22

5.1K 505 55
                                    

Unicode


စေနိုးသည့်အချိန်တွင် ကုတင်စွန်းကပ်ကာ မှောက်လျားလေးအိပ်နေသော ကောင်လေးသည် မနိုးသေး။ စေ လက်ဆန့်၍ ကလေးငယ်၏ ဦးခေါင်းလေးအား ပွတ်ပေးလိုက်သည်။ ကလေးငယ်ကတော့ သူ့ခေါင်းကိုပွတ်လိုက်သည်နှင့် ခေါင်းလှုပ်ကာ လက်ကို ခါချ၏။

ငယ်စဥ်ကအကျင့်လေး မပျောက်သေးတာမြင်ရတော့ သတိရခြင်းက ခေတ်နားထင်စပ်လေးမှာ။

ကိုယ်ကို အနည်းငယ်ရွှေ့ကာ ကလေးငယ်ဆီကပ်သွားလိုက်ပြီး နားထင်စပ်လေးအား အနမ်းခြွေရန် ခေါင်းငုံ့လိုက်တော့ ဆွဲဆုပ်ခံလိုက်ရသည့်နှလုံးသားက နာကျင်စွာ။ စေ မျက်လုံးကိုစုံမှိတ်၍ နာကျင်မှုကို သိမ်းဆည်းလိုက်သည်။ ထို့နောက်မှ ခေါင်းကို နောက်ပြန်ဆုတ်၍ ကလေးငယ်၏ ကိုယ်ကိုလှည့်၍ နှိုးလိုက်သည်။

"ခေတ်.. ထတော့လေ။ ကျောင်းသွားရမယ်မလား"

"ခဏပဲ ငါးမိနစ်..."

စကားသံနှင့်အတူ ခေတ် မျက်လုံးများ ပွင့်လာသည်။ မြင်နေရသည့် မျက်လုံးလေးများက အံ့ဩခြင်းများဖြင့် ဝိုင်းစက်နေ၏။ ထို့နောက် စေ့အား မမြင်ဟန်ပြုကာ အိပ်ရာထ၍ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ထသွားသူ၏ကျောပြင်ကို စေ လိုက်ကြည့်နေမိသည်။ မျက်ဝန်းများတွင် အပြစ်မယူ နားလည်မှုအပြည့်နှင့်။ အပြုံးချိုချိုတို့ကလည်း နှုတ်ခမ်းများထက် ညံ့သက်စွာ ခိုတွဲလျက်နှင့်။

ကလေးဆိုးလေးကွာ...။

မနေ့တစ်နေ့ကမှ ကျောင်းပြီးလျှင်အိမ်ပြန်မည်ဟု ကိုကြီးဧကကို ပြောမိရုံရှိသေးသည်။ ယခု အိပ်ခန်းကို မျှသုံးနေရပြီ။ ခေတ် အတွေးနှင့်အတူ ရေမြန်မြန်ချိုးလိုက်သည်။ သူပြီးလျှင် နောက်ဝင်မည့်လူက အသင့်ရှိနေသည်။ မနက်အိပ်ရာထလျှင် ချက်ချင်းရေတန်းချိုးလိုက်ရမှ ကျေနပ်သည့် ကိုဖိုးသန့်ကြီးအကြောင်း သိ၍ ရေမြန်မြန်ချိုးပြီး မြန်မြန်ပင် အပြင်ထွက်ပေးလိုက်သည်။

ခေတ်ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် စေ့အား အနားသို့အကပ်မခံတော့ဘဲ သိသိသာသာပင် ရှောင်ခွာနေသည်။ စေ့ကို ရှောင်ရှားသင့်သည့်အရာတစ်ခုအဖြစ် သဘောထားနေသည့်နှယ်။ စေနှင့်အနီးတစ်ဝိုက်မှ လေထုအား ကြောက်ရွံ့နေပါသည့်နှယ်။ ထို့ကြောင့် စေသည်လည်း ခေတ်အား လွှတ်ပေးထားကာ ရေဝင်ချိုးလိုက်သည်။ ထို့နောက် နံနက်စာစားသည်။ ခေတ် ကျောင်းသွားချိန်တွင်တော့ Art gallery တစ်ခုသို့ သွားရောက်လေ့လာဖြစ်သည်။

******

"Hey Khit"

"Hey"

ခေတ် Skatepark သို့ရောက်သည်နှင့် စကိတ်စီးဖော်တစ်ယောက်က ဆီးကြိုနှုတ်ဆက်သည်။ ကစားရန်တာဆူနေသည့်ခေတ်က စကိတ်ကိုချစီးရင်း လက်ပြနှုတ်ဆက်လိုက်သည်။ ကွင်းထဲရောက်နှင့်နေသူများနှင့် လက်ဝါးချင်းရိုက်သည်။ ယခုပြိုင်ပွဲတွင် ခေတ်ကို အားပေးမည့်ပရိသတ်က မနည်းလှ။ ရှေ့ပြိုင်ပွဲများ၏ ရလဒ်နှင့် ခေတ်၏ ကြိုးစားမှုများကြောင့် ဂျူနီယာများက ခေတ်ကို လေးစားအားကျကြပြီး စီနီယာများကလည်း ခေတ်ကို ချီးကျူးလမ်းပြကြသည်။ နည်းပြကလည်း မျှော်လင့်ချက်အပြည့်နှင့် လေ့ကျင့်ပေးသည်။ ယခုဆိုလျှင် ပြိုင်ပွဲဝင်ခေတ်နှင့်အပြိုင် ခေတ်အတွက် ရင်ခုန်ပေးမည့်သူများမှာ လက်ချိုးရေတွက်လို့ပင် မလောက်တော့ချေ။

စကိတ်ဖိနပ်အစိမ်းရောင်လေးနှင့် ဂျင်းဘောင်းဘီရှည်ဝတ်ထားသည့်ကောင်လေးသည် အပေါ်ပိုင်းတွင်လည်း ရှပ်အဖြူလေးပေါ်တွင် လက်ရှည်အဖြူလေးတစ်ထပ် ထပ်ဝတ်ထားသေးသည်။ ခေါင်းတွင်လည်း headband စည်းထားသေးသည့်ကောင်လေးသည် လူငယ်ဆန်ကာ လန်းဆန်းတက်ကြွနေတော့သည်။

Full cap flip ကစားနေသည်ကြောင့် ခေတ်ခန္ဓာကိုယ်လေး လေထဲတွင် တစ်ပတ်လည်သွားတိုင်း စေ့မျက်လုံးတို့ တောက်ပလာရ၏။ စကိတ်ဘုတ်ကို flip လိုက်တိုင်း စေ့အကြည့်တို့ ကပ်ငြိပါသွားရ၏။ ယုံကြည်မှုနှင့် စိုးရိမ်မှုကလည်း အချိုးကျ ပေါင်းစပ်၏။ Ground သို့ပြန်ကျတိုင်း စေ့နှုတ်ခမ်းတို့ ဝန်းကာ ဝိုင်းရ၏။ ချီးကျူးမိသည်က အကြိမ်ကြိမ်အခါခါ။ ကြည်နူးပီတိတို့က အလီလီအဖြာဖြာ။

သူ့ဆုံးဖြတ်ချက်တို့ မှန်ကန်ခဲ့ပါသည်။

ခန္ဓာကိုယ်လေး လေပေါ်မြောက်တက်သွားတိုင်း လက်နှစ်ဖက်က လေတွင်ဝဲနေပြီး ကြယ်သီးတပ်မထားသည့် အပေါ်ဝတ်အင်္ကျီလေးကပါ ရင်ဘတ်ဟကာ လေတွင်လွင့်နေ၏။ အဖြူရောင်နတ်သားလေးတစ်ပါး စကိတ်စီးကာ ဖျော်ဖြေနေသည့်နှယ်...။ စေ ထိုအဖြူရောင်နတ်သားလေးအား ဖုန်းဖြင့် မှတ်တမ်းတင်‌နေသည်။

ငယ်စဉ်က ခေတ် စကိတ်စီးချင်လျှင် လမ်းထိပ်ပန်းခြံ၌ လိုက်စောင့်ပေးခဲ့ရသော အချိန်များကိုပင် သတိရမိသည်။

ခေတ်သည် တစ်ယောက်တည်းလေ့ကျင့်နေသည်တော့ မဟုတ်။ ရင်းနှီးသည့် ကလေးငယ်တစ်ယောက်အားလည်း တောင်းဆိုသည့်အတိုင်း စီးပြနေသေးသည်။ ထို့နောက် trick အနည်းငယ်လည်း သင်ပေးနေပြန်သေး၏။ ထိုကလေးကလည်း ခေတ်ကိုကြည့်၍ လိုက်လုပ်ကြည့်၏။ ထိုကလေးမအောင်မြင်တိုင်း ခေတ်က ရယ်မော၍ နောက်တစ်ကြိမ် ပြန်ကြိုးစားစေသည်။ အောင်မြင်သွားလျှင် လက်ဝါးချင်းရိုက်ကြပြန်သည်။ ခေတ်မျက်နှာထက် အပြုံးပန်းများ ဝေဆာနေတော့သည်။

ခေတ် ပြန်ရန်ဆုံးဖြတ်လိုက်ပြီးနောက် ထုံးစံအတိုင်း ကိုယ်တိုင်မကစားတော့ဘဲ အခြားသူများ ကစားနေသည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။

"ခေတ်က အများကြီးကို တိုးတက်လာတာပဲ"

စေ ခေတ်ဘေးဝင်ထိုင်ရင်း ပြောလိုက်သည်။

ခေတ် စေ့အား တစ်ချက်လှည့်ကြည့်လိုက်ပြီး ကစားနေသူများဆီသို့ အကြည့်ပြန်ပို့လိုက်သည်။ ခေတ်မျက်နှာထက်မှ အပြုံးတို့ ပျောက်ကွယ်သွားခြင်းမရှိ။ ခေတ်မျက်လုံးအိမ်၌ မနေ့ကနှင့် မနက်ကတွေ့ခဲ့သော ခါးသက်စိမ်းကားခြင်းတို့ နတ္ထိ။

တခြားသူများကစားနေသည်ကို ကြည့်နေစဉ်မှာပင် ခေတ်ဆီသို့ တစ်စုံတစ်ယောက်က ဖုန်းခေါ်လာ၏။ ထို့နောက် ခေတ် အိမ်ပြန်ရန် ခြေလှမ်းလိုက်တော့ စေပါ ခေတ်နောက်မှ လိုက်ပါသွား၏။

ခေတ်သည် ကားရပ်ထားသည့်နေရာတွင် ကားတစ်စီးအားမှီရပ်နေသူထံသို့ တည့်တည့်လျှောက်သွားသည်။ ထိုလူသည်လည်း ခေတ်ကိုမြင်သည်နှင့် မတ်မတ်ရပ်ကာ ပြုံးပြလေသည်။

"ဒီနေ့ နောက်ကျတယ်နော်"

"အင်း ဘရိုင်ယန်နဲ့ တွေ့နေလို့"

ဘရိုင်ယန်ဆိုသည်မှာ အစ်ကိုဖြစ်သူစကိတ်လာစီးသည်ကို လိုက်လာရင်း ခေတ်နှင့်တွေ့ကာ ခေတ်၏ပရိတ်သတ် ဖြစ်သွားရသူ တစ်ယောက်ဖြစ်သည်။ တစ်ခါတရံ ခေတ်အား 'Khit, you are so cute’ ဟူ၍လည်း အသည်းယားကာ အော်တတ်သေးသည်။ ဧက ထိုသို့ပြောလျှင် မကြားဟန်ဆောင်နေတတ်သောခေတ်သည် ဘရိုင်ယန်ပြောလျှင်ဖြင့် wink တစ်ချက်ပင် တုန့်ပြန်တတ်သေးသည်။ ဤသည်က ဘရိုင်ယန် ခေတ်ပရိသတ်ဖြစ်လာရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

"ကလေးအထင်ကြီးအောင် ဘာတွေလုပ်ပြခဲ့ပြန်ပြီလဲ"

ဧကဘုဏ်းခေါင် စ,တော့ ခေတ်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးပြ၏။ ခေတ်တို့ အနားရောက်လာသည်နှင့် ဧကအကြည့်တို့သည် ခေတ်နောက်မှ စေ့ဆီသို့ ရောက်သွားသည်။ ရုတ်တရက်မြင်လိုက်ရ၍ အနည်းငယ် အံ့ဩသွားရသည်။ စေရောက်နေသည်ကို သူမသိ။ ခေတ်ကလည်း မပြောပေ။

"မိတ်ဆက်ပေးမယ်။ သူက ကိုကြီးဧက.. ဧကဘုဏ်းခေါင်လို့ခေါ်တယ်"

ခေတ်က လူသုံးယောက် တြိဂံပုံရပ်ကာ မိတ်ဆက်ပေးသည်။

"ကိုကြီးဧက.. ဒါက ကျွန်တော့်အစ်ကို ကိုတည်မြဲစေ"

ခေတ်သည် မိတ်ဆက်‌ပေးပြီးသည်နှင့် ဧကဘေးဝင်ရပ်၏။

"ကိုယ့်နာမည်ကျ ‘ကို' ထည့်မပြောဘူးနော်"

ဧက ခေတ်နား,နားသို့ တိုးကပ်ကာ ကလေးဆန်စွာပင် တီးတိုးတွက်ကပ်လိုက်သည်။ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်၏ ကလေးဆန်မှုအား ခေတ် သဘောကျစွာ ကြိတ်ပြုံးလိုက်မိ၏။

ဧကဘုဏ်းခေါင် စေ့ဆီသို့ လက်လှမ်း၍...

"တွေ့ရတာ ဝမ်းသာပါတယ်"

လက်ချင်းဆွဲနှုတ်အဆက်တွင် လက်ဖဝါးများ တင်းသွားကြသည်ကို နှစ်ဦးနှစ်ဖက်လုံး သတိထားမိလိုက်ပါသည်။ တည်မြဲစေ၏ နှုတ်ခမ်းပါးတို့ လျှို့ဝှက်စွာအသက်ဝင်လာရပြီး မည်းနက်သည့်မျက်ဝန်းအစုံ၏အောက်တွင်တော့ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသယောင်...။ သိုဝှက်နက်နဲလွန်းလှပါ၏။

နောက်ခန်းတွင် လူနှစ်ယောက်ထိုင်နေပြီး ရှေ့ခန်းတွင် တစ်ယောက်တည်းမောင်းနေရသည်မှာ သူ့ကိုယ်သူ ဒရိုင်ဘာဟုပင် ဧက ခံစားလာရသည်။ ပုံမှန်ဆိုလျှင် ကားကို သူကိုယ်တိုင်မောင်း၍ ခေတ်က သူ့ဘေးတွင် ထိုင်တတ်သည်။ ယနေ့တော့ ခေတ်သည် နောက်ခန်းသို့ စွေ့ခနဲတက်သွား၍ သူတစ်ယောက်တည်း အထီးကျန်ရပါသည်။

ကားနောက်ခန်းမှခေတ်သည်လည်း တံခါးနှင့် တစ်သားတည်းကျအောင် ကပ်ထိုင်‌နေ၏။ မျက်ဝန်းများသည် အပြင်ကိုသာ ငေးကြည့်နေပြီး စိတ်အစဉ်သည် အခြားကမ္ဘာသို့ လွင့်နေသည့်နှယ်။ ကျန်နှစ်ယောက်မှာတော့ စီးပွားရေးသမားများပီသစွာ ဆက်ဆံရေး ပြေပြစ်ညက်ညောလှ၏။ အထီးကျန်နေသည့်လူကြီးသည် နောက်ခန်းမှ အာပေတူးအား ကားမှန်ထဲမှ လှမ်းလှမ်းကြည့်ရင်း စကားပြောနေသလို မိမိကိုယ်ကိုယ် အာပေတူး၏အုပ်ထိန်းသူဟု ခံယူထားသူကလည်း ပြတင်းမှန်ဘက်မှကလေးငယ်အား ပြုံးရင်းကြည့်ရင်း ပြောနေသည်မှာ ခေတ်မျက်နှာပေါ်တွင် သူတို့ဆွေးနွေးနေသည့် စီးပွားရေးလောက၏ လတ်တလောအကြောင်းအရာများအား ရိုက်နှိပ်ထားပါသည့်နှယ်...။

******

ညအိပ်ရာမဝင်မီ ညနေကရိုက်ထားသည့် ဗီဒီယိုလေးအား အထပ်ထပ်ပြန်ကြည့်နေသည့် စေ့မျက်နှာပေါ်တွင် အပြုံးအကြီးကြီး နေရာယူထားသည်။ တစ်ယောက်တည်းကြည့်ရုံဖြင့်အားမရစွာ မာမီ့ဆီသို့ပါ ပို့ပေးလိုက်သေးသည်။ ထို့နောက် follower များစွာရှိသော်လည်း following တစ်ယောက်သာရှိသည့် သူ၏ကိုယ်ပိုင် IG အကောင့်တွင်လည်း တင်လိုက်သေးသည်။

#MyK #DancingInTheAir

ထို့နောက် စာကြည့်ရင်း ဇက်ချိုးနေသူဆီသို့သွားကာ တစ်ချက်နှစ်ချက် အကြောဆွဲပေးလိုက်သည်။ ကာယကံရှင်လေးကတော့ ဘာမှမသိသည့်အလား၊ သူ့ပခုံးကိုနှိပ်ပေးနေသည်ကိုပင် ဘာမျှမခံစားရသည့်အလား သူ့အား အရေးမစိုက်စွာ။

ခေတ်စာကြည့်နေသည်ကို စေကတော့ ကုတင်ပေါ်တွင် ခြေဆင်းထိုင်ကာ သတင်းဖတ်ရင်း စောင့်ပေးနေ၏။ ကလေးငယ်သည် စာကြည့်ပြီးနောက် စေ့ဘေး ဝင်အိပ်လေ၏။ စေလည်း iPad ကိုချကာ အိပ်ရန်ပြင်တော့သည်။ ကျောပေးနေသူ၏ ကုပ်နှင့်လည်ပင်းသားလေးကို ဖွဖွပွတ်ကာ ယားအောင်စတော့ ရန်လိုစွာဖြင့် သူ့အား လှည့်ကြည့်လာ၏။ ထို့နောက် ပြန်လှည့်သွား၏။ ထပ်စသည်။ ပြန်လှည့်ကြည့်သည်။ ထို့နောက် ပြန်လှည့်သွားကာ စောင်ကို ခေါင်းမြီးခြုံပစ်လိုက်သည်။ နှစ်ယောက်တစ်ထည်သာရှိသောစောင်ကို တစ်ယောက်က ခေါင်းအထိဆွဲခြုံထားပြီး တစ်ယောက်ကတော့ ခါးအထိသာ တင်ထားသည်ဖြစ်ရာ စောင်ဖြူဖြူလေးခမျာ မညီမညာ အနေရခက်နေရှာတော့သည်။

စိတ်ကောက်ကာ မျက်လုံးမှိတ်မိတော့ တမ်းတခြင်းက ကိုကို့ချော့မြှူမှု‌ဆီမှာ...။

"ခေတ်.. ဒီဘက်လှည့် ကိုကိုမေးစရာရှိတယ်"

"ခေတ်.. မအိပ်သေးရင် ဒီဘက်လှည့်ဦး.. ကိုကိုမေးဦးမယ်"

"ခေတ်.. ဒီနေ့တစ်နေကုန် ကိုကို့ကို စကားမပြောသေးဘူးနော်"

"အာ ပြောပြီးပါပြီကွာ မေ့လို့ပါ။ ညနေက ကိုဧကနဲ့ မိတ်ဆက်ပေးတုန်းကလေ။ အဲဒီတုန်းက ကိုကို့ကို ကျွန်တော့်အစ်ကိုဆိုပြီး မိတ်ဆက်ပေးလိုက်တာမလား"

"ခေတ်..."

"နားငြီးတယ်ဗျာ"

ခေါင်းအထိခြုံထားသည့်စောင်ကို လက်ဖြင့်လှန်ချကာ စိတ်ဆိုးအော်ဟစ်လာသူအား သူ့ဘက်သို့ ဆွဲကပ်လိုက်သည်။

"ကိုကို့ကို စိတ်ဆိုးပြေသွားပြီလား"

"နားငြီးတယ်"

နားငြီးသည့်သူသည် မျက်လုံးများကိုလည်း မှိတ်ထားသေးသည်။

"ကိုကို့ကို မမုန်းတော့ဘူးမလား"

"နားငြီးတယ်"

"ကိုကို့က ခေတ်အပိုင်မဟုတ်တော့ဘူးလား"

"နားငြီးတယ်"

"ဒါဆို ညီလေးတစ်ယောက်လောက် မွေးစားလိုက်ရတော့မလား"

လှန်ကြည့်လာသည့်မျက်လုံးနှင့်အတူ ပါးလေးတစ်ဖက် တင်းသွားသည်ကို သတိထားမိလိုက်သည်။ ထို့နောက် စေ့လည်ပင်းထက် ကျရောက်လာသည့် လက်တစ်ဖက်..။

"အသက်ရှင်ရတာ ပျင်းနေပြီလား"

စေ မျက်လုံးပြူးကာ သေချင်ယောင်ဆောင်တော့ စိတ်ပျက်သွားဟန် လက်ပြန်ရုတ်၏။ ထို့နောက် စေ့ကို ကျောပေးသွားပြန်၏။ စေ ခေါင်းကိုအနည်းငယ်ကြွကာ ခေတ်မျက်နှာအား ခိုးကြည့်လိုက်သည်။ ယနေ့ည စေ့အိပ်မက်တွေ လှပနေပါလိမ့်ဦးမည်။

Dream Catcher မလိုပါဘူး... ညာသွားတက်လေးပဲ လိုပါတယ်။

ခိုနားရာ (Completed)Where stories live. Discover now