42

4K 379 90
                                    

Unicode


တည်စေ အစည်းအဝေးခန်းထဲမှ ထွက်လာလာချင်း သူရက သတင်းပို့သည်။

"ကိုစေ.. ခေတ်ဖုန်းဆက်တယ်။ သူဖျားနေလို့ မြန်မြန်ပြန်ခဲ့ပါတဲ့"

စေ ပြုံးလိုက်မိသည်။ မနက်ကပဲ အကောင်းကြီးရှိသေးသည်။ မနက်ကပင် သူရိန်တို့နှင့် တောင်ကြီး-အင်းလေး မလိုက်ရ၍ သူ့ကို စိတ်ကောက်နေသေးသည်။ အစည်းအဝေးမတိုင်မီကလည်း သူတစ်ယောက်တည်းပျင်း၍ အိမ်ပြန်လာရန် ဖုန်းဆက်ခေါ်နေသေးသည်။ ယခုလည်း သူ့ဖုန်းကိုမဆက်ဘဲ သူရဖုန်းကို ဆက်ကာ ဖျားနေပြီပြောပြန်သည်။ ဉာဏ်နီဉာဏ်နက် များလွန်းသည့် ခေတ်ပါလေ။

"လျှောက်ပြောနေတာ။ မနက်ကပဲ အကောင်းကြီး"

သူရကိုပြောပြီး အလုပ်စားပွဲတွင် ထိုင်လိုက်သည်။ သို့သော် အလုပ်ထဲသို့ စိတ်မရောက်။ အိမ်မှ ဒုက္ခအိုးလေးဆီသို့သာ စိတ်ရောက်နေသည်။ ထို့ကြောင့် သူရကို ဖုန်းဆက်လိုက်သည်။

"သူရ.. ခဏနေ ခေတ်ကို နေ့လယ်စာစားဖို့ သွားခေါ်လိုက်"

"ဟုတ်ကဲ့ ကိုစေ"

သူရကိုဖုန်းဆက်ပြီးနောက် အလုပ်ထဲသို့ အာရုံပြန်စိုက်ထားလိုက်သည်။

"ကိုစေ... ကိုစေ..."

လုပ်ငန်းခွင်တွင် အစဉ်အမြဲတည်ကြည်နေသည့် သူရက ရုံးခန်းတံခါးပိတ်ပြီးသည်နှင့် သူ့အနားသို့ အလောတကြီးပြေးလာ၏။

"ဘာဖြစ်လို့လဲ သူရ"

"K fashion မှာ ပြဿနာတက်နေပြီ"

"ဘာဖြစ်လို့လဲ"

"Customer တစ်ယောက်က ရစ်နေတယ်ပြောတယ်။ ဘယ်လိုမှဖြေရှင်းလို့မရဘူး"

"မန်နေဂျာရော"

"မန်နေဂျာလည်း မရဘူး။ သူဌေးနဲ့တွေ့ချင်တယ်ပဲ ပြောနေတယ်။ သူမကျေနပ်ရင် ဆိုင်နာမည်ပျက်အောင်လုပ်မယ်လို့လည်း ခြိမ်းခြောက်နေတယ်။ ဘယ်လိုမှလည်း ဖြေရှင်းလို့မရဘူးတဲ့။ လက်ထဲမှာ မီးခြစ်ကိုင်ထားလို့ တစ်ဆိုင်လုံးလည်း ကြောက်နေကြပြီ။ မန်နေဂျာလည်း တော်တော်ခေါင်းကိုက်နေပြီ"

စေ သူရလက်ထဲမှ ဖုန်းကိုယူ၍ မန်နေဂျာနှင့် ဖုန်းပြောလိုက်သည်။ တစ်ဖက်မှ ဈေးဝယ်သူသည် အတော်ခေါင်းမာကာ ယနေ့ ပြဿနာတစ်ခု ဖြစ်ကိုဖြစ်ရမည်ဟု သံန္နိဌာန်ချထားပုံရသည်။ သူမလာလျှင် ပြဿနာမပြီးမည့်သဘောရှိသည်။

မန်နေဂျာနှင့်ဖုန်းပြောပြီးနောက် သူရနှင့်အတူ Diamond Center တတိယထပ်ရှိ K fashion သို့ လာခဲ့ကြသည်။

"အဖြူနဲ့အနက်ပဲ လာတာမလို့ပါ အစ်ကိုရယ်"

"စောစောက ပြောတော့ အဝါရတယ်ဆို"

"အဲဒါက မှားပြောမိတာပါ။ တောင်းပန်ပါတယ်"

"မင်းတို့ မှားချင်တိုင်း မှားလို့ရလား။ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ...."

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကြားလိုက်ရသည့်အသံကြောင့် စေ ပြုံးမိသွားသည်။

စေ့ကိုမြင်သည်နှင့် မန်နေဂျာအပါအဝင် ဝန်ထမ်းများအားလုံးက အရိုအသေပေး နှုတ်ဆက်ကြသည်။ စေ ခေါင်းညိတ်ပြလိုက်မှ နောက်ဆုတ်သွားကြသည်။ ပြဿနာရှာနေသည့် လူငယ်လေးကတော့ ယခုထိ စေ့ကို မကြည့်သေး။

"ဒီက ညီလေးက ဘာအဆင်မပြေတာများ ရှိလို့ပါလဲ"

"ဒီတံဆိပ်နဲ့ အင်္ကျီ အဝါရောင်လိုချင်တယ်"

သူပြလိုက်သော အင်္ကျီမှာ အဖြူနှင့်အနက် နှစ်ရောင်သာလာသော hoodie ဖြစ်သည်။ ကုမ္ပဏီမှ ထုတ်မထားသည့်အရောင်ကို K fashion မှ မည်သို့ ဖန်တီးပေးရပါမည်နည်း။ ထိုတံဆိပ်အကြောင်းကို သိသိလျက်နှင့် တမင်ပြဿနာရှာနေသော ဈေးဝယ်သူပါလေ။

"သူက အဖြူနဲ့အနက် နှစ်ရောင်ပဲ လာတာခင်ဗျ။ ညီပြောတဲ့ အဝါရောင်တော့ မလာဘူး"

"မရဘူး အဝါရောင်လိုချင်တယ်"

"ကုမ္ပဏီကကို နှစ်ရောင်ပဲ ထုတ်ထားတာပါခင်ဗျ။ ညီ အဝါရောင်လိုချင်တယ်ဆိုရင် တခြား brand ထဲက ဆိုရင်ရော။ ကိုယ်တို့ဆိုင်မှာ လူငယ်ကြိုက်ဒီဇိုင်းလေးတွေနဲ့ brand ကောင်းကောင်းလေးတွေ အများကြီးရှိပါတယ်။ ညီ စိတ်ကြိုက်ရွေးချယ်ကြည့်ပါ"

"ဒီဒီဇိုင်း ဒီတံဆိပ်ပဲ အဝါရောင်လိုချင်တယ်"

"ဒီတံဆိပ်ကတော့ အဝါရောင်မလာလို့ပါ"

"ဒါဆို အဝါမလာရင် မလာဘူးပြောလေ။ မေးတုန်းက ရှိတယ်ဆိုပြီး.. ဘာလဲ ပြီးပြီးရော ဖြေလိုက်တာလား။ customer ကို အလေးမထားတာလား။ မဝယ်နိုင်ဘူးထင်လို့လား"

ပြဿနာရှာနေသည့် ဈေးဝယ်သူသည် ပါးစပ်ကလည်းပြော လက်ကလည်း တစ်ဆိုင်လုံးကို ဖုန်းဖြင့် ဓာတ်ပုံလှည့်ရိုက်နေသည်။

"ကိုယ့်ဝန်ထမ်းက ညီ့ကို အလေးမထားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ ညီကျေနပ်အောင် ဘယ်လိုများ ဆောင်ရွက်ပေးရမလဲ"

ထိုသို့မေးလိုက်တော့လည်း အဖြေပြန်မလာ။ သူဘာဖြစ်ချင်နေသည်ကို သူကိုယ်တိုင်ပင် သိပုံမပေါ်သည့် ဈေးဝယ်သူအား စေ ပြုံးပြုံးကြီး ကြည့်နေလိုက်သည်။ အကြည့်ခံရသည့် ဈေးဝယ်သူကလည်း စေ့အား အံကြိတ်ကာ မျက်လုံးလှန်ကြည့်လာသည်။ တစ်ဦးက နွေးထွေးသည့်အပြုံးနှင့် ကြည်လင်အေးချမ်းသည့် ဓာတ်ကိုဆောင်ပြီး တစ်ဦးကတော့ တစ်လောကလုံးကို အေးခဲပစ်တော့မည့် အေးစက်စက် အကြည့်စူးစူးများနှင့်.....။

သူရမှအပ ရပ်ကြည့်နေသည့် ဝန်ထမ်းများအားလုံးသည်လည်း အသက်ရှုဖို့မေ့လောက်အောင်အထိ အခြေအနေကို စိတ်ဝင်စားနေကြသည်။

အချိန်တစ်ခုကြာသည်အထိ မျက်ဝန်းနှစ်စုံ အကြည့်ချင်းပြိုင်ကြပြီးနောက် အကြည့်စူးစူးများနှင့်လူငယ်လေးက ဦးစွာ အကြည့်လွှဲသွားသည်။ စေ လူငယ်လေး ခေါင်းကို ပွတ်လိုက်ပြီး...

Hi"တော်တော်ဆိုးတဲ့ ကလေးပါလား ဟင်"

ဈေးဝယ်သူသည် စေ့လက်ကို မရှောင်။ ခေါင်းကိုသာ ငုံ့ထားလေ၏။

"သွားရအောင်၊ သူများတွေကို မနှောင့်ယှက်နဲ့တော့"

ခေါ်နေသော်လည်း ပေကတ်ကတ်ရပ်နေဆဲ။ စေ ဈေးဝယ်သူအား လက်ကောက်ဝတ်မှ ဆွဲခေါ်သည်။ သို့သော် ဈေးဝယ်သူက ကျောက်တိုင်ကြီးပမာ မြဲမြဲမြံစွာ ရပ်နေဆဲပင်။ စေ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ဖန်ဆင်းလိုက်ကာ ကိုယ်ကိုကိုင်း၍ ရှေ့မှ ကျောက်ရုပ်‌ကလေးနှင့် မျက်နှာချင်း နီးကပ်စေလိုက်သည်။ ထို့နောက် လျှပ်တပြက်တိုက်ကွက်သုံး၍ ကျောက်ရုပ်လေးအား ပခုံးပေါ်ထမ်းတင်၍ ဆိုင်ထဲမှ ထွက်ခဲ့လိုက်တော့သည်။

ပြုံးတုံ့တုံ့နှင့် သူရသည်ကား တစ်ယောက်တည်း ကားငှားပြန်ရန် ထွက်သွားသော်လည်း ကျန်ခဲ့သည့် ဆိုင်ဝန်ထမ်းများကတော့ ကြက်သေသေလျက်။

စေ လက်တစ်ဖက်ဖြင့် ကားမောင်းနေပြီး တစ်ဖက်ကတော့ မိမိဘေးမှ ကျောက်ရုပ်လေး၏ ဦးခေါင်းအား ပွတ်သပ်ချော့မြှူနေ၏။ သို့သော် ကျောက်ရုပ်လေးကတော့ သူ့ကို မျက်နှာလွှဲကာ ကားပြတင်းမှတစ်ဆင့် လမ်းမဆီသာ အကြည့်ပို့ထားလေ၏။

"ခေတ်..."

~~ Just remember when a dream appears ~~

~~ You belong to me ~~

သူခေါ်လိုက်သည်နှင့် ကောက်ကာငင်ကာ သီချင်းဖွင့်ချလိုက်သည့်‌ခေတ်။။ သည်ကလေးဟာ သည်ရက်ပိုင်း တော်တော်ဆိုးလာသည်ပင်။ စေ ခေါင်းတဆတ်ဆတ်ညိတ်ကာသာ ကားကို ဆက်မောင်းလာလိုက်သည်။

သူ့အား မျက်နှာလွှဲထားသူသည် စားသောက်ဆိုင်သို့ ရောက်သည်ထိတိုင် အကြည့်တစ်ချက် မစွန့်ကြဲသေး။ ကားတံခါးဖွင့်၍ ‌ဦးခေါင်းထက် လက်ဖြင့်ကာပေးသည်ကိုပင် အကြည့်လွှဲကာ ဆင်း၏။ ထို့နောက် ငြိမ်သက်စွာဖြင့် သူ့နောက်မှ ကပ်လိုက်လာ၏။

သူ့ကိုစိတ်ကောက်၍ မည်မျှဗိုက်ဆာနေသည်မသိ။ သူမှာပေးသော နေ့လယ်စာအပြင် ramen တစ်ပွဲပါ ထပ်ကြိတ်နေသည်မှာ အသံများပင် ထွက်သည်အထိ။ ပန်းကန်လုံးလိုက်ကိုင်ကာ မော့သောက်နေသည်အထိ။ ထို့နောက် ကုန်သွားသည့်ပန်းကန်ကို ပြန်ချကာ နေရာမှ ထထွက်သွားလေ၏။

ထိုသို့ဆိုတော့လည်း ကူကယ်ရာမဲ့အပြုံးနှင့်အတူ နောက်မှလိုက်ရသည်က သူပါပင်။

"ခေတ်.. အိမ်မပြန်ဘဲ ကိုကိုနဲ့လိုက်မလား"

ထိုသို့မေးလိုက်တော့ မျက်လုံးဝေ့ကြည့်လာကာ မျက်နှာပြန်လွှဲသွား၏။

"ဒါမှမဟုတ်... တန် တန်"

ကလေးငယ်ရှေ့အရောက် ဖုန်းကိုထိုးပြလိုက်တော့ ပြန်ကြည့်လာသည့်မျက်ဝန်းလေးများတွင် ပျော်ရွှင်အံ့ဩမှုက အထင်းသား။

Diamond center သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ပြန်ပြီး ကားပါကင်တွင် ကားရပ်ကာ ဓာတ်လှေကားဖြင့် ခုနှစ်ထပ်မြောက်ရှိ ရုပ်ရှင်ရုံသို့ တက်ခဲ့လိုက်သည်။ သို့သော် သူတို့ရောက်သည့်အချိန်တွင် ရှေ့ကားမပြီးသေး၍ ရုံထဲသို့ ဝင်လို့မရသေး။ ထို့ကြောင့် ရေဘူးနှင့်မုန့်များဝယ်ပြီး တစ်နေရာတွင် ထိုင်စောင့်နေရသည်။

ရုပ်ရှင်ပြီး၍ အိမ်ပြန်ပို့ချိန်တွင်တော့ ခေတ် အတော်လေး အခြေအနေ ကောင်းလာပြီ။

"ခေတ် ကိုကိုပြောမယ်။ ကိုကိုက ခေတ်ကို သူငယ်ချင်းတွေနဲ့ မလိုက်စေချင်လို့ မဟုတ်ဘူး‌လေ။ ကိုကိုမပါလို့ စိတ်မချလို့လေ။ ကိုကို အားတဲ့အခါ အချိန်ယူပြီး လိုက်ပို့မယ်လေ နော်"

စေ ခေတ်ပခုံးကို ဆွဲဖက်ကာ သူ့ဆီတိုးကပ်လိုက်ပြီး ဦးခေါင်းလေးထက် အနမ်းခြွေလိုက်၏။

"တကယ်က ကိုကိုမပါဘဲ မသွားစေချင်တာလည်း ပါတယ်။ ‌ခေတ်ကရော ကိုကိုမပါဘဲ ပျော်မှာမလို့လား"

"ပိုတောင်ကောင်းသေး"

"တကယ်လား"

မနက်ခင်းက fashion ဆိုင်တွင် ပြဿနာရှာပြီးနောက် သူကြိုက်သည့် ဂျပန်စားသောက်ဆိုင်တွင် နေ့လယ်စာကျွေး၍ရော၊ Diamond Center တွင် ရုပ်ရှင်ပြ၍ပါ ချော့ထားရသေးသည်။ ဤသည်ကိုပင် ပထမဆုံး ပြောလာသည့်စကားက သူမပါလျှင် ပိုတောင်ကောင်းသေး ဟူသတတ်။ မုသားမဆိုသည့် ကလေးငယ်ပါပင်။

အိမ်ရောက်၍ ကားရပ်ပြီးသည်နှင့် ကလေးငယ်အား ပွေ့ခေါ်လာကာ ဆိုဖာပေါ် ပစ်ချလိုက်သည်။ ထို့နောက်...

"ပြောဦးမှာလား။ ပြောဦးမှာလား။ ကိုကိုမပါရင် ပိုကောင်းတယ်လို့ ပြောဦးမှာလား"

"အား အား ယားတယ်၊ ကလိမထိုးနဲ့လို့.. ကိုကိုး ယားတယ်လို့"

"ဒါဆို ကိုကိုမပါရင် ပိုကောင်းတယ်လို့ ပြောဦးမှာလား"

"ဟား ဟား ယားတယ်.. ယားတယ် လို့၊ ဟီးဟီး မပြောဘူး.. မပြောတော့ဘူး.. ဟီးဟီး ယားတယ်လို့၊ အား အား...ဟား ဟား... ဟီးဟီးဟီး"

ယားလို့အော်နေသူအား လွှတ်ပေးလိုက်တော့ ကလေးငယ်သည် ညာသွားတက်လေးကို ချက်ချင်းပြန်မသိမ်း။ စေ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ကာ အပြင်ကို ခြေလှမ်းတော့...

"ဘယ်လဲ"

"စာကြည့်တိုက်ပြန်သွားရမယ်လေ။ ပြန်ခဲ့မယ်၊ ခဏပဲ"

K fashion တွင် ပြဿနာတက်သည်မှစ၍ လုပ်လက်စများကို ထားခဲ့ရရာ စာကြည့်တိုက်သို့ တစ်ခေါက်တော့ ပြန်ရဦးမည်။

******

"ခေတ် ငြိမ်ငြိမ်နေကွာ"

ညစာစားပြီးချိန် အလုပ်လုပ်နေသောစေ့ကို နှောင့်ယှက်နေသည့် ခေတ်။

"ခေတ် ဖယ်လို့၊ ဒီမှာ လုပ်လို့မရဘူး"

"ဘာလဲ လုပ်ပါ့လား"

"ခေတ်က ဒီလိုကြီးလုပ်နေတော့ ဘယ်လိုလုပ်မလဲ"

"ရအောင်လုပ်"

လက်ပ်တော့ပ်သုံးနေသည့် စေ့လက်နှစ်ဖက်ပေါ် သူ့လက်နှစ်ဖက်ကို ကန့်လန့်တင်ကာ ခေါင်းပါတင်အိပ်နေသည့် ခေတ်။ လက်ဖယ်လိုက်လျှင် ခေါင်းကျသွားမည်စိုးသဖြင့် မဖယ်ရဲ။ သို့သော် ဤအနေအထားနှင့်လည်း အလုပ်မဖြစ်။ လက်မောင်းကိုလာမှီလျှင်လည်း အဆင်ပြေသေးသည်။ ယခုတော့ စားပွဲနှင့် စေ့ကြား ကြမ်းပြင်တွင်ထိုင်ကာ အလုပ်လုပ်နေသည့် လက်ပေါ် လာအိပ်နေ၍ အခက်တွေ့ရပြီ။

"ခေတ်.. ဖယ်လို့။ အိပ်ချင်ရင် ခုတင်ပေါ်သွားအိပ် သွား"

"နိုး"

"ကိုကိုအလုပ်လုပ်လို့မရအောင် နှောင့်ယှက်နေတယ်နော်။ သွား ခြံထဲဆင်းပြီး စကိတ်စီးချေ သွား"

"နိုး"

"အဲဒါဆို ဂိမ်းဆော့နေ"

"နိုး"

"အဲဒါဆိုလည်း ဖယ်ဦးကွာ။ ခေတ်.. ကလေးလေးလို လုပ်မနေနဲ့၊ လိမ္မာမယ်လို့ ပြောထားတယ်မလား"

"နိုး"

"ကဲ ပြောလို့မရဘူးလား"

"နိုး"

ခေတ်ကို အလိုလိုက်ရတာ လွယ်ကူသည့်အလုပ်တော့ မဟုတ်ပေ။ ဟိုတလောက အပြစ်ပေးခံရပြီးနောက်ပိုင်း မကျေနပ်ချက်များကို အတိုးချကာ ဆိုးနေသည့် ခေတ်။ ယခင်ကတည်းက ပေကတ်ကတ်နိုင်ပါသောခေတ်က ပို၍ ပေကတ်လာသည်ကြောင့် တစ်ခါတလေ စေ ခေါင်းကိုက်ရလောက်အောင်အထိ အခက်တွေ့ရသည်။ ယခုလည်း ပေကတ်နေပြန်ပါပြီ။

"ခေတ် ကိုကိုပြောမယ် ထ။ ခေတ် အရင်ဖယ်လိုက်။ ကိုကို ပြောမယ်၊ ဒီမှာကြည့်"

ဦးခေါင်းလေးကို ငုံ့နမ်းကာ ချော့ပြောလည်း ခေတ်ကတော့ ပေကတ်နေဆဲ။ ကိုကို့အကွက်တွေ ရိုးနေပါပြီ။ ယောက်ျားမာယာ သဲကိုးဖျာ၊ ကိုကို့မာယာ ခေတ်ကမ္ဘာ။

"ခေတ် ဒီမှာကြည့်ဆို.. ခေတ်"

"ခေတ် ကိုကို လက်နာနေပြီ။ အား... တကယ်နာလာပြီ။ ခေတ်.."

"အား"

စေ လက်နှစ်ဖက်အား မထိန်းနိုင်တော့ဟန် အားလျှော့ချလိုက်တော့ ကြောက်အားလန့်အားနှင့် အား ခနဲအော်၏။ ထို့နောက် ခေါင်းထောင်ကြည့်ကာ စေ့ပေါင်အား လက်သီးနှင့် ထုတော့၏။

"ညစ်ပတ်တာ ညစ်ပတ်တာ"

"ခေတ်က ပြောလို့မှ မရတာကိုကွ။ ထ လာ ဒီမှာထိုင်"

စေ သူ့ဘေးသို့ ပုတ်ပြလိုက်သော်လည်း ကလေးငယ်က ထမလာ။ ထို့ကြောင့် ထုံးစံအတိုင်း ချိုင်းမှမကာ အပေါ်သို့ တင်ရ၏။ သို့သော် ဆိုဖာပေါ်တော့မဟုတ်။ သူ့ပေါင်ပေါ်သို့ ဖြစ်၏။

"ဒီလိုထိုင်"

ခေတ်သည် ကိုကို့ပေါင်ပေါ် ခွထိုင်ကာ ကိုကို့လည်တိုင်အားဖက်တွယ်ထား၏။ စေသည်လည်း ခေတ်ခါးလေးအား ဖက်ထား‌ပေး၏။

"ကလေးလေး ဘာလို့ဆိုးနေတာလဲ ဟင်"

"ကိုကိုက သားကိုမှ ဂရုမစိုက်တာ"

"ဟောဗျာ ဘာလို့ဂရုမစိုက်ရမှာလဲ။ ကိုကိုက ခေတ်အသက်ထက်မက ခေတ်မမွေးခင်ကတည်းက ဂရုစိုက်လာတာလေ။ ဒါကိုတောင် ဂရုစိုက်တယ် မခေါ်သေးဘူးလား။ ခေတ် မေနန်းဗိုက်ထဲမှာကတည်းက ဒီကိုကိုက ဂရုစိုက်လာတာပါ"

"အခုကျ အလုပ်ပဲ စိတ်ဝင်စားနေတာလေ။ မနက်လည်း အလုပ်၊ တစ်နေကုန်လည်း အလုပ်၊ အခုကြည့် ညတောင်မှ အလုပ်က လုပ်နေသေးတယ်"

"ကိုကိုလုပ်နေတာတွေက ဘယ်သူ့အတွက်လဲ"

"ဘယ်သူ့အတွက်မှ မဟုတ်ဘူး"

ခေတ် အရွဲ့တိုက်၍ ဖြေပစ်လိုက်သည်။

"ဟုတ်တယ် ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ခေတ်ပြောတာ မှန်တယ်"

စေ့အဖြေကြောင့် စိတ်ဆိုး၍ ထရန်ပြင်တော့ စေ ခေတ်ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ မျက်နှာတော် စူပုတ်နေသည့် ကလေးငယ်ကတော့ သူ့လက်များကို ဆွဲခွာလေ၏။

"ငြိမ်ငြိမ်နေ ငြိမ်ငြိမ်နေ"

စေ ခေတ်ကို ပို၍ ပို၍ တိုးကာဖက်ရင်း...

"ခေတ် မရုန်းနဲ့လို့"

လက်ကိုဆွဲခွာနေသည့် ခေတ်လက်များက စေ့ပခုံးသို့ ရောက်လာကာ တွန်းနေပြန်၏။ သို့သော် အချည်းနှီးသာ။

"ကိုက်ဆွဲမှာနော်"

"ကိုက် ကိုက်"

မျက်နှာမော့ကာ ပါးထိုးပေးလာသူကြောင့် နောက်ဆုံးတွင် ခေတ်သည်သာ အရှုံးပေး၍ ငြိမ်ငြိမ်လေး ပြန်ထိုင်လိုက်ရ၏။

အချေလေးခေတ်သည် ယနေ့ အဂျစ်လေး၊ အပေလေး၊ အချွဲလေး ဖြစ်နေသည်။ ပုံမှန် ချွဲနေကျပုံစံလေးနှင့် အနည်းငယ်ပင် ကွဲထွက်နေသေးသည်။

ခေတ်မျက်နှာလေး တစိမ့်စိမ့်ကြည့်ရင်း အချစ်စိတ်တို့ ပို၍ပိုကာ တိုးလာရသူကတော့ တည်မြဲစေပါပင်။ ပေါင်ပေါ်ထိုင်နေသည့် ကလေးငယ်မှာလည်း မျက်နှာလေး တဖြည်းဖြည်း ရဲတက်လာ၏။ ထို့နောက် မျက်လွှာလေးချကာ ရှက်ရှက်လာသည်က ခေါင်းလေးပင် သူ့ပခုံးပေါ် ရောက်လာသည်အထိ။

သည်ကလေးဟာ သူ့ကို ရှက်နေပြန်ပါပြီ။

"ကိုကိုး"

လည်တိုင်ကို မျက်နှာအပ်ထားသည့် ကလေးငယ်ဆီမှ ခေါ်သံတိုးတိုး။ ခေတ်၏ ခေါ်ဆိုမှုကို ခေတ်လက်ဖမိုးလေး အနမ်းတစ်ချက်ပေးခြင်းဖြင့် တုန့်ပြန်လိုက်တော့...

"ကျွန်တော့်ကို ဂရုစိုက်ပါဦး"

လည်တိုင်ကို ရိုက်ခတ်လာသော ထွက်သက်တို့၏ ပူနွေးမှုကို ခံစားမိနေသည်။ ခေတ်လက်ဖဝါးတို့၏ အပူရှိန်ကိုလည်း ခံစားမိသည်။ ခေတ်မျက်နှာလေး သူ့လည်တိုင်ထက် နစ်သထက်နစ်လာသည်ကိုလည်း ခံစားမိသည်။

"ခေတ်"

လည်တိုင်ထက်မှ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အသာဆွဲယူတော့ မျက်လွှာလေးချလျက် ပါလာ၏။ ထို့နောက် သူ့နဖူးပြင်ထက် ကလေးငယ်အား နဖူးအပ်စေလိုက်သည်။ ပြင်းရှပူ‌နွေးသည့်ထွက်သက်တို့မှာ တစ်ဦးမျက်နှာတစ်ဦး ရိုက်ခတ်လျက်။ ထို့နောက် ထိခတ်ရုံမျှ ကျီစယ်နေကြသော နှာခေါင်းများနှင့် ပါးပြင်အနှံ့ အနမ်းဖွဲဖွဲများ။

"ခေတ်"

စွဲညှို့သည့်ခေါ်သံအဆုံး ထပ်တူကျသွားပါသည့် နှုတ်ခမ်းနှစ်စုံနှင့် နူးညံ့မက်မောစွာသာ တစ်လှည့်စီ သုံးဆောင်မိပါသော နှုတ်ခမ်းလွှာများ။ မျက်လုံးအစုံမှိတ်ကာ စီးမျောမိပါသော ချိုမြိန်ဖွယ်အနမ်းများ။ ထို့နောက် တုန်ယင်လှိုက်မောလာရသည့် ရင်ခုန်သံများ။

နှစ်ဦးလုံး မောဟိုက်လာကာ အသက်ရှုရန်လိုအပ်လာမှပင် အနမ်းများ ရပ်တန့်မိကြသည်။ သို့သော် နဖူးပြင်ချင်း ထိကပ်လျက်။ နှုတ်ခမ်းလွှာများ ထိစပ်လျက်။ ကလေးငယ်သည် ထိုအနေအထားနှင့် ခေတ္တအမောဖြေပြီးမှ သူ့ရင်ဘတ်ထက် မှီကျလာတော့၏။

ခေတ်လည်း သူ့ကို မော့ကြည့်မလာသလို သူလည်း ခေတ်ကို မကြည့်ရဲ။ နှစ်ဦးလုံး၏ မျက်နှာများ နီရဲနေလိမ့်မည်။ သူ့မျက်နှာမှ အပူငွေ့ကို သူကိုယ်တိုင်ပင် ပြန်ခံစားမိနေသည်။ ကလေးငယ်သည်လည်း သူ့ရင်ဘတ်ထက် မျက်နှာဝှက်ကာ ပုန်းနေလေပြီ။ သေချာသည်က နှစ်ယောက်လုံး ရှက်နေကြသည်။

ဘယ်လိုလုပ်ရမလဲ။ ခေတ် လို့ခေါ်လိုက်ရမလား။ အခု ခေတ်က သူ့ကိုခွထိုင်ထား၍ ရှက်ရှက်နှင့် ထသွားလို့လည်း မဖြစ်။ ခေတ်ကို ထပါဦး၊ ဖယ်ပါဦး လို့ ပြောလိုက်ရမလား။ မဖြစ်နိုင်။ တစ်ညလုံး ဒီအတိုင်း ထိုင်နေလိုက်တော့မည်။

အတွေးမဆုံးမီမှာပင် အိပ်ရာပေါ်မှ ခေတ်ဖုန်းက ကျေးဇူးတင်စရာကောင်းစွာ ထမြည်လာ၏။ ဖုန်းသွားကိုင်သော ကလေးငယ်သည် သူ့မျက်နှာအား တစ်ချက်ပင် ကြည့်မသွား။

"ဟယ်လို"

"မအိပ်သေးပါဘူး"

ဖုန်းပြောနေသည်အား နားစွင့်နေသော်လည်း အသံတိတ်သွားသည်ကြောင့် လှည့်ကြည့်မိတော့ ကလေးငယ်ကလည်း သူ့ကိုကြည့်နေသည်။ ကလေးငယ်မျက်ဝန်းများကြောင့် သူအလန့်တကြားထသွားကာ ဖုန်းကို စပီကာဖွင့်လိုက်တော့...

"ကိုကို့ဆီမှာ ဒီလောက်နေရ တော်ပြီပေါ့ သားရဲ့။ ကိုကို့ကို အားနာစရာ။ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့တော့လေ"

ခိုနားရာ (Completed)Where stories live. Discover now