17

5K 457 42
                                    

Unicode

ခေတ် သူရိန်နှင့်နေမခအတွက် လက်ဆောင်ပို့‌ပေးချင်၍‌ ဈေးဝယ်ရန် ကုန်တိုက်တစ်ခုသို့ ရောက်နေသည်။ သူငယ်ချင်းကို တစ်ခါမျှ လက်ဆောင်မပေးဖူးသဖြင့် ဘာရွေးရမည်မှန်း ခေတ် မသိ။ ရေမွှေး၊ နာရီ၊ ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်၊ အင်္ကျီ..... ခေတ် စဉ်းစား၍ မရ။ နောက်ဆုံး စကိတ်ဘုတ်ဝယ်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ စကိတ်ဘုတ်ဝယ်မည်ဆိုလျှင် ခေတ်နှင့် ရင်းနှီးနေသည့် ဆိုင်တစ်ဆိုင်ရှိသည်။ ထိုဆိုင်သို့သွားရန် ကုန်တိုက်မှအထွက် ...

"အ"

"ဆောရီး.. ဆောရီး"

အလျင်စလိုဖြစ်နေဟန်ရှိသည့် လူတစ်ယောက်သည် ခေတ်ကို ဝင်တိုက်လာ၏။ ထို့နောက် ‘ဆောရီး' ပြောပြီး ပြုတ်ကျသွားသော လွယ်အိတ်ကို အလျင်အမြန်ကောက်ကာ အဝေးသို့ အပြေးတစ်ပိုင်းနှင့် ထွက်ခွာသွားလေ၏။ ခေတ် ကျန်ခဲ့သည့်လွတ်အိတ်ကို ကြည့်လိုက်တော့ သူ့လွယ်အိတ်မဟုတ်တော့။ စိတ်ပျက်စွာဖြင့် ကျွတ်ခနဲစုတ်သပ်ကာ ကျောပြင်သာမြင်ရတော့သည့် ထိုလူနောက်သို့ လလိုက်ရပြန်သည်။
ခေတ် အလျင်အမြန်ပြေးလိုက်သော်လည်း အလင်း၏ အလျင်နှင့်သွားနေသည့် ထိုလူ့အား မမီ။ ဓာတ်လှေကား၊ စက်လှေကား အဆင့်ဆင့် အထပ်ထပ်စီးကာ အလုပ်ရှုပ်နေသည့်ထိုလူသည် သူအော်ခေါ်နေသည်ကိုပင် ဂရုမစိုက်။ ထိုလူက တမင်သက်သက် ခေတ်နှင့် ပြေးတမ်းလိုက်တမ်း၊ တူတူပုန်းတမ်း ကစားနေသည့်နှယ်။ ၁၅ မိနစ်ခန့်မျှ လိုက်ရှာပြီးသည့်နောက် ထိုလူကို ခေတ် မျက်ခြေပြတ်သွားသည်။

အား.....

သွားလာလှုပ်ရှားနေကြသော လူအများအလယ် ခေတ် အသံကုန်ဟစ်ကာ အော်လိုက်သည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အံ့ကြိတ်လျက် မျက်ခြေပြတ်သွားသောလူအား ဆက်လက်ရှာဖွေပြန်သည်။ ခေတ်ပုံစံမှာ ထိုလူအား ရေမြေဆုံးလိုက်ရှာပြီး ပြန်တွေ့ပါက အမှုန့်ကြိတ်ပစ်တော့မည့်နှယ်။ ခေတ်အနားမှ လေထုသည်ပင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေပြီး လူသတ်ချင်သည့် အနံ့အသက်များ ထုံမွမ်းနေလေပြီ။

******

တိတ်ဆိတ်ငြိမ်သက်နေသည့် အိပ်ခန်းကျယ်ကြီးတစ်ခု၏ အလယ်ရှိ King Size ခုတင်ကြီးပေါ်တွင် ဖြူဖြူသေးသေး ကောင်လေးတစ်ယောက် လဲလျောင်းနေ၏။ ကြည့်ရသည်မှာ အနားယူနေသည်ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်နှင့် ပိုတူ၏။

ဖြူလွှလွှအိပ်ရာခင်းထက်တွင် ဂျင်းပင်ပြာနှင့် အနက်ရောင်ရှပ်လက်ရှည်လေးကို ဝတ်ဆင်ထားကာ ကွေးကွေးလေးအိပ်ပျော်နေသည့် ကောင်လေးကို ကြည့်ရင်း ဧကဘုဏ်းခေါင်၏ရင်ထဲတွင် တစ်မျိုးတစ်ဖုံ ကြည်နူးလာရသည်။ ကောင်လေး၏ မျက်နှာသည် ဒဏ်ရာဒဏ်ချက်များနှင့် လိုက်ဖက်လွန်းလှသည်။ နှုတ်ခမ်းထောင့်စွန်းလေးပေါက်ကာ သွေးစို့နေသည်ကပင် ကောင်လေး၏ ဆွဲဆောင်မှုအပေါင်းကို အားဖြည့်ပေးနေဟန်ရှိသည်။

သူကြည့်နေစဉ်မှာပင် အိပ်ရာထက်မှ ကောင်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ ထို့နောက် မျက်လုံးကို လက်ဖြင့်ပွတ်ကာ ဟိုသည်ကြည့်ရင်း မလှမ်းမကမ်းမှ ထိုင်ခုံပေါ်တွင် သူ့ကိုကြည့်ကာ ပြုံးနေသည့် ဧကဘုဏ်းခေါင်ကို မြင်သွားလေ၏။

"နိုးပြီလား"

သူ့စကားသံအဆုံး ထိုကောင်လေးက ထထိုင်လာပြီး စက္ကန့်ပိုင်းမျှ စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခုတင်ပေါ်မှ ချက်ချင်းဆင်းလာကာ သူ့ကိုယ်သူ ကာကွယ်ရန် ကိုယ်ဟန်အနေအထားယူလိုက်သည်။

ဧကဘုဏ်းခေါင် ထိုင်ရာမှ မထဘဲ စားပွဲပေါ်တင်ထားသည့် အရုပ်ကလေးကို ကောက်ကိုင်၍ လှည့်ပတ်ကြည့်ရှုလိုက်၏။ ထို့နောက် ထိုကောင်လေးဆီသို့ ထလာကာ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး အရုပ်ကလေးကို ထိုကောင်လေးမျက်နှာရှေ့ မြှောက်လိုက်သည်။

"ဒီအထိလိုက်လာတာ ဒီအရုပ်လေးအတွက်လား"

ကောင်လေးသည် ဧကလက်ထဲမှ အရုပ်လေးကို ဖျတ်ခနဲလုယူလိုက်သည်။ မျက်လုံးများကတော့ ဧကကို တစ်စက္ကန့်လေးမျှပင် အလွတ်မပေးဘဲ ဧကနှင့် ရင်ဆိုင်တိုက်ခိုက်ရန် သတိအနေအထားဖြစ်နေသည်။ ဧက ကောင်လေးပခုံး‌ပေါ် လက်တင်လိုက်ကာ...

"relax ကောင်လေး.. ကိုယ် မင်းကို တိုက်ခိုက်ချင်ရင် မင်း ကိုယ့်အိပ်ခန်းထဲတောင် ရောက်လာမှာ မဟုတ်ဘူး"

သတိအနေအထားနှင့် ခန္ဓာကိုယ်လေးသည် အနည်းငယ်တော့ ပြေလျော့ကျသွားသည်။ သို့သော် လုံးဝစိတ်ချထားလိုက်သည့် အနေအထားတော့ မဟုတ်။ ဧက ကောင်လေးကို ရယ်လိုက်ကာ မူလက မိမိထိုင်နေသည့်နေရာသို့ ပြန်သွားလိုက်သည်။ ကောင်လေးသည် ဧကရှေ့မှ စားပွဲပေါ်ရှိ ကျောပိုးအိတ်အနက်လေးကို ကြည့်နေသည်မှာ သူ့လွယ်အိတ်ကို ပြန်လိုချင်နေဟန်ရှိသည်။ ဧက ကောင်လေးအား ခွင့်ပြုသည့်သဘောဖြင့် လွယ်အိတ်ဆီသို့ မေးငေါ့ပြလိုက်တော့ ကောင်လေးက လွယ်အိတ်ကိုယူ၍ အိတ်ထဲမှ ပစ္စည်းများကို စစ်ဆေးကြည့်သည်။ ထို့နောက် ဧကကို မျက်လုံးလှန်၍ မကြည်ကြည့်တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။

"ကိုယ်တို့ မိတ်ဆွေဖြစ်ခွင့်ရှိမလား ခေတ်"

တံခါးဖွင့်နေသည့်လက်က တုန့်ခနဲ ရပ်တန့်သွားသော်လည်း ခေတ် နောက်ပြန်လှည့်ကြည့်ခြင်းမရှိသလို အဖြေပေးခြင်းလည်း မရှိခဲ့။

"ကိုယ်မင်းကို သဘောကျတယ်"

ခေတ် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်ခဲ့လိုက်သည်။

ခေတ် မှတ်ဉာဏ်များကို အပြင်းအထန်ပြန်ခေါ်နေရသည်။ ပထမ သူ ကုန်တိုက်တစ်ခုတွင် လက်ဆောင်ဝယ်ရန် လျှောက်ကြည့်နေသည်။ ထို့နောက် စကိတ်ဘုတ်ဆိုင်ကို သွားရန် ပြန်မည်အပြု လူတစ်ယောက်က သူ့ကို ဝင်တိုက်ပြီး လွယ်အိတ်ချင်း မှားကောက်သွားသည်။ ထို့ကြောင့် သူ ထိုလူနောက်သို့ လိုက်ရာ ကုန်တိုက်ထဲတွင် မျက်ခြေပြတ်သွားသည်။ ထို့နောက် ဓာတ်လှေကားမသုံးဘဲ လှေကားမှလိုက်ရှာရာ ထိုလူကို ပြန်တွေ့ခဲ့ပြီး နောက်မှ ဆက်လိုက်ခဲ့သည်။ ထို့နောက် ထိုလူပါသွားသော ကားနောက်မှ taxi ငှား၍ လိုက်ခဲ့သည်။ ထို့နောက် ခြံကြီးတစ်ခြံရှေ့အရောက်တွင် ထိုလူသည် ကားပေါ်မှ ဆင်းသွားသည်။ ခေတ်လည်း taxi ပေါ်မှဆင်းကာ ထိုလူ့ကို အမိအရဖမ်းပြီး လွယ်အိတ်ပြန်လုယူလိုက်သည်။ ထိုလူကလည်း ပြန်ဆွဲနေသောကြောင့် ခေတ် ထိုလူ့ကို အားပြင်းပြင်းတစ်ချက် ထိုးချလိုက်သည်။

ထိုလူ့ကို လိုက်ပါပို့ဆောင်သည့်ကားသည်လည်း ထွက်ခွာခြင်းမရှိသေးရာ ကားပေါ်မှ လူနှစ်ယောက်ဆင်းလာပြီး ခေတ်ကို ဝိုင်းကြိတ်ကြတော့သည်။ အရွယ်ရောက်ပြီးသား အမျိုးသားသုံးယောက်နှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်တို့ သတ်ပုတ်နေသည့် မြင်ကွင်းမှာ ကြည့်ရသည်မှာ တရားမျှတမှုတော့ မရှိလှ။ ခေတ်တို့ ထိုးကြိတ်နေကြစဉ် အနားသို့ ကားတစ်စီးရပ်လာသည်ကို ခေတ် သတိထားမိသည်။ ကားပေါ်မှ လူတစ်ယောက်ဆင်းလာသည်ကိုလည်း ခေတ် သိလိုက်သည်။ ထို့နောက် ဇက်ပိုးမှ အောင့်ခနဲဖြစ်သွားကာ ခေတ်ကမ္ဘာ အမှောင်ကျသွားတော့သည်။

သို့သော် လွယ်အိတ်ချင်းမှားယူသွားသည့်လူသည် စောစောက ခေတ်တွေ့ခဲ့သည့် အမြင်ကပ်စရာလူကြီးမဟုတ်သည်ကိုတော့ ခေတ် အသေအချာ မှတ်မိသည်။ ထိုသို့ဆိုလျှင် ခေတ်လွယ်အိတ်သည် အဘယ်ကြောင့် ထိုလူ့ဆီတွင် ရှိနေသနည်း။ ခေတ်သည် မည်သည့်အကြောင်းကြောင့် ထိုလူ၏အိပ်ရာထက်မှ နိုးထလာရသနည်း။

ခေတ် အဖြေရှာမရသည့်အတွေးများနှင့်အတူ လှေကားမှ ဆင်းလာလိုက်သည်။ အောက်ထပ်ရှိ ဧည့်ခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး ခေတ်မီ လူသုံးကုန်ပစ္စည်းများဖြင့် တန်ဆာဆင်ထားကာ ကြီးကျယ်ခမ်းနားလှသည့် အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။ ရွှေရောင်ကွပ်မီးဆိုင်းများမှာ ဖွေးဖွေးဖြူအောင် လင်းထိန်နေပြီး ငုံ့ကြည့်လိုက်လျှင် ကြမ်းပြင်၌ ထင်ဟပ်နေသော မိမိအရိပ်ကိုပင် ပြန်မြင်နိုင်သည်။ ငုံ့ကြည့်လိုက်မှပင် ခေတ် သတိထားမိသည်။ ခေတ်ခြေထောက်တွင် ဖိနပ်မပါ‌ပေ။ ခေတ် ခြေဗလာဖြင့်ပင် ထိုဧည့်ခန်းကျယ်ကြီးအား ဖြတ်လျှောက်လိုက်သည်။ ထို့နောက် စင်ဝင်အောက်မှနေ ခြံရှေ့ထွက်သည့် လမ်းအတိုင်း လျှောက်လာခဲ့ရာ စကားပြောနေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

ခေတ်မျက်နှာသည် ဇဝေဇဝါဖြစ်ခြင်းမှ ခက်ထန်မှုဆီသို့ ပြောင်းလဲသွားကာ တင်းမာနေသည့် မျက်နှာအသားအရေမှာ ဒေါသကြောင့် နီရဲလာသည်။ ထိုလူနှစ်ယောက်အနက် တစ်ယောက်ဆီသို့ ကမူးရှူးထိုးပြေးဝင်ကာ ထိုလူအား မြေပြင်သို့ တွန်းလှဲပစ်လိုက်ပြီး အပေါ်မှတက်ခွကာ ထိုလူမျက်နှာအား လက်သီးဖြင့် အချက်ပေါင်းများစွာထိုးနေသည်။ ဒေါသကြောင့် အသံရှူနှုန်းများ မြန်ဆန်လာကာ ဖိထားခံရသောသူမှာ မိမိမျက်နှာကိုသာ ကာကွယ်နေပြီး သူ့အား ပြန်လည်တုန့်ပြန်ခြင်းမရှိသည်ကိုပင် သတိမထားမိနိုင်စွာ စိတ်ရှိလက်ရှိသာ ခွထိုးနေတော့သည်။ ထိုလူနှင့် အတူရှိနေသောလူမှာလည်း ခေတ်ကို ချိုင်းမှမကာ အတင်းဆွဲနေသည်ကြောင့် ဆွဲကာ၊ ရုန်းကာ၊ ထိုးကာ၊ ကြိတ်ကာဖြင့် ခေတ် ထိုလူဆွဲရာသို့ ပါသွားရသည်။ ထို့နောက် မိမိအားကိုင်ထားသည့် ထိုလူ့လက်ကို ခါချကာ လွယ်အိတ်ထဲမှ mask ကို ထုတ်၍ မျက်နှာ၌ တပ်လိုက်ပြီး ခြေဗလာဖြင့်ပင် ထွက်လာခဲ့လိုက်သည်။

ထိုမြင်ကွင်းကို လက်ပိုက်ရပ်ကြည့်နေသည့် လူရွယ်တစ်ယောက်၏ နှုတ်ခမ်းများကတော့ သိသာစွာပင် ကျေနပ်အားရစွာ ကော့ညွတ်‌နေလျက်...။

******

အိမ်ပြန်ရောက်သည်နှင့် လက်ပ်တော့ပ်ရှေ့ထိုင်နေသည့် ဘွားနှင့် မေမေ၏ ရယ်သံလွင်လွင်နှင့် ပျော်ရွှင်နေသည့် စကားပြောသံများက ခေတ်ကို ဆီးကြိုနေ၏။ ခေတ်ဝင်လာသည်ကို မြင်သည်နှင့် မေမေသည် ခေတ်ကို လက်ယက်ခေါ်လိုက်သည်။

"သား.. လာလာ... ဒီမှာ သားကိုကိုနဲ့ စကားပြောနေတာ"

ခေတ် ခေါင်းငုံ့၍ မေမေတို့နောက်မှ ဖြတ်လျှောက်ကာ အပေါ်ထပ်သို့သာ တန်းတက်သွားလိုက်သည်။

******

စေ အိမ်ပြန်ရောက်လျှင်ရောက်ချင်း မာမီ့ဆီမှ သော့တောင်းကာ ခေတ်တို့ အိမ်ဘက်သို့ အလည်သွားဖြစ်သည်။ အိမ်ရှင်မရှိသည့်အိမ်တွင် စေ့ကို ဧည့်ခံမည့်သူ မရှိ။ စေ အပေါ်ထပ်သို့ တက်ကာ စိမ်းရက်လေသူ၏ လွမ်းနေရသည့် အငွေ့အသက်လေးကို တမ်းတရှာဖွေမိသည်။ ဖုံးအုပ်ထားသည့် အဖြူရောင်ပိတ်စများအား လှန်ပစ်လိုက်သည်။ သည်အိပ်ခန်း၊ သည်စာကြည့်စားပွဲ၊ သည်စာအုပ်စင်၊ သည်ဆိုဖာ၊ သည်အိပ်ရာ၊ သည်ရေချိုးခန်း... အရာရာတိုင်းဟာ သူ့အသည်းအသက်လေး၏ အငွေ့အသက်များ လွှမ်းခြုံရာ။

ယခင်ကဆိုလျှင် ဤစာကြည့်စားပွဲပေါ်တွင် ခေတ်၏ မုန့်ခွံများဖြင့် ရှုပ်ပွနေတတ်၏။ အဝတ်အစားချွတ်ပြီးတိုင်း ခြင်းထဲရောက်အောင်မထည့်သော ခေတ်ကြောင့် ဤဆိုဖာပေါ်တွင် ခေတ်အဝတ်အစားများက ဟိုတစ်ထည် သည်တစ်ထည် ရှိနေတတ်၏။ စေ အဝတ်များကို စနစ်တကျ သိမ်းဆည်းပေးတိုင်း ခေတ်သည် တင်ပျဉ်ခွေကလေးထိုင်ကာ စေ့လှုပ်ရှားမှုများကို လိုက်ကြည့်နေတတ်၏။ စေ ဆူလိုက်လျှင်တော့ ညာသွားတက်ကလေး လှစ်ဟစွာ စေ့ကို ပြုံးပြတတ်‌သေး၏။

သူပေးထားသော စာအုပ်များနှင့် သူဖတ်ခိုင်းထားသည့် စာအုပ်များသည် ဤစာအုပ်စင်ပေါ်တွင် ထောင်လျက်၊ လှဲလျက် ပုံစံအမျိုးမျိုးဖြင့် ရှိနေတတ်၏။ ခေတ်သည် စာမရတိုင်း အိပ်ခန်းထဲဝင်ပုန်းကာ အိပ်ချင်ယောင်ဆောင်တတ်သေး၏။ ကိုကို့ကိုဖက်လိုက်ရမှ အားရှိသွားကာ စာကြည့်နိုင်တော့မည်ဟုလည်း တီတီတာတာ ချွဲတတ်ပြန်သေး၏။ ခေတ်သည် စိတ်ကောက်လျှင် ခေါင်းအုံးထက်မျက်နှာအပ်ကာ ဝမ်းလျားမှောက်အိပ်တတ်သည့် အကျင့်ရှိ၏။ စေ ခုတင်ပေါ်တက်ကာ လှဲလိုက်သည်။ ဂျစ်ကန်ဆိုးပေမှုများဖြင့် နွေးထွေးခဲ့သော ဤအိပ်ရာသည် ယခုတော့ အေးစက်နေလေပြီ။

ပစ္စည်းများကို လှန်ပစ်ထားသော ပိတ်ဖြူစဖြင့် စနစ်တကျ ပြန်ဖုံးအုပ်ခဲ့ပြီးနောက် စေ အိမ်သို့ ပြန်လာခဲ့သည်။ ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် မြက်ခင်းပြင်ပေါ်တွင် ဘောလုံးကစားနေသည့် စေသေးသေးလေးနှင့် ခေတ်သေးသေးလေးက သူ့ကို ဆီးကြိုနေ၏။ ဆက်ကာလျှောက်မိပြန်တော့ သူ့ကို စိတ်ကောက်ကာ မိုးရေထဲထိုင်နေသည့် စူပုတ်ပုတ်ကောင်လေးနှင့် သူစိတ်တိုအောင်စကာ မာမီ့ကို ပတ်ပြေးနေသည့် လူပြောင်လေးက သူ့ကို ကြည့်နေကြလေ၏။ အိမ်ထဲသို့ ခြေချလိုက်သည်နှင့် ဧည့်ခန်းဆိုဖာပေါ်တွင် ဂိမ်းဆော့ကာ မာမီခွံ့ကျွေးသည့်မုန့်များကို စားနေသည့် ကောင်လေးနှင့် ထမင်းစားခန်းတွင်တော့ ပုစွန်ထုပ်‌ဆီပြန်ဟင်းဖြင့် ခေါင်းမဖော်စတမ်း လွေးနေသည့်ကောင်လေးက သူ့အား အပြုံး‌လေးနှင့် လက်ပြနှုတ်ဆက်‌နေလေ၏။

အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အိပ်ရာပေါ်ခြေဆင်းကာ စာအုပ်ဖတ်နေသည့် ကောင်လေးသည် သူ့အား လက်ယက်ခေါ်နေ၏။ သူ ခုတင်ပေါ် တင်ပါးလွဲထိုင်လိုက်သည်နှင့် ရေချိုးခန်းမှ ထွက်လာသော ကောင်လေးသည် ရေစိုနေသည့်ဆံပင်များကို သုတ်ပေးရန် သူ့လက်ထဲ တဘက်တစ်ထည် ထည့်ပေးလာ၏။ သူ့နောက်ကျောတွင် အိပ်စက်နေသည့် စာမကျက်ချင်သည့် ငပျင်းကလေးသည်လည်း သူ့ခါးအား ဖက်တွယ်ကာ သူ့ကို ခုတင်ပေါ် အတင်းလှဲချနေလေ၏။ ထို့နောက် ‘ကိုကိုက သားကိုမချစ်ဘူး' ဟု ဆိုကာ ဂျစ်ကာရစ်ကာ ဂျီကျလေ၏။

သူနှင့်ဝေးရာ အရပ်တွင် ကလေးငယ် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ပါ့မလား။ သူ့ဂရုစိုက်မှုတို့ လစ်ဟာနေသော အရပ်တွင် ကလေးငယ် အဆင်မှ ပြေပါ့မလား။ ရေခြား၊ မြေခြား၊ သူစိမ်းတရံများကြားတွင် ကလေးငယ် ပျော်မှ ပျော်ရွှင်ရပါ့မလား။

ငယ်ငယ်ကဆိုလျှင် ခေတ်သူ့ကို စိတ်ဆိုး၍ အိမ်သို့မလာလျှင် ခေတ်ကို ပုံပြင်စာအုပ်ဖတ်ပြရန် အကြောင်းပြချက်ဖြင့် ခေတ်ဆီသို့ သွားလို့ရသည်။ ယခုတော့ ခေတ်မျက်နှာမြင်ချင်လွန်းသဖြင့် မနက်အစောကြီးထကာ ၁၃ နာရီခွဲ အချိန်ကွာခြားသည့် Los Angeles သို့ video call ခေါ်ရသည်။ ချစ်ရပါသည့်ကလေးငယ်ကတော့ သူနှင့် စကားပြောချင်သည့် ဆန္ဒရှိပုံမရပေ။

ဘေးတိုက်မြင်လိုက်ရသော mask တပ်ထားသည့် မျက်နှာလေးသည် သူ့နွေရင်ခွင်ဝယ် လေပြည်အေးကလေးတစ်ချက် ဆော်သွေးသွားသကဲ့သို့ အေးမြရသည်။ လွမ်းနေရသည့်မျက်နှာလေး မဟုတ်ပါလား။

သို့သော် ကလေးငယ်သည် သူ့အား အကြည့်တစ်ချက်ပင် စွန့်ကြဲခြင်းမရှိခဲ့ချေ။ မရည်ရွယ်သည့် လေနုလေးသည် နွေရင်ခွင်ကို အပူ ပိုစေသည်။

အသံမကြားချင်၊ မျက်နှာပင် မမြင်ချင်လောက်အောင်အထိ ကလေးငယ်ဟာ သူ့အား နာကျည်းမုန်းတီးနေလေရော့သလား...။

အသိအမှတ်ပြုခြင်းမခံရတဲ့ လွမ်းဆွတ်မှုတွေနဲ့ တစ်ခါတလေတော့လည်း ကိုကို ပြိုလဲလုဖြစ်နေပြီ ခေတ်ရာ...။

ခိုနားရာ (Completed)Where stories live. Discover now