းငယ်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

"ချီတာ.. ဘာကိုချီတာလဲ"

ခေတ် မဖြေ။ ဧကကိုသာ စိုက်ကြည့်နေ၏။ ဧက,က စားပွဲပေါ်ရှိခွက်အား ခေတ်လက်ထဲသို့ထည့်ပေးကာ တစ်ငုံသောက်စေလိုက်သည်။

"ပြောပါဦး.. ဘရိုင်ယန်က ဘာကိုချီတာလဲ"

"ချီတာက..."

"အင်း ချီတာက..."

ဧကသည် ခေတ်စကားကို တစ်ခွန်းချင်း လိုက်ထောက်ပေးနေပြီး ခေတ်သည်လည်း မျက်နှာလေးမော့က တစ်လုံးချင်း ပြောနေသည်မှာ ကလေးငယ်တစ်ယောက်က အစ်ကိုကြီးအား တိုင်တန်းနေပါသည့်နှယ်...။

"ချီတာက..."

ခွပ်! ဝုန်း! ဒုန်း! ခွမ်း!

ခေတ် ဧကကို ထိုးလိုက်သည့်အသံ။ ထင်မှတ်မထား၍ သတိလက်လွတ်နေမိရာမှ ဧက ထိုင်ခုံအောက်ပြုတ်ချသွားသည့်အသံ။ ဧကလက်နှင့်တိုက်မိ၍ စားပွဲပေါ်မှ ပုလင်းနှင့်ခွက်များ ကျသည်ကကျ၊ ကွဲသည်က ကွဲကုန်သည့်အသံ။ ခေတ်ကတော့ ထိုးပြီးသည်နှင့် ခုံပေါ်၌ ကွေးနေလေပြီ။ သူသိပ်ကြိုက်သည့် ပုစွန်ထုပ်လေးနှင့်ပင် တူနေသေးသည်။

အနားသို့ရောက်လာသည့် ဝန်ထမ်းများကို ဧက လက်ပြ၍ တားလိုက်သည်။ ထို့နောက် အပေါ်အင်္ကျီချွတ်၍ ထိုင်ခုံပေါ်မှ ပုစွန်ကွေးလေးအား ခြုံပေးထားလိုက်သည်။

ပုံမှန်ဆိုလျှင် ခေတ်ကို သူ့အိမ်သို့ခေါ်သွားကာ သိပ်ထားမည်ဖြစ်သော်လည်း ယနေ့ညတော့ မဖြစ်နိုင်။ အရေးကြီးဧည့်သည်တစ်ယောက်နှင့် ချိန်းဆိုထားသည်ဖြစ်၍ ခေတ်ကို သူ့တပည့်များနှင့် လွှဲထားရပေဦးမည်။ သူ့အတွက် ငွေတွင်းကြီးရွှေ့လာပေးသည့် ဧည့်သည်အား လက်လွှတ်ခံ၍ မဖြစ်ပေ။ ထို့ကြောင့် ခေတ်အား ကလပ်အပေါ်ထပ်ရှိ သူ့နားနေခန်းသို့သာ အရင်ရွှေ့ထားလိုက်ရသည်။

"ချီ"

ခုတင်ပေါ်မှ ငမူး၏စကားအား အစောင့်ထားခဲ့သည့် မန်နေဂျာက နားမလည်။

"ခင်ဗျာ"

"ချီလို့"

ဗလုံးဗထွေးပြောလာသည့်အသံအား အချိန်ယူစဉ်းစားပြီးနောက် ဧက ဧည့်သည်နှင့်တွေ့ဆုံနေသည့် VIP ထပ်သို့ မယောင်မလည် သွားကြည့်လိုက်သည်။ သူ အရိပ်အယောင်ပြလိုက်သော်လည်း သူဌေးက သူ့အား လက်ကာပြ၏။ သူသွားရှုပ်လို့မဖြစ်သေးသည်ကို သဘောပေါက်၍ ပြန်လာခဲ့ရသည်။

"ချီပေး.. ချီလို့"

ခုတင်ပေါ်မှ သူဌေး၏အချစ်တော်ကလည်း ဇွဲကောင်းလွန်းလှသည်။ မမောနိုင် မပန်းနိုင် ထိုစကားကိုသာ တအီအီပြောနေတော့သည်။

"ကျွန်တော်က ဘယ်လိုလုပ်ပြီး ချီရမှာလဲဗျာ။ သူဌေးက ကျွန်တော့်ကိုသတ်မှာပေါ့လို့။ သေလို့မဖြစ်သေးဘူး။ ကျွန်တော်မိန်းမ မရသေးဘူးလေဗျ။ အခုထိ ရည်းစားတောင် မထားရသေးဘူး"

သူက ဒီကလပ်ရဲ့ မန်နေဂျာပါ။ ကလေးထိန်းမဟုတ်ရပါဘူး။

စိတ်ညစ်ညစ်နှင့် ခေါင်းကုတ်နေစဉ် ခေတ်ဖုန်းက အသံမြည်လာခဲ့သည်။ မန်နေဂျာခမျာ ထခုန်မိမတတ်ပင် ဝမ်းသာသွားရသည်။

******

စေ ဖုန်းထဲမှလူပြောလိုက်သည့်လိပ်စာအတိုင်း လာခဲ့ရာ ခေတ်ရှိသည့်ကလပ်သို့ ရောက်လာခဲ့သည်။ ဝန်ထမ်းတစ်ယောက်အား ကိုဧကနာမည်ပြော၍ ခေတ်ကိုရှာနေသည်ပြောတော့ ခေတ်ရှိရာ အခန်းသို့ လိုက်ပို့ပေးသည်။

အခန်းတံခါးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က ခုတင်ပေါ်တွင် ပက်လက်လှန်ကာ ဗလုံးဗထွေးနှင့် တအီအီလုပ်နေသည့် ခေတ်။ အရက်ရှိန်ကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်တော့သူကို ကြည့်၍ သူ့သွေးများပင် ဆူပွက်လာရသည်။ စေ ခြေလှမ်းကျဲများဖြင့် လှမ်းသွားကာ ခေတ်ကို နောက်ကျောနှင့်ဒူးခေါက်ကွေးမှ လက်လျှိုသွင်း၍ ပွေ့ခေါ်လာလိုက်သည်။

ဒေါသထွက်လွန်း၍ အံ့ကြိတ်ထားမိသောကြောင့် နားထင်ကြောများပင် ထောင်နေလေပြီ။ ပွက်ပွက်ဆူနေသောသွေးများကြောင့် နှာသီးဝမှ ဝင်လေထွက်လေတို့၏ အပူချိန်ကို ကိုယ်တိုင်ပင် ခံစားမိနေသည်။ ဖြစ်နိုင်လျှင် ထိုနေရာမှာပင် ဆူငေါက်ကာ ရိုက်နှက်၊ ကိုင်ပေါက်ပစ်လိုက်ချင်တော့သည်။ စေ့ဒေါသနှင့် မျက်ဝန်းတို့ကြောင့် သတိုးခေတ်သည်လည်း ပြာကျရပါတော့မည်။

ည ၁၁ နာရီတွင် စေ အလုပ်ကိစ္စဖြင့် video conferencing လုပ်နေစဉ်က ခေတ် အပြင်ထွက်သွားသည်ကို သိလိုက်သည်။ အစည်းအဝေးပြီးသည့် ည ၁၂ နာရီခွဲသည်အထိပင် ခေတ်ပြန်ရောက်မလာသေး။ ကိုဧက၏ ကလပ်သို့သွားသည်ကို သိ၍ ဖုန်းမဆက်ဘဲ ခေတ်ပြန်အလာကိုသာ စောင့်နေလိုက်သည်။

မေနန်းတို့ကို ကြည့်ရသည်မှာလည်း ခေတ် night out ထွက်ခြင်းအပေါ် အထွေအထူး ဂရုစိုက်နေဟန်မတူ။ ပုံမှန်အလေ့အထတစ်ခုကဲ့သို့ပင် သဘောထားနေပုံရသည်။ မေနန်းတို့သည် ခေတ်ကို အလိုလိုက်လွန်းသည်။ ရောက်နေသည့်ရက်ပိုင်းအတွင်း ဘွားနှင့်မေနန်းကိုကြည့်၍ စေ အားမရ။ ခေတ်လုပ်ချင်ရာ လုပ်ခွင့်ပြုထားသည်။ ခေတ်အပေါ် ယုံကြည်လွန်းသည်။ ခေတ်ဆန္ဒကို လိုက်လျောလွန်းသည်။ ခေတ်ကို အလိုလိုက်လွန်းသည်။ သူပြောလျှင်လည်း ‘သိတဲ့အတိုင်း သားညီက သူလုပ်ချင်တာမလုပ်ရရင် စိတ်ကောက်နေဦးမှာ’၊ ‘ငါ့မြေးက တစ်ခါတစ်လေမှ ထွက်တာပါ' ဆိုသည့်စကားများနှင့်ပင် အဆုံးသတ်ရစမြဲဖြစ်သည်။ ခေတ်အကြောင်းကိုသိ၍ ဘွားနှင့်မေနန်းကိုလည်း အပြစ်မဆိုချင်တော့ပါ။ ယနေ့ညအတွက် ဘယ်နှကြိမ်မြောက်မှန်းမသိစွာ သက်ပြင်းချရင်း ကျော်ထက်အောင်၏ စကားများကို ပြန်လည်ကြားယောင်လာရသည်။

"စေ.. မင်းကိုယ်မင်း ခေတ်အုပ်ထိန်းသူများ မှတ်နေလား။ သူ့မှာလည်း သူ့မိဘနဲ့ သူ့မိသားစုနဲ့ပါကွ။ မေနန်းတို့ကလည်း သူတို့ရဲ့တစ်ဦးတည်းသောသားလေးကို ပစ်မထားပါဘူး။ မင်းညီ ခေတ်က သူ့အဘွားရဲ့အသည်းပါ။ မင်းကလေ.. ခေတ်နဲ့ပတ်သက်ရင် ပိုကိုပိုလွန်းတယ်။ မင်းကိုယ်မင်း ခေတ်အတွက် တာဝန်အရှိဆုံးလူလို့ အထင်မှားနေတာလား။ မဟုတ်မှလွဲ.. ခေတ်အတွက် မင်းတစ်ယောက်တည်းမှာပဲ တာဝန်ရှိတယ်လို့များ ထင်နေတာလား။ ငါလည်း ခေတ်ကို ခင်ပါတယ်။ ကိုယ့်ညီလေးလိုပဲ သဘောထားပါတယ်။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ပူလောင်လွန်းလို့ သတိပေးတာ"

မနက် ၂ နာရီခွဲသည်အထိ ပြန်ရောက်မလာသေးသဖြင့် ဖုန်းဆက်ကြည့်လိုက်တော့ ကြားလိုက်ရသည့်စကားကြောင့် အစိုးရိမ်လွန်ကာ ချက်ချင်းလိုက်ခေါ်ရသည်။ တွေ့ပြန်တော့လည်း လူမှန်းသူမှန်း မသိအောင်လောက်အထိ မူးနေပြီး ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတော့သည့် အခြေအနေ။ သူ့ကို ပွေ့ချီလာသည်ကိုပင် သိပုံမရပဲ တအီအီသာလုပ်နေတော့သည်။

ယခင်နှစ်များကရော ခေတ် ဘယ်လိုများနေနေပါသလဲ။ ဒီပုံစံနဲ့ စိတ်ဓာတ်ယုတ်မာတဲ့သူတွေနဲ့တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ခေတ်အခါက ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် စိတ်ချရတော့သည့်ခေတ်မဟုတ်။ ယောကျ်ားလေးလည်း ဘဝပျက်သွားနိုင်သည်။ ခေတ်နှင့်အညီနေသည်ကို အပြစ်မဆိုလိုသော်လည်း မိမိကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် သောက်စားပျော်ပါးခြင်းကိုတော့ လက်သင့်မခံနိုင်။ ဝေးနေရတဲ့အချိန်တွေမှာ ခေတ် ဘယ်လိုတွေနေနေတာလဲ။

စိတ်တိုရလွန်း၍ အိမ်ကို မည်သို့ပြန်ရောက်လာသည်ကိုပင် မမှတ်မိတော့‌‌ပေ။

အိမ်သို့ရောက်သည်နှင့် အတတ်နိုင်ဆုံး အသံမထွက်အောင် သတိထားရသည်။ စိတ်တိုတိုနှင့် အိပ်ရာပေါ်ပစ်တင်လိုက်ပြီး အဝတ်အစားလဲပေးရသည်။ သို့သော် အားမရ၍ ဝတ်ထားပြီးသားများအား ချွတ်ကာ ရေပက်တိုက်ပေးပြီးမှ နောက်တစ်စုံ ပြန်လဲပေးလိုက်သည်။ ရေပက်တိုက်နေရင်းမှ ရေတောင်း၍ ရေနှစ်ခါလောက် တိုက်လိုက်ရသေးသည်။ အားလုံးပြီးသည့်နောက် မောမောနှင့် သက်ပြင်းချကာ ခါးထောက်ကြည့်နေစဉ် ငမူးကောင်က မျက်လုံး မပွင့်တပွင့်ဖွင့်ကာ သူ့ဆီသို့ လက်ဆန့်လာ၏။

"ချီ"

"ဟမ်"

"ချီလို့"

နားမလည်၍ အနားကပ်မေးတော့ ကုပ်ကိုဖက်ကာ ချီခိုင်းလာ၏။ စိတ်တိုတိုနှင့် ရယ်သာ ရယ်မိရတော့သည်။

"ဘာကိုချီလဲ.. မူးရင် အိပ်တော့"

ခေတ်လက်များကို ဆွဲခွာလိုက်ပြီး ခုတင်ဘေး တင်ပါးလွှဲထိုင်ကာ ငမူးလေးအား ကြံရာမရစွာ ကြည့်နေမိတော့သည်။

"ချီ.. ချီ.. ကိုကိုချီ"

"ကိုကိုး.. ဟီး ဟီး ချီ ကိုကိုချီ"

"ကိုကိုး... ကိုကိုး..."

မျက်ရည်များနှင့်ငိုကာပြတော့ စိတ်မကောင်းဖြစ်ရသူမှာ စေ။ မူးနေချိန်တွင်တောင် သူ့အားနည်းချက်ကို အမိအရ ဆုပ်ကိုင်နိုင်သည့် သတိုးခေတ်ပါလေ။ မနက်မှပဲ ဆူတော့မည်။ ယခု စိတ်တိုကာ ဒေါသထွက်နေလျှင်လည်း ကာယကံရှင်က သိမည်မဟုတ်။ သူသာ ပူလောင်ရလိမ့်မည်။ ထို့ကြောင့် လောလောဆယ် ခေတ်အလိုကိုသာ လိုက်ပေးလိုက်တော့မည်။ မနက်မှပဲ အသေအချာကို ဆူပစ်လိုက်တော့မည်။ ဆုံးဖြတ်ချက်နှင့်အတူ မျက်ရည်များအား ဖွဖွညင်သာ သုတ်ဖယ်ပေးရင်း...

"ကိုကိုက ဘယ်လိုချီရမှာလဲ ခေတ်ရ"

"ကိုကိုး.. သားကိုချီ"

"ကိုကိုးက သားရဲ့ ဒီခန္ဓာကိုယ်ကြီးကို ဘယ်လိုချီမလဲ"

ဒေါသစိတ်အား မျိုသိပ်ထားကာ ချွဲစိန်လေးအား ပြန်စ,မိသည်။ ပက်လက်ကလေးလှန်နေသူက ထထိုင်လာပြီး သူ့အား ဖက်တွယ်လာပြန်သည်။

"သားကိုချီ.. ကိုကိုး.. သားကို ချီလို့"

"အိုကေ.. အိုကေ ခဏနေဦး.. ကိုကိုအရင်ထလိုက်ဦးမယ်"

စေ မတ်တပ်ရပ်ကာ အသက်၀၀ရှုလိုက်သည်။

"ကဲ လာ ဘယ်လိုချီရမှာလဲ"

ခေတ် စေ့လည်ပင်းအားဖယ်တွယ်ပြီး ကိုယ်ပေါ်သို့ ခုန်တက်လိုက်ကာ ခြေနှစ်ဖက်က စေ့ခါးကို ခွလိုက်သည်။ ခေါင်းလုံးလုံးလေးကတော့ စေ့ပခုံးထက် မှေးစက်လျက်....။

"အာ.. အဆိုးလေးကွာ.. အခုမှ သူငယ်ပြန်နေတာ"

"ကိုကိုး"

"ဗျ"

"ကိုကိုး..."

"ဗျ..."

ချွဲချွဲလေးခေါ်လာတော့လည်း ဆွဲဆွဲလေးထူးပေးလိုက်သည်။

"ဟင့် ကိုကိုက သားကို မချစ်ဘူး"

"ချစ်တာပေါ့.. ကိုကိုက ခေတ်ကို ချစ်တာပေါ့"

"ကိုကိုက သားကို မလိုချင်ဘူး"

"လိုချင်တာပေါ့.. ကိုကိုက ခေတ်ကို လိုချင်တာပေါ့"

အချီခံချင်ပါသည်ဆိုသည့်သူသည် လျှောဆင်းကာ ခါးကိုဖက်လျက် ရင်ဘတ်ထက် မှီတွယ်လာပြန်ပါသည်။ သည်တော့လည်း မှီတွယ်လာသည့် ကိုယ်လုံးလေးအား ပြိုကျမသွားစေရန် ထိန်းထား‌ရမည်မှာ သူ့တာဝန်ပါပင်။

"သားက ကိုကို့ကို ချစ်တာကို"

"ကိုကိုလည်း ချစ်တယ်လေ"

"သားက ကိုကိုနဲ့နေချင်တာကို"

အောက်နှုတ်ခမ်းလေးထော်ကာ မျက်နှာလေးမဲ့လျက် မျက်ရည်လေးဝဲဝဲလေးနှင့် ပြောလာတော့...

ဟား ခေတ်ရာ...

ကိုကို ရူးရပါတော့မည်။

"ကိုကိုလည်း ခေတ်နဲ့ နေချင်တာပေါ့"

အချေလေးခေတ်သည် မူးလာလျှင်လည်း ချစ်ဖို့ကောင်းလွန်းသည်။ အူယားအောင်လည်း ချွဲတတ်လွန်းသည်။ မဟုတ်သေး.. စေတစ်ယောက်ကတော့ အူပင်မက အသည်းတွေ ကလီစာတွေအထိပင် ယားနေရပါပြီ။ အသည်းယားလွန်း၍ ထိုမလိုင်လုံးလေးအား စိတ်ရှိတိုင်း ဖျစ်ညှစ်ပစ်လိုက်ချင်တော့သည်။ ကိုကို့ညီလေးသည် ဧကန်အမှန် ကိုကို့အသည်းအသက် ကိုကို့အကြည်ဓာတ် ကိုကို့ပျော်ရွှင်မှုလေးပါပင်။

"ဒါဆို ကိုကိုက ဘယ်သူ့ကိုကိုလဲ"

"ကိုကိုက ခေတ်ကိုကိုပေါ့"

"ဒါဆို ကိုကိုက သားအပိုင်လား"

"ဒါပေါ့.. ကိုကိုက ခေတ်အပိုင်ပေါ့"

ဟီး အဟီးဟီး.....

မော့ကြည့်လာကာ သဘောတကျရယ်ပြတော့လည်း နဖူးပြင်ထက် အမြတ်တနိုး မွှေးကြူမိသည်က စေ...။

"ခေတ်.. အိပ်ရအောင်နော်၊ အိပ်သင့်နေပြီ"

"ကိုကိုးနဲ့အိပ်မှာ"

"အင်း ကိုကိုနဲ့အိပ်ရမှာ"

"ကိုကိုးနဲ့"

"အင်း ကိုကိုးနဲ့"

ခေတ်ကိုသိပ်ရန် ခြေလှမ်းရွှေ့လိုက်တော့...

ဝေါ့!

"ဟာ ခေတ်"

သည်ယမကာလုလင်လေးက မအန်၍ တော်သေးသည်ဟု ချီးကျူးစောခဲ့သည့် သူ့ကိုယ်သူ နောင်တရချင်မိသွားသည်။

"ဟာ ခေတ်ရာ.. အကုန်ပေကုန်ပြီ။ အင်္ကျီပြန်လဲရတော့မယ်"

ခေတ်ကို အင်္ကျီပြန်လဲပြီး ခုတင်ပေါ် သိပ်ပြီးနောက် ကိုယ်တိုင်ပါ ရေချိုးပစ်လိုက်သည်။ ထို့နောက်မှ နံနံစော်စော် ငမောင်ကူးဘေး ဝင်အိပ်ရတော့သည်။

"ကိုကိုး..."


ခိုနားရာ (Completed)Where stories live. Discover now