36

4.7K 412 100
                                    

Unicode


"ခေတ် သိချင်လား"

"အင်း သိချင်တယ်"

"ဒါဆို မျက်လုံးမှိတ်လိုက်"

စေ ခေတ်ခေါင်းလေးကို လက်ဖဝါးဖြင့်ထိန်းကိုင်ကာ လက်တစ်ဖက်က ခေတ်ခါးကို ထိန်းထားလိုက်သည်။ ထို့နောက် ခေတ်ကို အိပ်ရာပေါ် လှန်လိုက်ကာ ကိုယ်တိုင်ကလည်း ကိုယ်လုံးကို အနည်းငယ်ကြွ၍ အနေအထား ပြောင်းလိုက်သည်။ ခေတ်ကို သူ့အောက်တွင် ထွေးပွေ့ထားလျက်သား ဖြစ်နေသည်။

မျက်လုံးမှိတ်ထားသည့်ခေတ်ကို အပေါ်စီးမှ အုပ်မိုးကြည့်လိုက်သည်။ တုန်ယင်နေသည့် မျက်တောင်ဖျားလေးများနှင့် ပူနွေးနေသည့် ဝင်သက်၊ထွက်သက်တို့တွင် စေ့နှလုံးသား တဒိတ်ဒိတ်ခုန်ရ၏။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသည့် နှလုံးသားလေးသည် နောက်ဆုံးတွင် အချုပ်အနှောင်မှ ကင်းလွတ်ကာ ပျော်ရွှင်စွာ ကခုန်နေ၏။ အိစိုနေသည့် နှုတ်ခမ်းပါးရဲရဲတွင် စေ့နှုတ်ခမ်းတို့သည်လည်း မဝံ့မရဲ ခိုနားခွင့်ကို တောင်းဆို၏။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်....။

နှုတ်ခမ်းသားချင်း အထိအတွေ့တွင် ခေတ်နှလုံးသားတို့ တဒိတ်ဒိတ်ခုန်သည်။ အစာအိမ်ထဲတွင် လိပ်ပြာလေးများ ကလူကလည် ပျံသန်းကြသည်။ ရင်ထဲတွင် အေးခနဲ စိမ့်သွားရသည်။ အမြင့်ကြီးမှ ပြုတ်ကျလာသည့် ခံစားချက်မျိုးနှင့် ဟာခနဲ ဖြစ်သွားပြီး ကိုယ်တွင်းကလီစာများ ယားယံကုန်ရသည်။ ခေတ်မျက်ဝန်းတို့ ထိတ်လန့်စွာ ပြူးကျယ်ဝိုင်းစက်သွားရသည်။

ကိုကိုသည် ခေတ်မျက်လုံးများကို စိုက်ကြည့်နေရင်းမှ ခေတ်နဖူးပြင်ထက် နဖူးချင်း လာအပ်သည်။ မျက်လုံးမှိတ်ကာ နဖူးချင်းအပ်လျက်နှင့် ပရမ်းပတာ အသက်ရှူနှုန်းကို အချိန်ယူ တည်ငြိမ်စေလိုက်သည်။ ထို့နောက်မှ...

"ဘယ်လိုခံစားရလဲ"

ခေတ် အဖြေပြန်မပေး... မဟုတ်သေး... အဖြေပြန်မပေးသည်ထက် နှုတ်ခမ်းပါးများ ဆွံ့အကာ ပြန်မဖြေနိုင်ခြင်း ဖြစ်သည်။ ကိုကိုသည် နူးညံ့စွာပြုံးလိုက်ပြီး ခေတ်ကို သူ့ရင်ဘတ်သို့ ဆွဲကပ်လိုက်သည်။ ထို့နောက် ကိုယ်ကို ကြွထားရာမှ ပြန်အိပ်လိုက်ပြီး ခေတ်ကို ရင်ခွင်ထဲပွေ့လျက်‌ ဆွဲလှည့်သွားသည်။ ထို့နောက် သူကိုယ်တိုင်လည်း မျက်လုံးမှိတ်ထားလျက်...

"Good Night ခေတ်"

ရင်ခွင်ထဲပိုတိုးဝင်ကာ ခါးကိုဖက်လာသည့်ကောင်လေး သည်ညအိပ်မပျော်မည်ကို စေသိပါသည်။ ထို့အတူ သူသည်ရော အိပ်ပျော်နိုင်ပါ့မလား။

အိပ်မပျော်ကြသည့် အိပ်ချင်ယောင်ဆောင်နေသူ လူသားနှစ်ဦးကို တဒိတ်ဒိတ်ခုန်နေသည့် နှလုံးသားတစ်စုံက ပျော်ပျော်ကြီး သစ္စာဖောက်ကြလိမ့်ဦးမည်။

******

စေသည် မနက်စာပြင်ဆင်နေပြီး ခေတ်ကတော့ စားပွဲပေါ်ခေါင်းတင်လျက် ကိုကို့လှုပ်ရှားမှုများကို ကြည့်နေ၏။ စိတ်ထဲတွင် စကားတစ်ခွန်းကို ပြောရမည်လား၊ မပြောရမည်လား ဝေခွဲမရ ဖြစ်နေသည်။

သူ ကိုကို့ကို မေးလိုက်သင့်လား...။ ဒါမှမဟုတ် သူ့ဘာသာသူပဲ အဖြေထုတ်သင့်လား။ နောက်ဆုံးတွင်တော့ ခေတ် ကိုကို့ကို မေးရန်သာ ဆုံးဖြတ်လိုက်သည်။

"ကိုကို"

"ဗျ"

"ကျွန်တော်တို့က အခု ချစ်သူတွေဖြစ်သွားပြီလား"

စေသည် အေပရွန်ကိုချွတ်ရင်း ခေတ်ကို ပြုံးကြည့်နေသည်။ ထို့နောက် ခေတ်ဆီသို့ လျှောက်လာပြီး ခေတ်ဦးခေါင်းထက် လက်တင်လိုက်သည်။

"ခေတ် ကိုကို့ကို ချစ်လား"

ခေတ် ခေါင်းညိတ်ပြသည်။

"ညီအစ်ကိုလို မဟုတ်ဘဲ ချစ်သူလို ချစ်လား"

ပြူးကြောင်ကြောင်ပြန်ကြည့်နေသော ခေတ်ဆီမှ မည်သည့်အဖြေမျှ ပြန်မရ...။

"ဟုတ်ပြီ၊ ခေတ် အခု မဖြေတတ်ရင် မဖြေနဲ့ဦး။ ကိုကိုက အရင်တုန်းကလို ခေတ်ကိုကိုလို့ပဲ မှတ်ထား။ ခေတ် ကိုကို့ကို ဘယ်လိုချစ်တာလဲဆိုတာ မပြောလည်း ရတယ်။ အဓိကက ခေတ် ကိုကို့အနားက ဘယ်တော့မှ ထွက်မသွားဖို့ပဲ"

"ဒါဆို မမှုံနံ့သာကို ဘယ်လိုလုပ်မှာလဲ"

"အဲဒါ ကိုကို့တာဝန်ထား"

"ကျွန်တော် တာဝန်ယူလိုက်ရမလား"

"မလုပ်နဲ့ မလုပ်နဲ့... ဒီကိစ္စ ခေတ်ကိုယ်တိုင် ဝင်ပါစရာမလိုဘူး။ ကိုကိုနဲ့ပဲ လွှဲထားလိုက် နော်"

စေ ခေတ်ကို ဝင်ပါခွင့် မပြုနိုင်ပါ။ ခေတ် ဝင်ပါလျှင် အားလုံးရှုပ်ကုန်လိမ့်မည်။ မာမီ ဒေါသထွက်လျှင် မေနန်းတို့ဆီ ဖုန်းဆက်ပြီး ခေတ်ကို ပြန်မခေါ်ခိုင်းဘူးဟု မပြောနိုင်။ ခေတ် ဖြေရှင်းလျှင်လည်း ဘယ်နည်းနှင့်မျှ အေးအေးဆေးဆေး ဖြေရှင်းလိမ့်မည်မဟုတ်။ ခေတ်ဝင်ပါလျှင် ပိုဆိုးရုံသာ ရှိလိမ့်မည်။ မှုံနံ့သာ့သိက္ခာကိုလည်း ငဲ့ရဦးမည်။ ထို့ကြောင့် ခေတ်ကို ဝင်မပါခိုင်းခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

******

ကိုကိုရုံးသွားသည်နှင့် ခေတ်လည်း အပြင်ထွက်ခဲ့သည်။ ကိုကြီးဧက အလည်လာသည်ဟု ဖုန်းဆက်သောကြောင့် ကိုကြီးဧကနှင့် သွားတွေ့ရမည်။ ခေတ် ကိုကြီးဧကနှင့်တွေ့ရန် Dream ကော်ဖီဆိုင်လေးသို့ ချိန်းထားသည်။

ခေတ် ကော်ဖီဆိုင်ထဲဝင်လိုက်သည်နှင့် ထောင့်ဆုံးစားပွဲသို့ လှမ်းကြည့်လိုက်သည်။ စားပွဲတွင်ထိုင်နေသည့် ဧကက ခေတ်ကို လက်ပြလိုက်သည်။ ခေတ် ဧကဆီသို့ လျှောက်သွားလိုက်သည်။

မတွေ့တာကြာပြီဖြစ်သည့် ကိုကြီးဧကသည် ပိုချောလာပြီး ပို၍ ဆွဲဆောင်မှုရှိလာသည်။ သို့သော် နူးညံ့ကာ အနုပညာဆန်သည့်နေရာတွင်တော့ ကိုကို့ကိုမီရန် အများကြီးလိုသေးသည်။

ကိုကို့မျက်ခုံးကြီးတွေက ဒေါသထွက်တိုင်း မျက်မှောင်ကုတ်သွားတတ်ပေမဲ့ ကြင်နာတတ်တဲ့မျက်လုံးအကြည့်တွေက ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး။ စိတ်ဆိုးအောင်လုပ်လို့ ဆူရင်တောင် စကားလုံးတွေက အမြဲနူးနူးညံ့ညံ့လေး။ ခေတ်ကို မနိုင်တော့လို့ သက်ပြင်းချလည်း နှုတ်ခမ်းတွေက ပြုံးနေဆဲပဲ။ လက်ချောင်း ရှည်ရှည်သွယ်သွယ်လေးတွေကလည်း ဖယောင်းသားလေးနဲ့ထုထားသလိုပဲ။ လက်ချောင်းထိပ်လေးတွေကလည်း ပန်းရောင်သမ်းနေပြီး လက်သည်းလေးတွေဆို တိတိရိရိနဲ့ အမြဲသန့်ရှင်းနေတာ။

ကိုကိုက အပြင်ပန်းတင် ကြည့်ကောင်းတာမဟုတ်ဘူး.. နှလုံးသားလေးကလည်း နူးညံ့တယ်။ ပြီးတော့ အကြင်နာတတ်ဆုံးနှလုံးသားပိုင်ရှင်ကလည်း ကိုကိုပဲ။

ခေတ် ကိုကို့ရုပ်ပုံလွှာကို မြင်ယောင်ရင်း ဧကအနား ရောက်သွား၏။

"ကိုကြီးဧက.. မတွေ့တာကြာပြီ"

ခေတ် ဧကနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဧကက သူ့ဘေးတွင်ချထားသည့် ခေတ်အတွက်ပါလာသည့် လက်ဆောင်ကို စားပွဲပေါ်တင်လိုက်ပြီး...

"မင်းအတွက်"

"ကျေးဇူးပဲ"

ခေတ် လက်ဆောင်အိတ်ကို ယူလိုက်ကာ ဖွင့်ပင်မကြည့်ဘဲ သူ့ဘေးသို့ ပြန်ချထားလိုက်သည်။ အချိန်တွေမည်မျှကုန်ဆုံးသွားပါစေ... မတွေ့ရသည့်ရက်ပေါင်း၊ လပေါင်း မည်မျှကြာညောင်းနေပါစေ... သတိုးခေတ်ကတော့ သတိုးခေတ်ပါပင်။ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိ၊ မည်သည့်အရာကိုမျှ စွဲလမ်းခြင်းမရှိ၊ လိုချင်တပ်မက်ခြင်းမရှိ၊ ဟန်ဆောင်ခြင်းအလျဉ်းမရှိသည့် သတိုးခေတ်ပါပေ။ သို့သော် ဧက သဘောကျသည်မှာလည်း ထိုသို့သော သတိုးခေတ်ကိုပဲ ဖြစ်သည်။

"ကိုကြီးဧက အလုပ်ကိစ္စနဲ့လာတာလား"

"အရှုပ်ထုပ်လာသိမ်းတာ"

"ဟင်"

"ဟုတ်တယ်.. အရှုပ်ထုပ်လာသိမ်းတာ။ ကိုယ့်သူငယ်ချင်းရဲ့ မောင်ဝမ်းကွဲကွာ။ ရန်ဖြစ်လို့ဆိုလားပဲ။ အဲဒါ သူ့မောင်ကို ဒီမှာစိတ်မချလို့ ကိုယ့်ဆီ ခဏလောက်ခေါ်ထားပေးပါဆိုပြီး အကူအညီတောင်းလို့ လာခေါ်ရတာ။ သူ့ဘာသာလာခိုင်းလည်းရပေမဲ့ ကိုယ်လည်း ခေတ်နဲ့တွေ့ချင်သေးတာနဲ့ ကိုယ်တိုင်လာလိုက်တာ"

"ကိုကြီးဧက အဖော်ရတာပေါ့"

"မလိုချင်ဘူးကွာ။ ကြည့်ရတာ ပျော့တိပျော့ဖတ်နဲ့.. ကိုယ်နဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ သူ့ကိုရိုက်လိုက်တဲ့ ခွေးသူတောင်းစားကိုပဲ ပြန်ကျွေးချင်တယ်။ လုပ်ခြင်းလုပ် အပြတ်မလုပ်ဘူး။ ခေါင်းကွဲပြီး မေ့သွားရုံလောက်ပဲ လုပ်တယ်။ မလုပ်ရဲရင်လည်း မလုပ်နဲ့ပေါ့။ အခုတော့ အရှုပ်ထုပ်က ကိုယ့်ဆီလာတော့မယ်"

"သူများသားသမီးကို...။ ဒါနဲ့ သူက ဘာလို့ရန်ဖြစ်တာလဲ။ တော်ကြာ ကိုကြီးဧကပါ အမှုပတ်နေဦးမယ်"

"သမီးရည်းစားကိစ္စဆိုလားပဲ။ သူနဲ့တွေ့မှ သေချာမေးကြည့်ဦးမယ်။ ဟုတ်ချင်လည်း ဟုတ်မှာ။ အရွယ်လေးက ခေတ်တို့အရွယ်လေး"

"ဒါနဲ့ သူ့နာမည်က ဘာတဲ့လဲ"

မသိစိတ်၏ လှုံ့ဆော်မှုအရ ခေတ် မေးကြည့်လိုက်သည်။

"မြတ်သောအံ့တဲ့"

"ဪ"

နာမည်ကိုကြားလိုက်ရချိန်တွင် ခေတ်သည် သိပ်မထူးဆန်းသော အကြောင်းအရာတစ်ခုကို လုံးဝစိတ်ဝင်စားခြင်းမရှိသည့် မျက်နှာသေဖြင့် တုန့်ပြန်လိုက်သည်။ သို့သော် သူ့ရှေ့တွင်ထိုင်နေသူသည် ဧကဘုဏ်းခေါင်ဖြစ်သည်။

"ခေတ်လား"

"ဟင်"

"ခေတ်မျက်နှာပြောင်းသွားတာ ကိုယ်သိလိုက်တယ်။ ဟိုမရောက် သည်မရောက်လုပ်သွားတဲ့တစ်ယောက်က ခေတ်လား။ ခေတ်မလား"

ခေတ် ဧကကို ပြုံးပြလိုက်သည်။ ထို့နောက် ကော်ဖီတစ်ငုံ့သောက်လိုက်ပြီး ကိတ်တစ်ဇွန်းပါ ပါးစပ်ထဲ ထည့်လိုက်သည်။ ဧကကတော့ ခေတ်၏ လှုပ်ရှားမှုများကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေလေ၏။

"အဲဒီကောင်လေးနေရာမှာ ခေတ်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကိုယ် မင်းကို ကျေကျေနပ်နပ်ကြီးကို ခေါ်ထားမှာ"

ဤတစ်ကြိမ်တွင်တော့ gay အစ်ကိုကြီး၏ စကားများကို ခေတ် စိတ်အနှောင့်အယှက်မဖြစ်နိုင်တော့ပါ။ ထို့အပြင် ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ကာ လေသံခပ်တိုးတိုးဖြင့်...

"ကိုကြီးဧက... လူတစ်ယောက်ကို ချစ်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ"

ခေတ် စက္ကန့်ဝက်မျှ နားလိုက်ပြီး ဆက်ပြောလိုက်သည်။

"...အထူးသဖြင့်.. ယောကျ်ားလေးတစ်ယောက်က.. သူနဲ့မျိုးတူ.. ယောကျ်ားလေးတစ်ယောက်ကို"

ပြောပြီးနောက် ကိုယ်ကို ပြန်မတ်လိုက်၏။ ဧက ခေတ်ကို သဘောတကျ ပြုံးကြည့်ပြီးနောက် ခေတ် နည်းတူ ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်း၍...

"ခေတ်က ယောကျ်ားတစ်ယောက်ကို သဘောကျနေတာလား"

ခေတ် လေသံတီးတိုးဖြင့်...

"မဟုတ်ပါဘူး"

"ဘယ်သူလဲ။ ကိုယ်မရခဲ့တဲ့ ခေတ်စိတ်ကို ရသွားတာ ဘယ်သူလဲ"

"မဟုတ်ပါဘူးဆို။ ဒီအတိုင်းမေးကြည့်တာပါဆို"

ဧက ကိုယ်ကို နောက်ပြန်မတ်လိုက်ပြီး လက်ပိုက်၍ ခေတ်ကို မျက်လုံးများ မှေးစင်း၍ ကြည့်လိုက်သည်။

"ခေတ်က အလကားနေရင်း ဒီလိုတွေ မေးနေမယ့်လူလား။ ကိုယ့်ကိစ္စမဟုတ်ရင် ဘာကို စိတ်ဝင်စားဖူးလို့လဲ။ ပြော... ဘယ်သူလဲ ပြော"

"သိချင်လို့မေးတာပါဆို၊ မဖြေလည်းနေဗျာ"

"သာမန် ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ လုပ်တဲ့ကိစ္စမျိုး သူနဲ့လုပ်ချင်လား။ သူ ကိုယ့်အနားမှာရှိနေရင် ဘယ်လိုခံစားရလဲ။ မတွေ့ရရင်ရော လွမ်းလား။ သူ့ကို မြင်လိုက်တိုင်း ရင်ခုန်ရလား"

ခေတ် စဉ်းစားကြည့်သည်။ သာမန် ကောင်လေးနဲ့ကောင်မလေးချစ်သူတွေ ဘာလုပ်ကြမလဲ။ လက်ကိုင်မှာလား၊ ပွေ့ချီမှာလား၊ ကုန်းပိုးမှာလား၊ ရုပ်ရှင်အတူကြည့်မှာလား....။

ဒါတွေက သူနဲ့ကိုကို မွေးကတည်းက အတူလုပ်လာတဲ့အရာတွေလေ။ တစ်ခါတလေ ကိုကို့ရင်ဘတ်ပေါ်တောင် တက်အိပ်သေးတာ.. ထူးထူးခြားခြား ဘာမှ မခံစားရပါဘူး။

သူကိုယ့်အနားမှာရှိရင် ဘယ်လိုခံစားရလဲတော့ ခေတ်မပြောတတ်ဘူး။ ကိုကိုနဲ့အကြာကြီးခွဲနေရတုန်းကတော့ ခေတ် ကိုကို့ကို လွမ်းတယ်။ နေ့တိုင်းလွမ်းတယ်။ ကိုကိုနဲ့ အတူတူနေချင်တယ်။

ဒါပေမဲ့ ဒါကလည်း ကိုကိုက သူ့ကို အလိုလိုက်လို့၊ ကိုကိုက သူ့ကိုချစ်မှန်း သိလို့ပါ။ ကိုကိုက သူဆိုးသမျှ သည်းအခံနိုင်ဆုံးနဲ့ သူအနိုင်ကျင့်လို့ရတဲ့လူ ဖြစ်နေလို့‌လေ။ သူဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်တဲ့ကိုကို မလို့လေ။

သူ့ကို မြင်လိုက်တိုင်း ရင်ခုန်လားဆိုတာကျ တစ်အိပ်ရာတည်း အတူအိပ်ပြီး ကြီးလာကြတဲ့သူတို့က ဘာကို ရင်ခုန်ရမှာလဲ။ ဒါပေမဲ့... ဒါပေမဲ့... မနေ့ညကတော့...။ ဒါကလည်း ရင်ခုန်တာလား။ အဖြေကိုသိချင်လို့ စိတ်လှုပ်ရှားတာလား။ ချစ်သူတွေလုပ်တဲ့အရာမျိုးကို ကိုကိုနဲ့ လုပ်ကြည့်တာမလို့ အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားသွားတာလား....။

"စဉ်းစားမနေနဲ့ ခေတ်။ အဖြေကို အလိုလိုသိလာလိမ့်မယ်"

ဧက ခေတ်ကို ရိပ်မိစွာ ပြောလိုက်သည်။

ဒီလောက်လွယ်နေရင် ကျွန်တော် သတိုးခေတ်က သူများကို မေးနေပါ့မလား။ ဒါပေမဲ့ ကိုကိုကလည်း မစဉ်းစားနဲ့လို့ ပြောထားတာပဲ။ ဟုတ်တယ် မစဉ်းစားတော့ဘူး။

အမှန်တရားက ကိုကိုက ခေတ်အပိုင်ဆိုတာပဲ။

"ကိုယ်ပြန်နှင့်မယ် ခေတ်။ ချိန်းထားတာ ရှိသေးလို့"

"အင်း ကျွန်တော်လည်း ပြန်မယ်"

******

"ခေတ်ရေ ခေတ်..."

စေ တစ်အိမ်လုံး တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ရှာသော်လည်း ခေတ်ကို ရှာမတွေ့။ ဖုန်းဆက်ကြည့်သော်လည်း ဖုန်းက အိပ်ခန်းထဲတွင် ကျန်ခဲ့သည်။ အပြင်ထွက်မသွားတာတော့ သေချာသည်။ ထို့ကြောင့် ခြံထဲဆင်းရှာရခြင်းဖြစ်သည်။

"ခေတ်..."

တွေ့ပါပြီ... သူ့ရဲ့ ခေတ်လေး။

အလှဖန်တီးထားသည့် အသည်းပုံရေကန်သေးသေးလေးထဲကို စက္ကူလှေလေး မျှောနေသည့် ခေတ်။ လက်ထဲတွင်လည်း လှေလေးတစ်ခု ကိုင်ထားသေးသည်။ စေ သူ့ဘေးသို့ ဝင်ထိုင်သည်နှင့် သူ့လက်ထဲမှ စက္ကူလှေငယ်လေးအား စေ့ကို ပေးလေသည်။ စေ ခေတ်ပေးသည့် စက္ကူလှေလေးအား ရေကန်ထဲသို့ ချလိုက်သည်။ ထို့နောက် အနည်းငယ် အရှိန်ပါစေရန် ရေနှင့် တွန်းပေးလိုက်သည်။

"ကိုကို ကျွန်တော့်ကို ဘယ်တုန်းက စချစ်တာလဲ။ ညီအစ်ကိုလိုချစ်တာလား၊ ချစ်သူလိုချစ်တာလား ကိုကို ဘယ်လိုခွဲသိတာလဲ။ သိသိချင်း ဘယ်လိုခံစားရလဲ"

လရောင်နွေးနွေးသည် လူနှစ်ဦးအပေါ် ကျရောက်နေပြီး ရေကန်ငယ်ထဲတွင် လရိပ်က ကြည်လင်စွာ ထင်ဟပ်နေ၏။

စေ နံဘေးမှ ချစ်စရာကလေးငယ်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်...

"ဘယ်အချိန်ကစလဲတော့ ကိုကို မသိဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတာက ခေတ်တို့ ဆယ်တန်းဖြေပြီး ပြင်ဦးလွင် လိုက်ပို့တဲ့ည။ အဲဒီညက ခေတ်က ဝိုင်သောက်ပြီး မူးနေတာ။ ခေတ် ကိုကို့ရင်ဘတ်ပေါ်မှာ အိပ်ပျော်သွားတယ်။ အဲဒီတုန်းက ကိုကို့ရင်ခုန်သံတွေကို လိမ်လို့မရခဲ့ဘူး။ ခေတ်အပေါ်မှာ..."

စေ စကားစကို ဖြတ်ပြီး လမင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး...

"သိသိချင်းတုန်းက ကိုယ့်ကိုယ်ကိုယ် တော်တော်မုန်းခဲ့တယ်။ ခေတ်အပေါ်မှာရော၊ မာမီတို့၊ မေနန်းတို့အပေါ်မှာရော အပြစ်လုပ်မိတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ အထူးသဖြင့် ခေတ်အပေါ်မှာ အပြစ်ကျူးလွန်မိလို့ ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာစက်ဆုပ်ခဲ့တယ်။ ပြီးတော့ ခေတ်အပေါ်မှာ လောဘတက်လာမိတယ်။ ခေတ်ကို ကိုကို့အနားမှာပဲ ထားချင်ခဲ့တယ်။ ချစ်နေတာကို ဖွင့်ပြောလိုက်ရင် ခေတ် မုန်းသွားမှာကြောက်လို့ တစ်သက်လုံး မျိုသိပ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့လည်း ခေတ်ကို အနားမှာ ခေါ်ထားချင်ပြန်တယ်။ အဲဒါကြောင့် ခေတ်အတွက် အရာရာဖြည့်ဆည်းပေးနိုင်ဖို့ အလုပ်တွေကြိုးစားခဲ့တယ်"

"ကျွန်တော်က ဘာမှမလိုချင်ပါဘူး။ ကိုကိုရှိရင် ပြည့်စုံပါပြီ။ ဒါပေမဲ့ ကိုကိုပြောတာက ကျွန်တော်သိချင်တာနဲ့ မတူဘူးထင်တယ်။ အဖြေက သူ့အလိုလိုပဲ သိလာတာထင်တယ်"

"ခေတ်က ဘာသိချင်တာလဲ။ ဘယ်လိုအဖြေမျိုး လိုချင်တာလဲ"

ခေတ် ခေါင်းယမ်းပြလိုက်သည်။

အဲဒီလိုမဟုတ်ဘူး။ သူသိချင်တာ အဲဒါမဟုတ်ဘူး။ ချစ်တာကတော့ သူတို့က အစကတည်းက ချစ်နေကြတာလေ။ ဘယ်လိုအချစ်ဆိုတာကို ဘယ်လိုခွဲခြားမလဲ။ ကိုကိုပြောတဲ့ ရင်ခုန်တယ်ဆိုတာ သူ့မှာ မဖြစ်ဘူး။ သူရင်ခုန်တာ တစ်ချိန်ပဲရှိတယ်။ အဲဒါ စကိတ်စီးရတဲ့အချိန်ပဲ။ ကျန်တဲ့အချိန်မှာ အဲလိုခံစားချက်မျိုး သူမဖြစ်ဘူး။

ဒါဆိုရင် အဖြေက ဘာလဲ။ ကိုကို့ကို မချစ်တာလား...။ အဲလိုလည်း မဟုတ်ပါဘူး။ သူ ကိုကို့ကို ချစ်ပါတယ်။ ရင်ပဲ မခုန်တာပါ။ ဒါဆို ကိုကို့ကို ချစ်သူတွေလို မချစ်တာပေါ့။ ဒါပေမဲ့... ဟိုနေ့ညက...။ ဒါပေမဲ့လည်း အဲဒီတစ်ခါတည်းပဲလေ...။

"ကဲ ရေကန်ထဲက လရိပ်ကြည့်ပြီး အတွေးနယ်ချဲ့မနေနဲ့။ အိမ်ထဲဝင်ရအောင် ထ"

စေ မတ်တပ်ရပ်ကာ လက်ကမ်းပေးတော့ ခေတ်က စေ့လက်ကိုဆွဲကာ ထလိုက်သည်။ ထို့နောက် အခန်းထဲရောက်သည်အထိ လက်တွဲမဖြုတ်ကြတော့။

လက်ချင်းတွဲထားလည်း ရင်မခုန်ဘူးပဲ...။

ခိုနားရာ (Completed)Where stories live. Discover now