38

4.6K 410 121
                                    

Unicode


"အင်္ကျီချွတ်"

"ဟင်"

"အင်္ကျီချွတ်လို့"

ရင်ခွင်ထဲမှ ကလေးငယ်သည် စိတ်မရှည်စွာ စေ့အင်္ကျီရင်ဘတ်ကို ဆွဲနေပြန်ပါသေးသည်။

"ဘာလို့တုန်း.. ဘာလုပ်မလို့ ချွတ်ရမှာတုန်း"

"ချွတ်ပါဆို..."

ပြောလည်းပြော ဆွဲလည်းချွတ်ရင်း မျက်နှာလေးမဲ့ကာ ငိုရန်အရှိန်ယူနေသည်ကြောင့်...

"မငိုနဲ့ မငိုနဲ့။ ချွတ်မယ် ချွတ်မယ်"

ငိုတော့မည့်ကလေးငယ်ကြောင့် စေ ခေတ်အလိုလိုက်ကာ အင်္ကျီချွတ်ရပြန်ပါတော့သည်။

"သားရောချွတ်ပေး"

"ဟင်"

"ချွတ်ပေးလို့"

စေ သက်ပြင်းချကာသာ ရှင်ဘုရင်လေးအလိုကျ ချွတ်ပေးရပြန်ပါသည်။

"ခေတ်.. ဟုတ်တော့ မဟုတ်သေးဘူးနော်။ ဘာလုပ်မလို့လဲ"

အင်္ကျီချွတ်ပေးပြီး ပြန်အိပ်တော့ စေ့ရင်ခွင်ထဲ တိုးဝင်လာပြန်သည်။

"သူ့ထက်ပိုနီးအောင်လို့"

ခေတ်ရာ....။

ဒီကလေးဟာ သူ့ကို ဘယ်လောက်ထိအောင် ရူးသွပ်စေချင်နေပါသလဲ။

အခန်းတွင်း လေအေးပေးစက် ဖွင့်ထားသည်ကြောင့် စေ နှစ်ယောက်လုံးအပေါ် စောင်ခြုံလိုက်သည်။ သို့သော် အိပ်လို့မရသေး။ ခွေးပေါက်လေးတစ်ကောင်သည် လည်ပင်းအား တရှုံ့ရှုံ့နမ်းလိုက်၊ တတိတိကိုက်လိုက် လုပ်နေသောကြောင့်ပင်။

"အ၊ ခေတ် အဲလောက်မကိုက်နဲ့လေ။ နာတယ်လေ"

"အဲလောက်ကိုက်ချင်နေတာ ခွေးလား ဟင်"

ထိုသို့ပြောလိုက်တော့ လည်တိုင်ကို တတိတိကိုက်နေရာမှ ထိထိမိမိကို ကိုက်ချပါတော့သည်။

"ဟာ ခွေးပေါက်လေးက တကယ်ကိုက်တယ်ဟ။ ခွေးပေါက်လေး ခွေးပေါက်လေး.. ခေတ် ခွေးပေါက်လေး"

အင်္ကျီဝတ်မထား၍ ခန္ဓာကိုယ်အပေါ်ပိုင်းတို့ အသားချင်းထိကပ်နေကြသည်။ ခေတ် သူ့ကို တိုးလိုက် ဖက်လိုက်တိုင်း ခေတ်လှုပ်ရှားလိုက်တိုင်း အထိအတွေ့ကို ခံစားနေရသည်။ ရင်ခုန်သံကို ချုပ်ထိန်းထားရတာ သူ့ရင်တွေ တုန်ယင်မောဟိုက်နေပြီ။ ယနေ့ညအတွက် ခေတ်မြန်မြန်အိပ်မှ ဖြစ်တော့မည်။ ခေတ်အိပ်ပျော်သွားဖို့ လိုသည်။

"အိပ်ပါတော့ ခွေးပေါက်လေးရယ်။ မူးမူးလာရင် ဘာတွေလုပ်မှန်းမသိဘူး"

သူ့ခွေးပေါက်လေးသည် ချစ်ဖို့ကောင်းလွန်းသည်။ ပခုံးသားအား အံကြိတ်၍ တစ်ချက်သာ ကိုက်ခဲပြီး အိပ်ပျော်သွားလေသည်။

"Good Night ခေတ်။ တကယ်အိပ်တော့။ မနက်မရောက်မချင်း မနိုးနဲ့တော့"

ညီလေးသည် ကိုကို့စကားကို နားထောင်ရှာသည်။ လိမ္မာစွာ အိပ်ပျော်သွားသည်မှာ မနက်လင်းသည်အထိပင်။ သို့သော် နိုးလာသည်နှင့်တပြိုင်နက် အိပ်ပျော်နေဆဲဖြစ်သည့် ကိုကို့၏မျက်လုံးကိုတော့ လက်မနှင့်လက်ညှိုးသုံးကာ ဆွဲဖြဲနေလေသည်။

"ခေတ် ငြိမ်ငြိမ်နေကွာ.. ကိုကို အိပ်ချင်သေးလို့"

ခေတ် ကိုကို့နှာခေါင်းကို ပိတ်တော့ ကိုကိုက ခေတ်လက်ကို ဆွဲဖယ်သည်။

"ခေတ်ရာ.. ကိုကို အိပ်ချင်သေးလို့ ငြိမ်ငြိမ်နေပါ"

"ကိုကိုက ကျွန်တော့်ကို မချစ်ဘူး"

"ချစ်တယ် ချစ်တယ် ထပ်အိပ်ဦး လာ"

စေ ခေတ်ဘက်ကို စောင်းအိပ်လိုက်ပြီး ခေတ်ကိုလည်း ဆွဲဖက်ထားလိုက်သည်။ မျက်လုံးကတော့ မဖွင့်နိုင်သေး။

"မမှုံနံ့သာကို ဂရုစိုက်တာရဲ့တစ်ဝက်လောက် ကျွန်တော့်ကို ဂရုစိုက်ရင် တော်ပါပြီ"

စေ ‌ပြန်မပြောဘဲ ဆက်သာ အိပ်နေသည်။

"တွေ့လား၊ ကျွန်တော်ပြောပါတယ်။ ကိုကိုက ကျွန်တော့်ကို မချစ်ပါဘူးဆို။ ကျွန်တော်ပြောတာကို အဖက်တောင်မလုပ်ဘူး။ အဲဒါ မချစ်လို့ပေါ့"

စောစောစီးစီး ခေတ် ရစ်နေပြီ။ ညကလည်း သူ့ကြောင့် မအိပ်ရ။ ရုံးပိတ်ရက်မို့ နေမြင့်ထိအိပ်မည် ကြံသော်လည်း အရင်နိုးကာ မချစ်ဘူးလုပ်နေပြန်သေးသည်။ မုန့်စားရတဲ့ကလေးက ပိုစားချင်သလို အချစ်ခံရသည့်ခေတ်က ပိုအချစ်ခံချင်သည်။ သို့သော် သိသိကြီးနှင့်ရစ်နေသူကို ပြန်မဖြေရှင်းဘဲ ထားလိုက်သည်။ ဤသည်ကိုပင် ပြန်မအိပ်သေးဘဲ...

"ကိုကို"

"ကိုကို့"

"ကို.. ကို"

"ကို..ကိုး"

"ကိုကိုး..."

စေ အိပ်ရေးမဝသဖြင့် လုံးဝ မျက်လုံးမဖွင့်နိုင်။ သို့သော် အရှုပ်ထုပ်ခေတ်ကြောင့် သည်းခံ၍ ကြိုးစားအိပ်နေရသည်။

နားနားပြီးနှိုးနေတဲ့ ခေတ်ပါးစပ်လေးကို ဘယ်လိုများ ပိတ်ထားရပါ့...။

******

ရုံးခန်းထဲတွင် စေ အလုပ်လုပ်နေစဉ် ဧည့်သည်တစ်ယောက်မှ တွေ့ခွင့်တောင်းကြောင်း သူရက လာပြောသည်။ မေးကြည့်လိုက်ရာ မှုံနံ့သာဖြစ်နေသည်ကြောင့် စေကိုယ်တိုင် ထွက်ကြိုလိုက်သည်။

"လာ မှုံနံ့သာ၊ ဘယ်က ဘယ်လို ရောက်လာတာလဲ"

"မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးဖို့ ပန်းချီကားဝယ်ချင်တယ်ဆိုလို့ မှုံနံ့သာက ဒီလိုက်ပို့လိုက်တာ"

"ကျေးဇူးတင်ပါတယ်ဗျာ"

မှုံနံ့သာသည် ဝန်ထမ်းအမျိုးသမီး လာချပေးသော ကော်ဖီကို သောက်လိုက်ပြီး စေ့ကို ပြုံးပြလိုက်သည်။

"တကယ်တော့ ကျွန်တော်လည်း မှုံနံ့သာနဲ့ အေးအေးဆေးဆေး စကားပြောချင်နေတာ။ မှုံနံ့သာက ချိန်းလိုက်တိုင်း မအားဘူးဖြစ်နေတာ"

"ဟုတ်တယ်၊ မှုံနံ့သာလည်း ဒီရက်ပိုင်း တကယ်ကို အချိန်မရဘူးဖြစ်နေတာ။ ချိန်းတိုင်းမအားနေတာ ကိုစေ့ကိုလည်း အားနာလှပါပြီ"

"အခုရော အချိန်ရလား။ နေ့လယ်စာ အတူတူစားရအောင်လေ"

"အားနာရပြန်ပါပြီ ကိုစေရယ်။ အခုက ကိုစေ့ကို ဝင်နှုတ်ဆက်ရုံပဲ။ ဧည့်သည်ကိုလည်း ထားခဲ့ရမှာ။ ဒီရက်ပိုင်း ထမင်းတောင် အပြေးအလွှားစားနေရတယ်။ တစ်ရက်ရက်မှ အတူစားကြတာပေါ့"

"ဟုတ်ပါပြီဗျာ"

"ဒါဆို မှုံနံ့သာ့ကို ခွင့်ပြုပါဦး"

စေနှင့် မှုံနံ့သာ အပြန်အလှန် နှုတ်ဆက်လိုက်ပြီး မှုံနံ့သာ့အတွက် စေကိုယ်တိုင် တံခါးဖွင့်ပေးလိုက်သည်။ သို့သော် တံခါးကိုဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က အတွင်းရေးမှူးစားပွဲကို မှီကာ လက်ပိုက်၍ ရပ်နေသည့်၊ ဝန်ထမ်းများခေါ်ကြသည့် ရေခဲနတ်ဘုရား...။ စားပွဲနောက်ရှိ ဝန်ထမ်းအမျိုးသမီးလေးနှစ်ယောက်မှာလည်း အမှန်ပင် တုန်ယင်အေးစက်နေလေပြီ။

"ခေတ်"

မှုံနံ့သာကတော့ အဝင်အထွက်မို့ နာမည်ခေါ်ကာ ခေါင်းညိတ်နှုတ်ဆက်၍ ပြန်သွားလေ၏။ သို့သော် ကျန်ခဲ့သူ တည်မြဲစေမှာမူ...။

ဝန်ထမ်းအမျိုးသမီးတစ်ယောက်က မှုံနံ့သာသောက်သွားသည့် ကော်ဖီခွက်ကို ပြန်သိမ်းသွားသည်နှင့် စေ အခန်းတံခါးကို လော့ချလိုက်သည်။ ခေတ်ကတော့ ဆိုဖာပေါ် ခြေချိတ်ထိုင်ကာ စေ့ကိုလိုက်ကြည့်နေသည်။ စေ နှုတ်ခမ်းများတွင် အပြုံးချိုချိုကို ချိတ်ဆွဲလျက် ခေတ်ဘေးဝင်ထိုင်လိုက်သည်။

"ခေတ်"

ရွှေစိတ်တော်ညိုနေသည့်ခေတ်သည် ပြန်မထူး။

"သူက ပြခန်းကိုလာရင်းနဲ့ လမ်းကြုံလို့ ဝင်နှုတ်ဆက်တာပါ ခေတ်ရ"

"ပြခန်းနဲ့ဒီအထပ်နဲ့ လမ်းကြုံစရာရှိလို့လား"

"ဒီလိုပဲ သတိတရ လာနှုတ်ဆက်တဲ့သဘောပါ။ စကားတောင် ကြာကြာမပြောလိုက်ရဘူး။ ချက်ချင်းပြန်သွားတာ"

"..."

"သူကတောင် နှုတ်ဆက်သေးတာ ကိုကိုက မအားဘူးလို့ ပြောလို့ကောင်းပါ့မလား။ ပြီးတော့...။ ပြီးတော့... အားနာစရာလည်း ကောင်းတယ်လေ။ ခေတ် သိပါတယ်။ ကိုကို့ကို နားလည်ပေးလေ နော်"

"ဒါပေါ့လေ ဇနီးလောင်းလေးဆိုတော့"

ခနဲ့စွာနှင့် အနိုင်ပိုင်းပြီး ဟွန့်ခနဲနှာမှုတ်လိုက်သည့်ခေတ်။ ထို့နောက် စေ့ဖြေရှင်းချက်ကို နားမထောင်တော့ဘဲ စေ့အလုပ်စားပွဲသို့ သွားထိုင်လေ၏။ ထိုခုံကို ခေတ်သိပ်ကြိုက်သည်။

"ခေတ်"

စေကတော့ ခေတ်နောက်မှ လိုက်လာပြီး ခေတ်နောက်တွင်ပင် ရပ်လိုက်သည်။

စေ့လက်ပ်တော့ပ်ကို မွှေနှောက်နေသည့်ခေတ် မျက်လုံးများ ဝိုင်းစက်သွားရသည်။ သို့သော် မသေချာစွာနှင့် စားပွဲပေါ်မှ ဖိုင်တွဲများကို ယူကြည့်သည်။ လက်ပ်တော့ပ်ထဲမှ ဖိုင်များကိုလည်း တစ်ခုပြီးတစ်ခု ဖွင့်ကြည့်သည်။ စိတ်ကြိုက် ရှာဖွေကြည့်ရှုပြီးနောက် သူ့နောက်တွင် ရပ်နေသည့် စေ့ကို နောက်ပြန်မော့ကြည့်လာ၏။ စေသည်လည်း မော့ကြည့်လာသည့်ကလေးငယ်အား ပြန်လည်ငုံ့ကြည့်လိုက်ပြီး နဖူးပြင်ထက် မွှေးကြူလိုက်၏။

"စပရိုက်မဖြစ်တော့ဘူးပဲ"

စေကြိုးစားနေသည့် ပရောဂျက်အသစ်မှာ indoor skatepark တစ်ခု တည်ဆောက်ရန်ဖြစ်ပြီး ထိုအရာများကို ခေတ် တွေ့သွားခြင်းဖြစ်သည်။ ခေတ်အတွက် စပရိုက်ဖြစ်စေရန် ရည်ရွယ်ထားသော်လည်း ယခုတော့ ခေတ် သိသွားလေပြီ။

"ဘယ်တော့လဲ၊ ဘယ်တော့ဆို စီးလို့ရပြီလဲ"

K stakepark တွင် စကိတ်စီးရန် ခေတ်မစောင့်နိုင်တော့။ ကိုကို့ skatepark တွင် အမြန်ဆုံး စီးချင်လှပါပြီ။

"နောက်လ"

"တကယ်"

အံ့ဩဝမ်းသာမေးလာသည့်ခေတ်ကို စေ ဒုတိယအကြိမ် နဖူးပြင်ထက် အနမ်းခြွေလိုက်ပြန်သည်။

"တကယ်ပေါ့"

"အား... ကိုကို.. ကမ္ဘာပေါ်မှာ သားကိုကိုးအကောင်းဆုံးပဲ"

ထိုင်ရာမှထကာ သူ့အပေါ်ခုန်တက်လာသည့် အသက်နှစ်ဆယ်ကျော် ကလေးကြီးကို စေ ဖမ်းချီပေးလိုက်ရသည်။ ထို့နောက် ကိုယ်ကို နှစ်ပတ်သုံးပတ်ခန့် လှည့်ပေးလိုက်သည်။ သူ့လည်ပင်းကိုဖက်ထားသည့် ညာသွားတက်လေးနှင့် ကလေးငယ်ကတော့ နွေဦး၏ လှပမှုမျိုးနှင့် ပျော်ရွှင်ရယ်မောလျက်....။

******

K skatepark မဖွင့်မီ တစ်ပတ်အလိုတွင် ကိုကို့စကိတ်ကွင်းတွင် ပထမဆုံး တစ်ယောက်တည်းစီးချင်ပါသည်ဆိုသည့် VVIP အတွက် အထူးသီးသန့် အကြိုဝန်ဆောင်မှုပေးရသည်။ သူတစ်ဦးတည်းအတွက် စကိတ်ကွင်းဖွင့်ပေးရသည်။ ခေတ် စကိတ်စီးသည်ကို ထိုင်ကြည့်ချင်သည့် စေ့ဆန္ဒတို့လည်း ပြည့်ဝခဲ့ရသည်။

ရှပ်အင်္ကျီအဝါခပ်ပွပွနှင့် ဘောင်းဘီတိုအနက်ရောင်လေး ဝတ်ထားပြီး ဦးထုပ်အနက်ရောင်လေး နောက်ပြန်ဆောင်းထားသော skater လေးသည် အားအင်အပြည့်နှင့် လန်းဆန်းတက်ကြွနေတော့သည်။

ခေတ် လူရော စကိတ်ဘုတ်ပါ ၃၆၀ ဒီဂရီလှည့်သည့် full cap trick ကစားနေသည်မှာ စေ့အတွက်တော့ နတ်သားလေးတစ်ပါး ဖျော်ဖြေနေသည့်နှယ်။ Trick အမျိုးမျိုး ကစားပြနေသည်ကို ထိုင်ကြည့်နေရသည့် စေ့မှာ မျက်တောင်ခတ်ပစ်လိုက်ဖို့ မဝံ့ရဲစွာ။

စကိတ်စီးလိုက်၊ ညာသွားတက်လေးထုတ်ပြလိုက်နှင့် ကောင်လေးသည် တည်မြဲစေအသည်းနှလုံးတို့ကို နူးညံ့လှပစွာ ခြွေယူနေတော့သည်။

ကြည်နူးဖွယ် ကောင်းလွန်းလှပါဘိ...။

"ကိုကို စီးမလား"

"ဟင့်အင်း ကိုကိုမစီးတတ်ဘူး"

"ကျွန်တော်သင်ပေးမှာပေါ့"

"နေပါစေ ခေတ်ပဲစီး"

စေ့စကားအဆုံး ခေတ်မျက်နှာ ဖြူနုနုထက် devil smile တစ်ခု နေရာယူသည်။

"မရဘူး လာစီး"

ခေတ်ကို ချော့ပြော၍ ခေတ်ကစားနေသည်များကို မှတ်တမ်းတင်မည်။ Channel တစ်ခုထောင်ကာ skateboarding lessons များတင်မည်။ တင်ဆက်သူသည် ခေတ်ဖြစ်မည်။ ဤသည်က skatepark project မစတင်မီကတည်းက သူ၏စိတ်ကူးဖြစ်သည်။ ခေတ်လည်း ပို၍ အောင်မြင်လာနိုင်သလို သူ့အတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ Win-win situation ပင်။ သို့သော် သူစိတ်မပါလျှင် ဘာမျှခိုင်းလို့မရသည့် ပေကတ်ကတ်လေးကို စည်းရုံးရန်မှာ မလွယ်ကူလှပေ။

ခေတ်တွင် devil smile ရှိသကဲ့သို့ စေ့တွင်လည်း sweet smile ရှိသည်။

"ခေတ် ဒီအတိုင်းစီးခိုင်းမဲ့အစား ကိုကို့ကို ရှင်းပြလေ"

စေ ဖုန်းထုတ်ရင်း ပြောလိုက်သည်။

"ခေတ်က တစ်ဆင့်ချင်းရှင်းပြရင်း လုပ်ပြ။ ကိုကိုက သေချာမှတ်ထားမယ်"

ခေတ်၏ မျက်ခုံးတန်းနှစ်ခုသည် အလယ်သို့ အနည်းငယ် စုကျုံ့သွား၏။

"အဲဒီဖုန်းက ဘာလုပ်မလို့လဲ"

"ဪ မှတ်တမ်းတင်ထားမလို့လေ။ ပြန်ပြန်ကြည့်ပြီး လေ့ကျင့်လို့ရတာပေါ့"

ကိုကို့ social media တွင် ခေတ်ပုံနှင့် ခေတ်၏ ဗီဒီယိုများသာ ရှိသည်။ ဒါကိုပင် ထပ်၍ လိုချင်နေပြန်သေးသည်။ ခေတ်သိနေသည်... ကိုကိုသည် ခေတ်ကို သူ့စီးပွားရေးအတွက် အသုံးချတော့မည်။ ခေတ်သည် စကိတ်စီးနေရလျှင် ပျော်သည်။ စကိတ်နှင့်ပတ်သက်လျှင် စိတ်ရှည်သည်။ သို့သော် ထိုကဲ့သို့ ဗီဒီယိုရိုက်၍ ရှင်းပြရသည်မျိုးကိုတော့ စိတ်မပါ‌ပေ။

"နေတော့ မစီးနဲ့တော့"

ခေတ်အကြောင်းကို စေအသိဆုံးဖြစ်သည်။ စေသည် ခေတ်စိတ်ကို နားအလည်ဆုံးလူဖြစ်သည်။ ထိုရလဒ်ကို သူလည်း မျှော်လင့်ထားပြီးဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ယောက်တည်း ကစားနေသည်ကိုသာ လိုက်ရိုက်နေလိုက်သည်။ ခေတ်သည်လည်း သူ့အား ကစားရန် နောက်တစ်ကြိမ် မခေါ်တော့ပေ။

သည်တစ်ကြိမ်မရလျှင် နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်မရလျှင် နောက်ထပ်တစ်ကြိမ်... အကြိမ်ကြိမ်တောင်းဆိုလျှင်တော့ ခေတ် လိုက်လျောလိမ့်မည်။ အချိန်အခါနှင့် အခွင့်ကောင်းကို စောင့်နိုင်ရန်သာ လိုသည်။

******

K Indoor Skatepark ကို ကိုကိုတည်မြဲစေနှင့်အတူ ညီငယ်လေးသတိုးခေတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ နက်ပြာရောင် oblique suit လေးနှင့်ခေတ်သည် Royal Prince လေးနှင့်ပင် တူနေပြန်ပါသေးသည်။

ဖွင့်ပွဲနေ့တွင် စကိတ်ကွင်းတစ်ခုလုံး အတွင်းရော၊ အပြင်ပါ စည်ကားနေခဲ့သည်။ စေ ဖိတ်ကြားထားသော ဧည့်သည်တော်များအပြင် ခေတ်၏ သူငယ်ချင်းများလည်း ဝင်ရောက်အားဖြည့်ခဲ့ကြသည်။ သူရိန်နှင့် နေမခသည်ပင် အားကြိုးမာန်တက် အရောက်လာခဲ့ကြသည်။ စကိတ်ကွင်းတစ်ခုလုံး စကိတ်သမားများ၏ စွမ်းရည်ပြမှု၊ အပျော်တမ်းပြိုင်ပွဲများနှင့် တစ်ကွင်းလုံးဆူညံကာ အသက်ဝင်လျက်ရှိသည်။

စေ့အနားတွင်နေရမည့် ခေတ်မှာတော့ ယခုအထိ စေ့အနားကို ကောင်းကောင်းမကပ်သေး။ အနားခေါ်ထားလိုက်၊ လှစ်ခနဲပျောက်သွားလိုက်နှင့် ဖမ်းလို့မမိပါချေ။ အပေါင်းအသင်းအချို့၊ စကိတ်ဘုတ်တစ်ခုနှင့်သာ ပျော်မွေ့နေတော့သည်။ ဘယ်အချိန် အဝတ်အစားပြေးလဲလိုက်မှန်းပင် မသိလိုက်ရပေ။

တစ်ယောက်တစ်လှည့် challenge ခေါ်လိုက်၊ တခြားကစားသမားများနှင့် ပျော်ရွှင်ရယ်မောကာ မိတ်ဖွဲ့လိုက်၊ trainer များနှင့် စကားပြောလိုက်နှင့် ခေတ်သည် စကိတ်အားကစားနယ်ပယ်တွင်တော့ အတော်လူသိများပုံရသည်။

မိမိအနားတွင် တစ်ချိန်လုံး ကလေးလုပ်နေသည့် ခေတ်သည် ယခုတော့ လူငယ်လေးတစ်ယောက်လို ပေါ့ပါးသွက်လက်ကာ၊ လိမ္မာပါးနပ်သည့် လူကြီးလူကောင်းပေါက်စလေးလည်း ဖြစ်နေပြန်သေးသည်။ ရေခဲနတ်ဘုရားလေးသည် နွေးထွေးခြင်းနတ်ဘုရားလေးလည်း ဖြစ်နေပြန်ပါသေးသည်။

ခေတ်ခေါ်လာသည့် သူငယ်ချင်းများကလည်း ခေတ်ကို ချစ်ခင်ကြဟန်ပေါ်သည်။ ခေတ်၊ ကိုကိုခေတ်၊ ကိုကြီးခေတ် ဟူ၍ ဝါသနာတူများအလယ်တွင် နှစ်သက်ဖွယ်ဖြစ်နေပြန်သေးသည်။ အသက်ရှစ်နှစ်ခန့် ကလေးသည်ပင် ကိုကိုခေတ် ကိုကိုခေတ် ခေါ်ကာ နောက်မှ တကောက်ကောက် လိုက်နေသေးသည်။ ခေတ်သည် သူ့ဝါသနာတူများအပေါ်တွင်တော့ စိတ်ရှည်ရှာသည်။ အပြုံး၊ အရယ် စေတနာကြွယ်သည်။

စကိတ်စီးလိုက်တိုင်း၊ လေပေါ်သို့ မြောက်တတ်သွားတိုင်း၊ ခြေထောက်လေးတွေ ကစားလိုက်တိုင်း၊ လက်တို့၏ လျင်မြန်မှုတိုင်း၊ ခန္ဓာကိုယ်ကို လှည့်လိုက်တိုင်း၊ လှုပ်ရှားမှုတိုင်းတွင် မြင်ရသူပင့်သက်ရှိုက်မိရသည့် ရင်သပ်ရှုမောဖွယ် စကိတ်နတ်ဘုရားလေးသည် တည်မြဲစေ၏ ဒုက္ခအိုးလေးမှ ဟုတ်ပါလေစ။

ငယ်စဉ်က ဝါသနာပါရာများ လေ့လာသင်ယူကြစဉ်က စေသည် ပန်းချီကိုသာ အားသန်ခဲ့သည်။ အားကစားနှင့်ပတ်သက်လျှင် ဘတ်စကက်ဘောတစ်ခုတည်းကိုသာ အာရုံရပြီး ရေကူးခြင်းကိုပင် ကျန်းမာရေးအတွက်ဟုသာ သဘောထားခဲ့သူဖြစ်သည်။

ခေတ်ကတော့ ငယ်စဉ်ကတည်းက တိုက်ကွမ်ဒိုနှင့် စကိတ်အားကစားကို ရူးသွပ်ခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်တိုင်း တိုက်ကွမ်ဒိုသင်တန်းကျောင်းသို့ ပို့ပေးရသည်။ ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်ရလာကာ သုံးယောက်ပေါင်း လောင်းကျော်ခဲ့ကြသည်။

ခေတ်သည် စကိတ်စီးခြင်းကို စတင်စိတ်ဝင်စားသည့်အရွယ်မှာပင် အွန်လိုင်းမှ ဗီဒီယိုများ ကြည့်၍ စွန့်စားချင်ခဲ့သည်။ ယှဉ်ပြိုင်ချင်ခဲ့သည်။ စိန်ခေါ်မှုများကို ရင်ခုန်ခဲ့သည်။ ခပ်လန်းလန်း skater များသည် ခေတ်အားကျရသည့် အစ်ကိုကြီးများ ဖြစ်ခဲ့သည်။ Outdoor skatepark များသည် ခေတ်အကြိုက်ဖြစ်သည်။ စကိတ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် သတိုးခေတ်၏ အိပ်မက်ဖြစ်ခဲ့သည်။

သူ့အတွက်တော့ စကိတ်နှင့်ပတ်သက်လျှင်... ခေတ်ငယ်ငယ်က လမ်းထိပ်ပန်းခြံသို့ စကိတ်စီးသွားလျှင် လိုက်စောင့်ပေးခဲ့ရသည်။ ထိုစဉ်က ခေတ်၏တောင်းဆိုချက်ကြောင့် ခေတ်ကို ဆရာတင်ကာ စိတ်မပါဘဲ သင်ခဲ့ရဖူးသည်။ အလဲလဲ အကွဲကွဲ ကျရှုံးပြီးနောက်ပိုင်း စကိတ်ဘုတ်ကို ကိုင်၍ပင် မကြည့်တော့‌။ ခေတ်၏ပရိသတ်သာ လုပ်ခဲ့သည်။ Trick များကို သိနေခြင်းကလည်း စကိတ်စီးခြင်းကို စိတ်ဝင်စားခြင်းကြောင့်မဟုတ်ဘဲ ခေတ်ကြောင့်သာ... ခေတ်လုပ်ပြလိုက်သည်ကို စိတ်ဝင်စားခြင်းကြောင့်သာ သိနေခဲ့ခြင်းဖြစ်သည်။

သူ့ဝါသနာအရဆိုလျှင် ဘတ်စကက်ဘောကစားရုံတစ်ခု တည်ဆောက်သင့်သည်မဟုတ်ပါလား။ သို့သော် လက်တွေ့တွင်တော့ စကိတ်ကွင်းတစ်ခုသာ ဖန်တီးဖြစ်ခဲ့သည်။ ခြေထောက်လေးကွေးကာ လေပေါ်ခုန်တက်ပြီး စကိတ်ဘုတ်ကို flip ကာ အလှပဆုံး စွမ်းရည်ပြနေသည့် ကောင်လေးကတော့ သူ့စေတနာကို နားလည်နိုင်ပါလေစ။

ယနေ့အတွက် ပင်ပန်းသော်လည်း ညာသွားတက်လေးသည် စေ့ကို စွမ်းအင်တို့ ထုတ်လွှင့်ပေးနေသည်။ ကုန်ဆုံးသွားသော အားအင်တို့ကို ပြန်လည် ဖြည့်တင်းပေးသည်။ ကလေးကို မုန့်ပေးကြိုက်သည်မဆိုသာသော်လည်း ခေတ်ကိုတော့ skatepark ပေး၍ ပျော်ရွှင်စေနိုင်သည်။ ကြိုးစားခြင်း၏ ရလဒ်များပါပင်။

ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုဆုတံဆိပ်၊ ဘယ်လိုနံပါတ်တွေမှ မလိုဘူး။ ဘယ်လိုကြီးကျယ်ခမ်းနားမှုတွေမှလည်း မလိုဘူး။

ကြိုးစားခဲ့သမျှ အရာရာအတွက် ညာသွားတက်လေးပဲ လိုပါတယ်။

ခိုနားရာ (Completed)Where stories live. Discover now