44

3.8K 328 51
                                    

Unicode

ခေတ်တစ်ယောက် L.A. မြေ ခြေချချိန်တွင် ကျန်ခဲ့သူမှာလည်း အလွမ်းတွေ တနင့်တပိုးနှင့်ပင်။ နေ့ရက်တိုင်းဟာ အထီးကျန်စွာ။ အိပ်ရာနိုး မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် မြင်တွေ့နေကျ မျက်နှာလေးဟာ ဟိုးအဝေးမှာ။ ခိုဝင်သူမဲ့သူ့ရင်ခွင်ဟာ ပိုင်ရှင်သခင်ကို တမ်းတနေသလို တိုးဝင်စရာ ရင်ခွင်မဲ့နေသည့် ကလေးငယ်သည်လည်း အိပ်လို့မှ ပျော်ပါလေစ။

အေးစက်နေသော အိပ်ရာတစ်ခြမ်းကို လက်ဖြင့်စမ်းမိတော့ တိုးလာသည်က လွမ်းဆွတ်တမ်းတခြင်းများသာ။ ပြင်ပေးခဲ့ဖူးသော မနက်စာတို့ဟာ ယခုတော့ သူ့တစ်ယောက်စာသာ။ စားပွဲတွင်ထိုင်စောင့်တတ်သော သူ့ကလေးငယ်ဟာ ရေမြေခြားမှာ။ မျက်နှာချင်းဆိုင် ထိုင်စားတတ်သော သူ့ကလေးငယ်ဟာ ယခုတော့ မိုင်ပေါင်းများစွာ သူ့အဝေးမှာ။

စေ မနက်စာစားရင်း ဖုန်းဆီသို့သာ အာရုံရောက်နေသော်လည်း ကလေးငယ်က ခေါ်မလာ။ သည်မှာ မနက် ရှစ်နာရီခွဲနေပြီဖြစ်၍ ကလေးငယ်ဆီတွင်တော့ ည ခုနှစ်နာရီ ရှိနေပြီ။ ခေတ် ဖုန်းဆက်ဖို့ သင့်ပါပြီ။

တစ်နေကုန် စာမလာ၊ သတင်းမကြား၊ ဗီဒီယိုတစ်ခုပင် ပို့မထား၍ ဖုန်းမျှော်နေရာမှ ခေတ်အတွက် စိတ်ပူသည့်အဆင့်သို့ ရောက်လာသည်။ သူဖုန်းဆက်တော့လည်း မကိုင်။

ခေတ် အိပ်ပျော်နေလို့ပဲ ဖြစ်မှာပါ။

၁၃ နာရီခွဲ အချိန်ကွာဟမှုက သည်လိုအချိန်မျိုးတွင်တော့ သူ့အတွက် စိတ်မသက်သာစရာ။ ပြန်သွားတာ နှစ်ဝက်ပင်မကျိုး‌သေး။ ခေတ်အတွက် စိတ်ပူနေရပြီ။

ညနေ အိမ်ပြန်ရောက်သည်အထိ ခေတ်ဆီမှ ဖုန်းခေါ်မလာ။ ညစာစားရန်ပင် စိတ်မပါတော့စွာ အခန်းထဲ ခေါက်တုန့်ခေါက်ပြန်သာ လျှောက်‌နေမိသည်။ ည ရှစ်နာရီခွဲပြီ။ မနက် ခုနှစ်နာရီဆို ခေတ် နိုးသင့်ပြီ။ ဖုန်းခေါ်ကြည့်သည်။ သို့သော် မကိုင်။

ခေတ်.. ခေတ်ရာ ကိုကို ရင်တွေ ပူလိုက်တာ။

ဖုန်းကို စားပွဲပေါ်တင်၍ ဖုန်းမျက်နှာပြင်ကို ထိုင်ကြည့်နေမိသည်။ ခေတ် ဖုန်းခေါ်လာလျှင် တစ်စက္ကန့်လေးတောင် ကိုင်ချိန် နောက်မကျချင်ပါ။ နားထင်နှစ်ဖက်ကို နှိပ်နယ်မိတော့ မာမီနှင့်မေနန်းတို့၏ စကားများက မကြားချင်ပါဘဲ နားထဲ တိုးဝင်လာပြန်သည်။

"ခေတ်က သူပျော်နေရင် ဘယ်သူ့မှ သတိရမှာမဟုတ်ဘူး"

"ခေတ်က သူ့ခံစားချက်ကို သေချာမသိဘူး။ သူ ဝေခွဲရခက်နေရင် သူ့အတွက် လွယ်ကူပြီး ပျော်ရမယ်ထင်တာကိုပဲ ရွေးလိုက်မှာ"

သူ့ကို အပြစ်တင်စကားတစ်ခွန်းပင် မဆိုခဲ့သူ မေနန်းသည် သူ့တောင်းပန်ခြင်းကိုလည်း လက်မခံခဲ့ပါ။ ခေတ်ကိုသာ ပြန်ခေါ်ချင်ခဲ့သည်။

"ခေတ်က အခုအရွယ်ထိ သားစေတစ်ယောက်တည်းကိုပဲ တွယ်တာလာတာ။ ကျောင်းတက်တုန်းကလည်း သူ့မှာ ခံစားချက်တွေအတွက် အချိန်မရှိခဲ့ဘူး။ ရင်ခုန်တတ်စအရွယ်မှာ သားစေကို စိတ်ဆိုးနေတာနဲ့ပဲ သူ့နေ့ရက်တွေ ကုန်ဆုံးလာတာ။ ကျောင်းပြီးတော့လည်း ကိုကို့ဆီသွားမယ်ဆိုပြီး ထွက်သွားတာ။ သူတွယ်တာရတာ သားစေကလွဲပြီး တခြားဘယ်သူမှ မရှိခဲ့ဘူး။ အဲဒါကြောင့် အနေနီးပြီး ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ။ ခံစားချက်တွေရောထွေးပြီး သားစေကို သူချစ်တယ် ထင်နေတာ"

"ခေတ်ကို လွှတ်ပေးလိုက်ပါဦး။ အပြင်လောကကြီးက ဘယ်လောက် ကျယ်ပြောပြီး ဘယ်လောက် သင်ယူစရာများလည်း ခေတ်ကို ကိုယ်တိုင်ကြုံတွေ့ပါစေဦး။ ခေတ်ကို ရင့်ကျက်ပါစေဦး။ သူ့စိတ်သူ သေချာနားလည်ပါစေဦး"

"သားစေ ခေတ်ကို ချစ်ရင် ပြန်ပို့လိုက်ပါ။ သားအနားမှာ ချုပ်နှောင်ထားမဲ့အစား လွတ်လွတ်လပ်လပ် ပျံသန်းစေလိုက်ပါ။ ခေတ် အတောင်ပံတွေကို ခေါက်သိမ်းထားမဲ့အစား ခေတ်ကို ခွန်အားရှိသလောက် ပျံသန်းစေလိုက်ပါ"

ခေတ်အပေါ်ထားတဲ့သူ့မေတ္တာတွေ မလုံလောက်သေးဘူးလား။

သူဟာ ခေတ်ကို ချုပ်နှောင်ထားခြင်းမဟုတ်ကြောင်း မေနန်းသိအောင် ဘယ်လိုရှင်းပြရမလဲ။ ခေတ်အတောင်ပံတွေကို ခေါက်သိမ်းထားခြင်းမဟုတ်ဘဲ ခေတ်ကို သူ့အတောင်ပံတွေပေါ်တင်ပြီး အမြင့်ဆုံးထိ ပျံသန်းချင်တဲ့အကြောင်း မေနန်းလက်ခံအောင် ဘယ်လိုသက်သေပြရမလဲ။

"ခေတ်က တဇွတ်ထိုးကလေးမို့ ပြောလို့မရရင်တောင် သားစေကတော့ ခေတ်အတွက် မှန်ကန်တဲ့လမ်းကို ရွေးချယ်ပေးမယ်မလား"

"ခေတ် သူ့ခံစားတွေ သေချာမယ့်နေ့ကို စောင့်နိုင်တယ်မလား။ ခေတ်ကို နောင်တမရစေချင်ဘူးမလား"

သို့သော် သူ ခေတ်ကို ပြန်ပို့ပေးလိုက်ခြင်းသည် ခေတ်ကို မယုံကြည်၍ မဟုတ်ပါ။ ခေတ်ကို ယုံသည်။ သူယုံကြည်သလို မိဘများကိုလည်း ယုံကြည်စေချင်သည်။ ခေတ်၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အစုစုသည် သူ့ကြောင့်ဖြစ်တည်လာရမှန်း လက်ခံစေချင်သည်။ ခေတ်တွင် အခြားတွယ်ရမည့်သူမရှိခြင်း မဟုတ်။ ကမ္ဘာလောကတစ်ခုလုံးတွင် ခေတ်သည် သူ့တစ်ယောက်ကိုပဲ တွယ်တာကြောင်း သိစေချင်သည်။ သူတို့၏ အချစ်တွေ၊ သံယောဇဉ်တွေ၊ ယုံကြည်မှုတွေ မည်မျှခိုင်မြဲကြောင်း အသိအမှတ်ပြုစေချင်သည်။ ထို့ကြောင့် ခေတ်ကို ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ခေတ်ကို ယုံ၍ ပြန်ပို့လိုက်ခြင်း ဖြစ်သည်။

ထာဝစဉ်မြတ်နိုးခြင်းနှင့် နှောင်ရစ်ထားသောကြိုးများ မည်မျှခိုင်မြဲကြောင်း သက်သေပြချင်သောကြောင့်ဖြစ်သည်။

မနက် နှစ်နာရီ။ ခေါင်းတွေလည်း မူးနောက်နေပြီ။ စိုးရိမ်စိတ်လည်း အထွဋ်အထိပ်ရောက်နေပြီ။ သို့သော် ခေတ်ကိုတော့ ဆက်သွယ်၍ မရသေးပေ။

မျက်လုံးမှိတ်ထားသော်လည်း အိပ်လို့မပျော်။ ခေတ်အသံမကြားရလျှင် အိပ်ပျော်မည်မဟုတ်သည့် ကိုယ့်ကိုယ်ကိုယ်သိသည်။ ထို့ကြောင့် စစ်မှန်သော သူ့မေတ္တာကို ယုံကြည်အားကိုး၍ ဖုန်းထပ်ခေါ်ကြည့်သည်။ ဝမ်းသာစရာကောင်းစွာပင် ဤတစ်ကြိမ်တော့ ဖုန်းကိုင်လာသည်။

"ခေတ်.. နိုးပြီလား"

"ဟုတ် ခေတ်က... "

"ခေတ်..၊ ဒါသတိုးခေတ်ဖုန်းမဟုတ်ဘူးလား။ ဖုန်းက ဘယ်ရောက်နေတာလဲ"

"ဟုတ်ပါတယ်။ ခေတ်ဖုန်းပါ။ ဒါပေမဲ့ ခေတ်အိပ်နေတယ်။ မနိုးသေးဘူး"

ကြားလိုက်ရသည့် မြန်မာသံပီပီသသဟာ ရင်ဘတ်ကို စိုက်ဝင်လာသည့် အပ်အစင်းပေါင်းများစွာ။ စေ အသံကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး...

"နှိုးပြီး ဖုန်းပေးလိုက်လို့ရမလား"

"မနှိုးရဲဘူး"

"ဘယ်သူလဲ"

အိပ်ပျော်နေသူသည် ကောင်မလေးအသံကြောင့် နိုးသွားပုံရသည်။

စေ မျက်လုံးမှိတ်၍ သက်ပြင်းသာ ချလိုက်ရသည်။

"တည်မြဲစေ လို့ပြောလိုက်ပါ"

"တည်မြဲစေတဲ့"

"ကိုကို"

ကိုကို့နာမည်ကြားသည်နှင့် ခေတ် ကောင်မလေးလက်ထဲမှ ဖုန်းကို ဆတ်ခနဲ ဆွဲယူလိုက်၏။ အချိန်ကိုကြည့်လိုက်တော့ နေ့တဝက်ကျိုးနေပြီ။

အာ... ညက ဖုန်းမဆက်မိဘူးပဲ။

"ကိုကို"

ခပ်ချွဲချွဲခေါ်လာသည်က အိပ်ရာနိုးစ ကလေးပေါက်စလေးလို။

"ခေတ်.. နိုးပြီလား"

"ဟုတ်"

နှစ်ဦးသားကြား အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။ မတိုင်မီက ခေတ်ကို စိုးရိမ်နေသော စိတ်များသည် ယခုတော့ အမျိုးအမည်မသိ ခံစားချက်တို့နှင့် ရောပြွန်းကာ ဖွင့်ဟရမည့်စကားလုံး မရွေးချယ်နိုင် ဖြစ်နေရသည်။

နေ့နှင့်ည ကွဲပြားနေသည့် နေရာဒေသနှစ်ခုမှ ကောင်လေးနှစ်ယောက်၏ တိတ်ဆိတ်ခြင်းကို ခပ်တိုးတိုးအသံလေးက ဖြိုခွင်းလိုက်၏။

"ကိုကို"

"ခေတ်"

"စကားပြောလေ"

"အင်း"

သူ ဘယ်က စပြောရမလဲ။ ဘယ်လို စပြောရမလဲ။ ခေတ်နှင့်အတူ ကောင်မလေး တစ်ယောက်ရှိနေပြီး ခေတ်ဖုန်းကို ထိုကောင်မလေးက ကိုင်သည်။ ကောင်မလေးအနားတွင် အိပ်ပျော်နေသည့် ခေတ်ရှိနေသည်။ အိပ်ပျော်နေသည့်ခေတ်ဘေးတွင် ကောင်မလေး တစ်ယောက်ရှိနေသည်။ ခေတ်နှင့်ကောင်မလေးသည် အတူရှိနေကြပြီး ခေတ်က အိပ်ပျော်နေကာ ကောင်မလေးက ခေတ်ဖုန်းကို ကိုင်သည်။

ဒီလိုအခြေအနေမှာ သူ ဘာပြောရပါ့မလဲ။

"ခေတ်"

"ဗျာ"

ထို့နောက် စေ့အသံ ပျောက်ကွယ်သွားပြန်သည်။

"ညက ဖုန်းမဆက်လို့ စိတ်ဆိုးနေတာလား ကိုကို။ ညကလေ သူငယ်ချင်းမွေးနေ့ရှိလို့ စားရင်းနဲ့ ကိုကို့ကို ဖုန်းမဆက်ဖြစ်ဘဲ ဖြစ်သွားတာ။ မွေးနေ့ကလည်း ကျွန်တော်တို့ သင်္ဘောပေါ်မှာ လုပ်တာဆိုတော့ အိမ်မပြန်ကြဘဲ ဒီမှာပဲ အိပ်လိုက်ကြတာ။ မနက်လင်းခါနီးမှ အိပ်ပျော်သွားလို့ ကိုကို့ကို ဖုန်းမဆက်ဖြစ်တော့တာ။ အခုတောင် ဘေးကအစ်ကိုနှိုးလို့ နိုးသွားတာ"

"ဘေးက အစ်ကို..."

"ဟုတ်တယ်။ တစ်ဖွဲ့လုံး တစ်ခန်းထဲစုပြီး အိပ်ပျော်သွားကြတာ"

သောက်တာများသွား၍ အခန်းမပြောင်းနိုင်ကြောင်းကိုတော့ ခေတ် ထည့်မပြောတော့ပါ။

"စောစောက ကောင်မလေးကရော"

"သူက ဖုန်းသံကြားလို့ ထကိုင်လိုက်တာ နေမှာပေါ့။ ပုံမှန်ဆို ကျွန်တော့်ဖုန်းကို မကိုင်ကြပါဘူး။ အခုက တခြားလူတွေလည်း အိပ်နေကြတော့ နိုးသွားမှာစိုးလို့ ကိုင်လိုက်တာ နေမယ်"

"ကိုကိုက စိတ်ပူနေတာ"

"စိတ်မပူနဲ့ စိတ်မပူနဲ့။ ဘာမှမဖြစ်ဘူး"

ခေတ် ဖုန်းပြောရင်း တခြားအခန်းသို့ ပြောင်းသွားလိုက်သည်။ သူ အိပ်ရေးမဝသေး။ အိပ်ချင်သေးသည်။

"ကိုကို့"

"အင်း"

"အိပ်ချင်သေးတယ်"

"အိပ်လေ"

"ကိုကိုသိပ်"

"ကိုယ့်ဘာသာအိပ်"

"ဟင့်အင်း ကိုကိုသိပ်။ ဗီဒီယိုကောလ်ခေါ်မယ်"

ဖုန်းမျက်နှာပြင်ထက် ပေါ်လာသည့် ဒုက္ခအိုးလေး၏ အိပ်ရေးဝမသည့်ရုပ်လေးသည် တည်မြဲစေ၏ စိုးရိမ်သောကအားလုံးကို တိုက်စားသွားလေပြီ။

ချစ်စရာကောင်းလိုက်တာ။

ထို့နောက် သူ့နှလုံးသားကို ယားယံစေသည့် ခေတ်အသံလေး။

"ကိုကိုး"

"အင်း"

"လွမ်းတယ်"

"ကိုကိုရောပဲ"

ဖုန်းမျက်နှာပြင်၌ ပေါ်နေသည့် ခေတ်မျက်နှာအစိတ်အပိုင်းတို့ကို လက်ချောင်းလေးများဖြင့် ဖွဖွညင်သာ တို့ထိကြည့်သည်။ သူ ခပ်ကြမ်းကြမ်းထိလိုက်လျှင် အပြင်မှခေတ် နာကျင်ခံစားသွားရပါမည့်နှယ်။ ကလေးငယ်ဟာ မျက်လုံးမှိတ်ထားပြီး...

"ဖုန်းထဲကနေ ကိုကို့လက် အပြင်ထွက်လာရင် ကောင်းမယ်"

ကလေးငယ်စကားကြောင့် သူပြုံးမိသည်။

"ကိုကို ခေါင်းလေးပွတ်ပေးပြီး သိပ်တာ ခံချင်တယ်။ ကိုကို့ရင်ခွင်ထဲမှာ အိပ်ချင်တယ်။ ကိုကို့ကို ဖက်ထားချင်တယ်။ ကိုကိုနဲ့ဖက်ပြီး အိပ်ချင်တယ်။ ကိုကို့ကို လွမ်းတယ်"

အလွမ်းစကား ဆိုလာသူသည် မျက်လုံးကိုတော့ ဖွင့်မထား။

"ကိုကိုရော အိပ်ချိန်လွန်နေပြီမလား။ အိပ်တော့လေ။ အတူတူအိပ်ရတဲ့အချိန်က ရှားတယ်။ အခု မျက်လုံးမှိတ်ပြီး ကျွန်တော့်ကို ရင်ခွင်ထဲထည့်ထားစမ်းပါ။ အဲဒီအချိန်တွေကို လွမ်းနေလို့"

သည်ကလေး စကားတွေ ဘယ်လိုတတ်လာလဲ စေမသိ။ သည်စကားတွေ ဘယ်သူပြောတာကြားဖူးပြီး လိုက်ပြောနေသည်လဲ စေမသိ။ သို့သော် လွမ်းနေရသည့်သူ့အဖို့တော့ ချစ်စရာကောင်းလွန်းနေသည် မဟုတ်ပါလား။ အမှန်တကယ်ပင် ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားပစ်လိုက်ချင်နေသည် မဟုတ်ပါလား။ သည်ကလေး သည်လိုတွေ ခဏခဏပြောနေလျှင် သူတော့ ခက်ချေတော့မည်။

နောက်တစ်ခါ ပျော်စရာတွေရှိလည်း ကိုကို့ကို မေ့မထားပါနဲ့။ ကိုကိုစိတ်ပူတယ်။

Screen တစ်ဖက်မှကလေးငယ် အိပ်ပျော်သွားပြီထင်ရမှ သူလည်း မျက်လုံးမှိတ်လိုက်သည်။

ထင်ယောင်ထင်မှား မဟုတ်ရပါ။ ခေတ်က သူ့ကို တကယ်ချစ်တာပါ။

******

အိမ်ပြန်ရောက်လာသော ခေတ်ကို မေမေသည် ကျောင်းသားဘဝကလို လွှတ်မထားတော့။ စီးပွားရေးလောကထဲသို့သာ ဝင်စေချင်နေသည်။

တစ်နေ့ သည်လိုဖြစ်လာမည်ဆိုတာ သိ၍ ခေတ်လည်း ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ ခေတ်မျက်စိကျနေသည့်အရာလည်း ရှိသည်ကြောင့် မေမေတို့ ခေတ်ကို ခက်ခက်ခဲခဲ နားမချလိုက်ရပါ။ သို့သော် ဖေဖေကတော့ သူ့ကုမ္ပဏီသို့သာ လာစေချင်နေသည်။ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဆီ၌ ပညာယူကာ အချိန်တစ်ခုကြာလျှင် ခေတ်အတွက်လည်း နေရာရလာမည်ဆိုသည်။

"သားက စီးပွားရေးအမြင်ရှိပါတယ်။ ဒီလောကထဲ ခြေစုံပစ်မဝင်သေးတာပဲရှိတာ။ ကျောင်းတက်ကတည်းက သားနဲ့ရင်းနှီးအောင် လုပ်ပေးထားပြီးသားပဲ။ ဖေဖေ့ဆီလာခဲ့။ သားအတွက် အကောင်းဆုံးဖြစ်စေရမယ်"

ခေတ်ကတော့ ခေါင်း ခါလျက် ခါဆဲ ခါမြဲ။

"မေမေ့ရှယ်ယာတဝက် သားနာမည်နဲ့ လွှဲပေးမယ်"

စည်းရုံးလာသည့်မေမေ့ကိုလည်း ဖြည်းညင်းစွာ ခေါင်းခါပြလိုက်သည်။

"သားအောင်မြင်လာရင် ဖေဖေ့ရှယ်ယာတွေ အကုန်လွှဲပေးမယ်ကွာ"

"ကျွန်တော့်ရှယ်ယာဘယ်လောက်ရှိလဲ"

"မရှိတော့ဘူး။ ရှယ်ယာရှင်အစည်းအဝေး မတက်လို့ ပြန်သိမ်းလိုက်ပြီ"

"ဖေဖေထပ်ပြီး စည်းရုံးနေရင် တကယ်အကုန်ပြန်ထုတ်မှာနော်"

ဖေဖေ့ကိုပြောပြီးနောက် ခေတ် ဘိုးကို ကြည့်လိုက်သည်။

"တကယ်က ကျွန်တော်လိုချင်နေတာ ရှိတယ်"

"ဘာလဲ"

"ဘိုးရဲ့သင်္ဘောတွေ"

ခေတ်စကားအဆုံး ဘိုးက ဖေဖေ့ကို အောင်နိုင်သူအပြုံးနှင့် ကြည့်၏။ ဖေဖေက...

"ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ။ အဖေနိုင်ပါတယ်"

ခေတ်ကိုစည်းရုံးရမည့်ပွဲတွင် ဘိုးသည် စကားတစ်ခွန်းမဆိုရဘဲ အနိုင်ရသွားပေပြီ။

ခေတ် ဘိုး၏ အပျော်စီးသင်္ဘောများကို မျက်စိကျနေသည်မှာ ကြာလေပြီ။ ယခုလိုနေ့ရောက်လာလျှင် ရွေးချယ်ရန် ‌‌ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ ညစာစားပွဲ အစရှိသည့် ဝန်ဆောင်မှုပေးသော သင်္ဘောများရှိသလို ပင်လယ်ထဲ တစ်ရက်မှ တစ်ပတ်ဆယ်ရက်တိုင်အောင် အပျော်ခရီးထွက်သော သင်္ဘောများလည်းရှိသည်။

သင်္ဘောပေါ်တွင် အမျိုးစုံလှသည့် ပျော်စရာများက လိုက်ပါလာသူတို့အား ပုံစံအမျိုးမျိုးနှင့် ဆွဲဆောင်နိုင်ကြသည်။ တချို့ဆိုလျှင် အနားယူချင်၍ထက် သက်သက်မဲ့ ငွေလာဖြုန်းနေသလိုပင်။ ခေတ်ပင် ကိုကြီးဧကနှင့်အတူ သင်္ဘောပေါ် နှစ်ရက်သွား‌နေဖူးသည်။ အင်မတန် ပျော်လို့ကောင်းသည့်နေရာပင်။

ဖေဖေတို့ အဝတ်အထည်ကုမ္ပဏီထက် ဘိုး၏ အပျော်စီး ဇိမ်ခံသင်္ဘောများကိုသာ ခေတ် မျက်စိကျပါသည်။

ဤသို့ဖြင့် သူဌေးမြေးဘဝမှ သူဌေးပေါက်စလေးဖြစ်ရန် လေ့ကျင့်ပေးခံရတော့သည်။ အစပိုင်းတွင် စကိတ်စီးရန် အချိန်မပေးနိုင်မည် စိုးနေသေးသော်လည်း နောက်ပိုင်းတွင်တော့ အချိန်ယူတတ်လာသည်။ ယခင်ကလောက် အချိန်မပေးနိုင်သော်လည်း အဆင်ပြေသည့်ပြိုင်ပွဲများတွင် ဝင်ပြိုင်နေဆဲ။ ဆုတံဆိပ်များ ရရှိနေဆဲ။ အောင်မြင်မှုတို့ သီးပွင့်နေဆဲ။ ကိုကို့အတွက် ဗီဒီယိုများ ပို့ပေးနိုင်နေဆဲ။

ဘိုး၏ လုပ်ငန်းသည် စိတ်ကျေနပ်လောက်အောင် အောင်မြင်သော်လည်း ပြဿနာမျိုးစုံကတော့ အကြောင်းအမျိူမျိုးဖြင့် ပေါ်ပေါက်လာမြဲဖြစ်သည်။ လောင်းကစားဝိုင်းမှ ပြဿနာ၊ မိန်းကလေးပြဿနာ၊ ဘားမှပြဿနာ အစရှိသဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင်မက စုံလင်စွာ။

ရှင်းလေ ရှုပ်လေ ပွဲများတွေ့လျှင် ပြဿနာကောင်များအား ပင်လယ်ထဲပစ်ချချင်စိတ်ကို လက်သီးဆုပ်၍ ထိန်းချုပ်ထားရသည်။ သို့သော် ဤသည်က ဤလုပ်ငန်းတွင် မလွှဲမရှောင်သာ တွေ့ရမည်များဖြစ်၍ အကောင်းဆုံးဖြေရှင်းနိုင်ရန်သာ ကြိုးစားရသည်။

တစ်ခါတရံ ခေတ် စဉ်းစားမိသည်။ ကိုကို့လို စာကြည့်တိုက်နှင့် ပန်းချီပြခန်းဖွင့်လိုက်မိလျှင် ကောင်းသားဟု။ မည်သည့်အလုပ်မျှ မလွယ်ကူသော်လည်း သူနှင့်စာလျှင် ကိုကိုကမှ ပို၍ အေးချမ်းသေးသည်။

တစ်ခါတရံလည်း ကိုကိုနှင့်အတူ family cruise ဆယ်ရက်လောက်ထွက်ရန် စိတ်ကူးယဉ်မိသည်။ ပျော်စရာ၊ ရင်ခုန်စရာ၊ ကြည်နူးစရာအတိ ခရီးစဉ်လေးကို ကိုကိုနှင့်အတူ ရွက်လွင့်ချင်ပါသေးသည်။ ယခုတော့ ‘ကိုကို့ခေတ်က တော်လိုက်တာ' ဟူသော စကားနှင့်ပင် နှစ်သိမ့်ခံနေရသည်။

လွမ်းတယ် ကိုကို။ အများကြီး အများကြီး လွမ်းတယ်။ ပြီးတော့...

ခေတ် ရေးလက်စ ဖုန်း message ကိုဖျက်၍ အသစ်ပြန်ရေးပို့လိုက်သည်။

ကိုကိုး.. သားကို ချစ်လား။

ထို့နောက် စားပွဲပေါ်မှ Iron Man ရုပ်လေးကို ယူကာ အိပ်စက်ခြင်းဆီသို့။

လွမ်းတယ် ကိုကို။ အများကြီး အများကြီး လွမ်းတယ်။

ခိုနားရာ (Completed)Where stories live. Discover now