49

4.4K 402 60
                                    

Unicode

ဒယ်ဒီနှင့် မာမီသည် စေနှင့်ခေတ်တို့ကို လက်ခံသဘောတူပါသည် မပြောသော်လည်း ခေတ် စေနှင့်ပြန်လိုက်မည်ကိုတော့ ကန့်ကွက်ခြင်း အလျဉ်းမရှိ‌ပေ။ စေ စိတ်ချမ်းသာသည့်အတိုင်း ဆောင်ရွက်ရန်သာ ခွင့်ပြုခဲ့သည်။

သို့သော် ခေတ်၏မိခင်ဖြစ်သူ ဒေါ်နန်းသူဇာကတော့ ရင်မှဖြစ်သောသားအပေါ် စိုးရိမ်ပူပန်နေသည်မှာ ဓမ္မတာပင်။ သားလက်ကလေးကိုင်ကာ စိတ်မချနိုင်ဖြစ်နေသည်မှာလည်း မိခင်မေတ္တာပါပင်။

"မေမေတို့နဲ့ပဲ နေပါလား သားရယ် နော်"

"ကလေးတွေကို စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့ နန်းရာ"

"စိတ်မကောင်းဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး။ နန်းက သားစေအပေါ် မတရားသလို ခံစားရလို့ပါ။ ပြီးတော့ မမနဲ့ အစ်ကိုကြီးအပေါ်ကိုရော။ သားစေဆိုတာ မမတို့အတွက် ဘယ်လိုသားလဲဆိုတာ နန်းရော မောင်ရောအသိပဲ။ သား.. မေမေတို့ ကိုကို့အပေါ်ကို မတရားမလုပ်ရအောင်။ ကိုကို့ကို သူ့ဘဝလေးနဲ့သူ..."

"ကျွန်တော့်ဘာသာ ကန်းရုံမက ကျိုးပါနေပါစေ၊ မသန်မစွမ်း ဘယ်လိုဒုက္ခိတဘဝမျိုးပဲ ရောက်နေပါစေ၊ ကိုကိုက ကျွန်တော့်အပိုင်ပဲ"

"သား..."

"ကျွန်တော်ပဲပိုင်တာ။ ကိုကိုက ကျွန်တော့်အပိုင်။ လက်လွှတ်လိုက်ဖို့မပြောနဲ့"

"မောင်တို့ကလည်း ကလေးတွေကို ပစ်ထားမှာမှ မဟုတ်တာ။ တော်ပါတော့.. နန်း စိတ်လျှော့လိုက်ပါတော့"

ခင်ပွန်းဖြစ်သူက ပခုံးကို ကိုင်ကာ နှစ်သိမ့်နေသော်လည်း ဒေါ်နန်းသူဇာကတော့ သားလက်ကလေးကိုင်ကာ သားမျက်နှာကို ကြည့်နေဆဲပင်။

ခေါင်းမာလှသည့်သား၊ မိဘထက် ကိုကို့ကို ပိုခင်တွယ်သည့်သားဟူ၍ အပြစ်မတင်ရက်ပါ။ ကလေးနှစ်ယောက်အပေါ် အားနာစိတ်နှင့်အတူ မိမိကိုယ်ကိုယ်သာ အပြစ်တင်မိပါသည်။

ယခင်က သားနှင့် မိတ်ဆက်ပေးခဲ့ဖူးသော မိနးကလေးများမှာ သားမျက်လုံးကွယ်သည်နှင့် ရှောင်ပြေးသွားကြသည်။ သားခေတ်ကို သားလေးတစ်ယောက်လို ချစ်ပါသည်ဆိုသည့် သမီးရှင်များရော၊ ခေတ်အနွံတာကို ခံနိုင်ပါသည်ဆိုသည့် မိန်းမလှလေးများရော ယခုတော့ သားအနား တစ်ယောက်မျှ မရှိကြတော့ပါ။ နောက်ဆုံးကျန်ခဲ့သူက သားစေပင်။ အစမှအဆုံးတိုင်အောင် သားခေတ်နံဘေး ရှိနေပေးခဲ့သူက သားစေတစ်ယောက်တည်းပင်။

သို့သော် သားစေအပေါ်တွင် မတရား မလုပ်ချင်ပါ။ ကျန်နေသေးသည့် ဘဝလမ်းတွင် ပုံမှန်ဘဝလေးဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းစေလိုပါသည်။ မိမိတို့သားသည် သားစေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမည်ကိုရော၊ အနာဂတ်တွင် စိတ်မချမ်းမြေ့ဖွယ်ရာ နေ့ရက်များနှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ကိုပါ စိုးရိမ်ပူပန်မိသည်။

သားသာ မျက်လုံး ဘယ်တော့မှ ပြန်မမြင်ရတော့လျှင် ဟူသော အတွေးနှင့် မိုးလင်းခဲ့ရသော ညတာရှည်များအကြောင်း ယခင်ကထက် ဖျော့တော့သွားသော အပြုံးတို့နှင့် သိသိသာသာ ချောင်ကျကာ ညှိုးငယ်‌နေသော မျက်နှာတို့က သက်သေပင်။

ခေတ် သက်ပြင်းချကာ မေမေ့လက်ကို စမ်းတဝါးဝါး လိုက်စမ်းသည်။ ဒေါ်နန်းသူဇာလည်း ခေတ် သူ့လက်ကိုရှာနေမှန်းသိ၍ သားလက်လေးကို ဆွဲကိုင်လိုက်၏။ ထိုအခါမှ ခေတ် မေမေ့လက်ကို ပြန်အုပ်ကိုင်လိုက်ပြီး..

"မေမေစိတ်မပူပါနဲ့။ ကိုကိုက သားကို ဂရုစိုက်မှာပါ"

"သိတယ်။ မေမေသိတယ်"

"မေမေက ဘိုးနဲ့ဘွားကိုပဲ ဂရုစိုက်။ မေမေပြောတော့ ဘွားတို့က အသက်ကြီးပြီ၊ အရင်ကထက် ပိုဂရုစိုက်ပေးရမယ်ဆို။ မေမေ့ကိုလည်း သားအတွက်ပါ ဝန်မပိစေချင်ဘူး။ ပြီးတော့ သားလည်း ဒီနိုင်ငံမှာ မနေချင်ဘူး။ သားတို့အရင်နေခဲ့တဲ့အိမ်ကိုပဲ ပြန်ချင်တယ်"

"နန်း.. သားဆန္ဒကို လိုက်လျောပေးလိုက်ပါ"

ခင်ပွန်းဖြစ်သူမှာ ယခင်ကတည်းက သားသသဘော၊ သားဆန္ဒသာ။ သားစေနှင့်အကြောင်းကို သိသည့်တိုင် သားဖြစ်သူကို အပြစ်တင်စကား တစ်ခွန်းမဆိုခဲ့။ သား၏ ဖြစ်တည်မှုကို နားလည်ပေးခဲ့သူ။ ထိုကိစ္စနှင့်ပတ်သက်၍ သားနှင့် အထူးတလည် ဆွေးနွေးခြင်းမပြုသည့်တိုင် ဇနီးဖြစ်သူကိုတော့ တတ်နိုင်သမျှ ဖျောင်းဖျနားချနေဆဲ။ ယခုလည်း ဇနီးကို နှစ်သိမ့်ရင်းဖြင့် သားဘက်မှ ရပ်တည်နေဆဲ။

******

ခေတ်အပေါ် ကျူးလွန်သူ တရားပြိုင်များကိုလည်း တရားရုံးမှ အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။ တရားခံကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကြံရာပါများကို ထောင်ဒဏ် နှစ် (၃၀) အသီးသီး ခံယူစေသည်။ သူတို့ အပြင်ပြန်ရောက်လာလျှင်တောင် ကလေးငယ်သည် မျက်လုံး ပြန်မြင်ရမည်၊ မမြင်ရမည် မသေချာ။ သို့သော် စေ ဤမျှသာ ဆောင်ရွက်နိုင်ခဲ့သည်။ အစွမ်းကုန်ကြိုးစားခဲ့ပါသော်လည်း ဤမျှသာ တတ်နိုင်ခဲ့သည်။

ခေတ်ကို ကိုယ်ခန္ဓာအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဂရုတစိုက် ပြုလုပ်ပေးရင်း စိတ်ပိုင်းဆိုင်ရာ ခွန်အားများလည်း ပေးရသည်။ ယခုဆို ဆရာဝန်နှင့် ပုံမှန်စစ်ဆေးပြီး စိတ်ချရသည့် အခြေအနေသို့ ရောက်လာခဲ့ပြီ။ မြန်မာပြည်သို့ ပြန်ချင်လျှင် ပြန်နိုင်သည့်အခြေအနေ။ စေသည်လည်း ခေတ်ကို အမြန်ဆုံး ပြန်ခေါ်သွားချင်နေပြီ။

သားစေနှင့်လိုက်သွားရန် ဆုံးဖြတ်ချက်ခိုင်မာနေသော သားဖြစ်သူကို တားမရသည့်အဆုံး သုံးမဲ၊ တစ်မဲနှင့် ဒေါ်နန်းသူဇာ သားဆန္ဒကို လိုက်လျောရတော့သည်။ ယခုအချိန်တွင် ခေတ် စိတ်ချမ်းသာရန်သာ၊ ‌ခေတ် စိတ်ဓာတ်ကျမရန်သာ၊ ခေတ် လက်လျှော့အရှုံးမပေးလိုက်ရန်သာ အဓိကဖြစ်သောကြောင့် ခေတ်ဆန္ဒရှိသည့်အတိုင်းသာ ဆောင်ရွက်ပေးရတော့မည်။

"သား.. ကျန်းမာရေးကို ဂရုစိုက်နော်။ စိတ်ချမ်းသာအောင်နေ။ ပျင်းရင် မေမေတို့ဆီ အချိန်မရွေး ဖုန်းဆက်။ သားပြန်လာချင်တဲ့အချိန်ပြော၊ မေမေချက်ချင်း လာခေါ်မယ်။ အခုတောင် သားကို တားမရလို့သာ ခွင့်ပြုရတာ။ မေမေကတော့ မေမေ့သားလေးကို မေမေကိုယ်တိုင်ပဲ စောင့်ရှောက်ချင်တာ"

"မေနန်းရော ဦးဦးရော စိတ်ချပါ။ ခေတ်ကို ကျွန်တော် ဂရုစိုက်မှာပါ။ မေနန်းတို့သာ ကျန်းမာအောင်နေပါ။ ခေတ်အတွက် ဘာမှ စိတ်မပူနဲ့။ ကျွန်တော်အားလုံး တာဝန်ယူတယ်"

"သားစေလည်း နေကောင်းအောင်နေနော်။ တစ်ခုခုဆို မေနန်းတို့ကို ချက်ချင်းအကြောင်းကြား သိလား"

"အလွတ်တောင်ရနေပြီ မေမေရာ"

သားကို စိုးရိမ်သည်ပြောလိုက်၊ သားစေကို ပြောလိုက်နှင့် သားနှစ်ယောက်ကြား မှာတမ်းခြွေကာ ဗျာများနေသည့်မေမေ့ကို ခေတ် စ,လိုက်၏။

ဖခင်သည် သားနှစ်ယောက်ကို သဘောတကျကြည့်နေပြီး မိခင်ကတော့ မျက်ရည်စများကြားမှ ပြုံး၏။ ကိုကိုကတော့ သူ့အဆိုးလေးကို မနိုင်ဘူးဆိုသည့် သဘောနှင့် ခေါင်းခါ၏။

******

"ဒါဆို အခုအခြေအနေက ဘယ်လိုရှိလဲ"

"အခုကတော့ သူကောင်းချင်တဲ့အချိန်ကျ အေးဆေးပဲ။ တစ်ခါတလေကျ ဒေါသတွေ ထွက်လာပြန်ရော။ အဲဒီအချိန်ကျရင်တော့ ငါ့အပေါ် ပေါက်ကွဲတာပေါ့။ ဒီလိုပဲ ချော့ချော့မော့မော့နဲ့ ပြန်ထိန်းရတာပဲ။ ဒါပေမဲ့ အရင်ကလောက်တော့ မဆိုးတော့ပါဘူး။ နောက်ပိုင်း တော်တော်ငြိမ်လာတယ် ပြောရမယ်"

ကျော်ထက်အောင်နှင့် စိမ်းမို့မို့ အိမ်လည်လာသဖြင့် ခေတ်အကြောင်း ပြောနေကြခြင်းဖြစ်သည်။

"အပြင်ပန်းမှာ ဘယ်လောက်ပဲ သန်မာပြနေပါစေ၊ သူ့စိတ်ထဲမှာတော့ အားငယ်နေမှာပေါ့"

"ခေတ်က အရင်ကတည်းက ငြိမ်ငြိမ်နေတတ်တဲ့သူမဟုတ်တော့ ပိုဆိုးတာပေါ့။ သူ့အိပ်မက်ကြီးတစ်ခုလုံးကို လက်လွှတ်လိုက်ရသလို ဖြစ်သွားတော့ သူ့အတွက်လည်း ခက်ခဲမှာပဲ"

"မျက်စိမမြင်ရလည်း ဘဝမှာ ရှင်သန်လို့ရသေးကြောင်း သင်ပေးပါကွာ"

"သင်ပေးတာပဲ။ ဒါပေမဲ့ ခေတ်က မျက်စိမမြင်တာကို အရာအားလုံးဆုံးရှုံးသွားသလို ခံစားနေတာ။ တစ်ခုခုဆို သူလုပ်ချင်မိရင် ချက်ချင်းမှကြိုက်တဲ့လူက အခု စိတ်သွားတိုင်းကိုယ်မပါတော့ သူ့ကိုယ်သူ စိတ်တိုင်းမကျတွေဖြစ်နေတာ"

‌"တည်စေ.. ငါအကြံပေးမယ်။ ခေတ်ကို consultation လုပ်ပေးရင်ရော။ Consultant နဲ့ဆိုရင်တော့ သူ့စိတ်ကို ဖွင့်ပေးနိုင်လောက်တယ်။ သူ့စိတ်ထဲမှာ နင့်ကိုမပြောဘဲ မျိုသိပ်ထားရတာတွေ ရှိချင်ရှိနေမှာ။ ဒီတော့ သူ့ကိုယ်သူ စိတ်တိုင်းမကျတာတွေရော၊ အဲဒါတွေရောပေါင်းပြီး ဒေါသတွေဖြစ်နေတာနေမှာ။ သူ့အနားမှာ နင်တစ်ယောက်ပဲရှိတာဆိုတော့ သူ့မှာ ရင်ဖွင့်လို့ရမယ့်သူ မရှိဘဲဖြစ်နေတာ။ ခက်တာက သူက ဘယ်သူ့ကိုမှလည်း အနားအကပ်မခံဘူး။ အဲဒီတော့ ငါကတော့ consultant နဲ့တွေ့ကြည့်ဖို့ပဲ အကြံပေးချင်တယ်"

"ဟုတ်တယ် တည်စေ။ ငါလည်း အဲလိုလုပ်စေချင်တယ်"

စိမ်းမို့နှင့်ကျော်ထက်အောင်က အတွေးတူကြသည်။

"ငါလည်း စဉ်းစားမိတယ်။ ငါ့မိတ်ဆွေ consultant တစ်ယောက်နဲ့လည်း ပြောထားပြီးပြီ။ သူခရီးကပြန်လာရင် လာလိမ့်မယ်"

ခွမ်း

ဖန်ခွက်ကျကွဲသံကြောင့် သုံးယောက်လုံးနောက်လှည့်ကြည့်လိုက်တော့ ဖန်ခွက်သည် ကျကွဲခြင်းမဟုတ်ဘဲ ချခွဲခံလိုက်ရခြင်းဖြစ်ကြောင်း ‌တွေ့လိုက်ရသည်။

"ခေတ်"

ခေတ်၏အခြေအနေအရ နှစ်ယောက်လုံး အောက်ထပ်သို့ပြောင်းနေကြပြီး ကြမ်းပြင်တွင် လမ်းလျှောက်ဖုလေးများ ခင်းပေးထားသဖြင့် တစ်အိမ်လုံးကို စိတ်ကြိုက်သွားနိုင်နေသောခေတ်သည် ရေသောက်ရန်ထွက်လာစဉ် သူတို့ပြောသောစကားများကို ကြားသွားပြီး လက်ထဲမှဖန်ခွက်ကို ကိုင်ပေါက်လိုက်ခြင်း။

"ခေတ်"

စေ ခေတ်ဆီသို့ အပြေးထသွားသော်လည်း ခေတ်ကတော့ သူ့ကို အထိမခံ။ သူ့လက်ကိုပုတ်ထုတ်၍ အခန်းရှိရာသို့ ပြန်လှည့်သွား၏။ စေ နောက်မှလိုက်ဝင်ပြီး တံခါး လော့ချလိုက်သည်။

"ခေတ်"

"ကျွန်တော်မရူးဘူး"

"ခေတ် ကိုကိုက..."

"ကျွန်တော်မရူးဘူး.. ကျွန်တော်မရူးဘူး..... ကျွန်တော်မရူးဘူးလို့။ ကျွန်တော်က စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့သူလည်း မဟုတ်ဘူး"

"ခေတ်အထင်မှားနေပြီ။ ခေတ်စိတ်က ပုံမှန်ပဲဆိုတာ ကိုကိုသိတယ်။ Consultation ရဲ့ သဘောတရားကို ခေတ်လည်း နားလည်ပါတယ်။ ကိုကိုက ခေတ်ကို ကျွမ်းကျင်တဲ့ consultant နဲ့ ဆွေးနွေးစေချင်တာ။ ခေတ်စိတ်ထဲရှိတာတွေ သူ့ကို ပြောပြလို့ရတယ်။ သူက ခေတ်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်လိမ့်မယ်။ ခေတ် သူနဲ့တွေ့ပြီး..."

"မတွေ့ဘူး။ ဘယ်သူနဲ့မှ မတွေ့ဘူး။ အရာအားလုံးကို ကိုကို့စိတ်ကြိုက် မစီစဉ်နဲ့"

"ကိုကိုက ခေတ်အတွက်ပြောနေတာ။ ခေတ်ကို စိတ်ဓာတ်ကြံ့ခိုင်လာအောင်..."

"ကိုကိုက ကျွန်တော့်စိတ်ကို ဘယ်လောက်နားလည်နေလို့လဲ။ ကျွန်တော်ဘာတွေ စဉ်းစားနေလဲ ကိုကိုသိရဲ့လား။ ကျွန်တော်ဘယ်လောက်ကြောက်နေလဲ ကိုကိုသိလို့လား။ ကျွန်တော် အသက်ရှင်ချင်သေးရဲ့လားတောင် ကိုကိုသိလို့လား။

... မသိဘူးမလား။ ကိုကိုသိတာ ကိုကိုစီစဉ်ပေးတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်နေဖို့ပဲ မလား။

... ကိုကိုက ကိုကိုတို့ လူကောင်းတွေဘက်က မြင်တဲ့အမြင်နဲ့ပဲ သိတာ။ ကျွန်တော်နေရာက တစ်ခါတောင် ဝင်စဉ်းစားကြည့်ဖူးလား။ ကျွန်တော် နေရတာ ဘယ်လောက်တောင် စိတ်ကုန်နေလဲ ကိုကိုသိလား။ ကျွန်တော်လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့ဘဝကို ကျွန်တော်ဘယ်လောက် စိတ်ကုန်နေလဲ ကိုကိုသိလား။ ကိုကို့ကြောင့်... ကိုကို့ကြောင့်သာ...။

... ကျွန်တော့်ကို စိတ်ဓာတ်ကြံ့ခိုင်တာတွေ၊ မကြံ့ခိုင်တာတွေ လာမပြောနဲ့။ ကျွန်တော်မြင်ချင်တာတွေ မမြင်နိုင်တာ၊ ကျွန်တော်လုပ်ချင်တာတွေ မလုပ်နိုင်တာ.. ဒီလိုဘဝမှာ ကျွန်တော်က စိတ်ဓာတ်ကြံ့ခိုင်ချင်မယ် ထင်နေလား။ ကိုကို ဘယ်လိုတွေ စဉ်းစားနေတာလဲ"

မျက်နှာတင်မက လည်ပင်သားများပါနီရဲလာသည်အထိ ဒေါသတကြီး အော်နေသည့်ခေတ်။

"ဒါဆို ခေတ်က ဘယ်လိုဖြစ်ချင်လို့လဲ။ အိမ်ထဲမှာပဲ ပုန်းနေတော့မှာလား။ ဘာလို့နည်းနည်းမှ မကြိုးစားကြည့်တာလဲ"

"ဘယ်သူက ကြိုးစားချင်တယ် ပြောနေလို့လဲ"

"ခေတ်..."

စေ နှုတ်ဖျားမှ စကားလုံးတို့ကို ပြန်မျိုချလိုက်သည်။ နေ့စဉ်နေ့တိုင်း၊ ညစဉ်ညတိုင်း သူနှင့် အနာဂတ်အကြောင်းပြောနေသည့် ခေတ်က ယခုတော့ အသက်ရှင်ချင်စိတ်ပင်မရှိ၊ ကြိုးစားချင်စိတ်ပင် မရှိတဲ့လား။ သူနှင့်ပေးထားသည့် ကတိအထပ်ထပ်က သူစိတ်ချမ်းသာစေရန် ဟန်ဆောင်ပြောနေခြင်းဖြစ်ပြီး ယခု ပေါက်ကွဲထွက်လာသည့်စကားများကသာ ခေတ်၏ ခံစားချက်အစစ်အမှန်လား။

စေ အသံကို အတတ်နိုင်ဆုံး တည်ငြိမ်စေလိုက်ပြီး...

"ခေတ်.. ကိုကိုတို့ ပွင့်ပွင့်လင်းလင်းပြောရအောင်။ ခေတ်စိတ်ထဲမှာရှိနေတဲ့ အတွေးတွေ ကိုကို့ကို အကုန်ပြောပြ။ ခေတ်ရဲ့ ခံစားချက်အစစ်အမှန်တွေကိုပဲ ကြားချင်တယ်"

"ထွက်သွား"

"ခေတ်..."

"ထွက်သွား"

အသံကုန်ဟစ်လိုက်သည့်ခေတ်ကိုကြည့်၍ စေ မျက်လုံးစုံမှိတ် သက်ပြင်းမောကိုချကာ ခေတ်အတွက် အချိန်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။

******

စေ အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဖုန်းပြောနေသည့်ခေတ်ကို ကြည့်နေသည်။ ခေတ် စိတ်ကြည်နေပုံရသည်။ ဖုန်းတစ်ဖက်ခြမ်းမှ နေမခနှင့်သူရိန်သည် စပီကာဖွင့်ပြောနေပုံရပြီး ခေတ်ကတော့ နှစ်ယောက်လုံးနှင့် ရယ်ရယ်မောမော စနောက်နေ၏။

ခေတ်စိတ်က တစ်နေ့ရွှေ တစ်နေ့ငွေ.. စက္ကန့်နှင့်အမျှ ပြောင်းလဲနေတတ်သည်။ ပျော်ရွှင်ရယ်မောနေရင်းမှ ချက်ချင်းဝမ်းနည်းသွားတတ်သည်မျိုးလည်း ရှိသည်။ စိတ်ကြည်နေရာမှ ချက်ချင်းဒေါသထွက်လာသည်မျိုးလည်း ရှိသည်။ သူ့လက်နှင့်တိုက်မိ၍ ပစ္စည်းတစ်ခုခု အောက်ပြုတ်ကျသွားလျှင်ပင် ခေတ်အတွက် ဒေါသထွက်ရန် လုံလောက်သည်။

စေ ခေတ်စိတ်ကြည်နေချိန်တွင် စကားပြောကြည့်ရန် ခေတ် ဖုန်းပြောပြီးချိန်ကို စောင့်နေလိုက်သည်။

"ကိုကို့ခေတ် ဒီနေ့စိတ်ကြည်နေတာလား"

ခေတ်သည် ကြမ်းပြင်တွင်ခင်းထားသည့် လမ်းလျှောက်ဖုလေးများကို အာရုံခံပြီး ဖုန်းတင်ရမည့်စားပွဲဆီသို့ လျှောက်သွား၏။ စေ ခေတ်နောက်မှလိုက်သွားပြီး လက်မောင်းနှစ်ဖက်မှ ဖက်ကာ ပခုံးလေးထက် မေးတင်လိုက်၏။

"ကိုကို့ကို စိတ်ဆိုးနေတုန်းလား"

"ကိုကိုတို့ စကားပြောရအောင်"

စေ ခေတ်ကို ပိုတင်းသွားအောင်ဖက်လိုက်ပြီး ခေတ်လည်တိုင်သို့ မျက်နှာနှစ်ကာ...

"ခေတ်စိတ်ထဲ ဘာတွေတွေးနေလဲ ပြောပြ"

"မရှိဘူး၊ ဘာအတွေးမှမရှိဘူး"

"ရှိတယ်။ ခေတ်စိတ်ထဲမှာ ကိုကိုမသိတဲ့အတွေးတွေ ရှိတယ်။ ပြီးတော့ ခေတ်ကြောက်နေတယ်ဆိုတာ ဘာကိုလဲ။ ဘာကိုကြောက်နေတာလဲ ကိုကို့ကိုပြော"

"ကျွန်တော် consultant နဲ့ မတွေ့ချင်ဘူး"

"ဒါဆို ခေတ် ကိုကို့ကို အမှန်အတိုင်းပြောမှဖြစ်မယ်။ ခေတ်အတွေးတွေ၊ ခေတ်ကြောက်နေတဲ့အရာတွေ အားလုံး ကိုကို့ကို ပြောပြ။ ဒါမှ ဘာပဲလုပ်လုပ် ကိုကို့အမြင်နဲ့ပဲမဟုတ်ဘဲ ခေတ်ရဲ့ခံစားချက်ကိုပါ ထည့်စဉ်းစားနိုင်မှာ။ ခေတ် ကိုကို့ကိုလိမ်ညာနေရင် ခေတ်ရော ကိုကိုရော ပင်ပန်းရလိမ့်မယ်"

စေ မျက်လုံးများမှိတ်ထားလျက်...

"အရင်ဆုံး ခေတ်တွေးနေတာတွေ ပြောပြ"

"ကျွန်တော်ဘယ်တော့မှ ပြန်မမြင်ရတော့ရင် ဘယ်လိုလုပ်မလဲ။ တစ်သက်လုံးပြန်မမြင်နိုင်တော့ရင် တစ်သက်လုံး ဒီလိုပဲ နေသွားရတော့မှာလား။ ကျွန်တော် မနေနိုင်ဘူး။ အခုဖြစ်နေတာတွေ ဘာတစ်ခုမှ ကျွန်တော်မကြိုက်ဘူး"

စေ ခေတ်လည်တိုင်ထက် တိုးဝှေ့ပွတ်သပ်လိုက်သည်။

"ကိုကိုပြောတဲ့အားပေးစကားတွေကလည်း အပ်ကြောင်းထပ်နေပြီ။ မျက်စိမမြင်ရတာနဲ့ အရာအားလုံးဆုံးရှုံးသွားတာမဟုတ်ဘူး၊ ကျွန်တော်လုပ်နိုင်တဲ့ တခြားအရာတွေရှိ‌သေးတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တကယ်လုပ်ချင်တာတွေတော့ မလုပ်နိုင်တော့ဘူး။ တစ်သက်လုံး၊ ဘယ်တော့မှ လို့ တွေးလိုက်တာနဲ့တင် ကျွန်တော့်စိတ်တွေ အလဲလဲအပြိုပြိုဖြစ်ရတယ်"

"ခေတ်..."

"ကိုကိုမနှစ်သိမ့်ပါနဲ့တော့။ ကိုကို့ရဲ့နှစ်သိမ့်မှုတွေက လုံလောက်တာထက် ပိုနေပါပြီ။ တခြား ဘယ်သူ့ရဲ့ ဆွေးနွေးနှစ်သိမ့်မှုမှလည်း မလိုအပ်ဘူး။ အဲဒါက ကျွန်တော့်စိတ်ကို ပိုပင်ပန်းစေတယ်။ လူတွေနှစ်သိမ့်လေ ကျွန်တော်ပိုပင်ပန်းရလေပဲ။ ကျွန်တော့်ခံစားချက်ကို သူတို့နားမလည်ဘူး"

"ဒါပေမဲ့ ခေတ် အခုလို နေနေတာကြီးကလည်း မဟုတ်သေးဘူးလေ။ ခေတ်က အားနည်းတဲ့သူမဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ အခုက အမှန်တရားကနေ ရှောင်ပုန်းနေသလိုဖြစ်နေတယ်။ အမှန်တရားကို လက်ခံပြီး သတ္တိရှိရှိရင်ဆိုင်နိုင်တဲ့အထိ ကြံ့ခိုင်ဖို့လိုတယ်"

"အချိန်ပေးပါ။ ကျွန်တော့်ကို အချိန်ပေးပါ။ ကိုကို့စေတနာကိုနားလည်ပေမဲ့ ကျွန်တော့်အတွက် အချိန်လိုတယ်"

"ခေတ်အတွက် မလွယ်ကူဘူးဆိုတာ သိပါတယ်။ ကိုကို ဆန္ဒတွေစောသွားတယ်။ တောင်းပန်ပါတယ်။ ဒါပေမဲ့ ခေတ်လည်း ကိုကို့အပေါ် ပွင့်လင်းပေး။ ခေတ်တစ်ယောက်တည်း ကြိတ်မခံစားဘဲ ခေတ်ခံစားနေရတာတွေ ကိုကို့ကို သိခွင့်ပေး။ ဒါမှ ကိုကိုက ခေတ်အတွက် စဉ်းစားပေးလို့ရမှာ။ အရင်က ခေတ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကိုကိုစီစဉ်ပေးသလိုတွေ နေခဲ့ရတော့ စိတ်ပင်ပန်းရတယ်။ စောစောကသာ ဒီလိုတွေပြောခဲ့ရင် ခေတ် စိတ်ပင်ပန်းရမှာမဟုတ်ဘူး။

... ခေတ်ကြောက်တယ်ဆိုတဲ့အရာကရော ဘာလဲ"

ခေတ် ပြန်မဖြေတော့ပေ။ စေ ခေတ်ကို ပခုံးမှကိုင်ကာ သူ့ဘက်သို့ လှည့်စေလိုက်ပြီး...

"စကားတွေအများကြီးပြောလိုက်ရတာ ကိုကို့ခေတ်လေး ပင်ပန်းသွားပြီ။ ဒါပေမဲ့ အခုလိုပြောလိုက်တော့ စိတ်ထဲပေါ့သွားတယ်မလား။ အခုတော့ အနားယူလိုက်အုံး။ အိပ်ချိန်လည်းရောက်နေပြီ"

စေ ခေတ်ကို ခုတင်ပေါ်တွင် နေရာတကျ အိပ်စက်အနားယူစေလိုက်သည်။ ခေတ်ဘေးနားတွင် ထိုင်စောင့်ရင်း ခေတ်အိပ်ပျော်သွားပြီထင်ရမှ ထသွားရန်ပြင်တော့...

"ကျွန်တော်ကြိုးစားပါ့မယ်။ ကိုကိုစီစဥ်‌ပေးတဲ့အတိုင်း လိုက်လုပ်နိုင်အောင် ကြိုးစားပါ့မယ်"

စေ ခေတ်နဖူးပေါ်မှ ဆံနွယ်လေးများကို သပ်တင်ပေးရင်း...

"ခေတ်လုပ်နိုင်ပါတယ်။ အချိန်ပဲလိုတာပါ။ ခေတ်အဆင်သင့်ဖြစ်တဲ့အချိန်ကျမှ ကိုကိုတို့ စကြမယ်။ အခုတော့ ဘာမှမတွေးဘဲ အိပ်ပျော်အောင်အိပ်တော့"

******

~~~ See the pyramids along the Nile ~~

~~ Watch the sunrise on a tropic isle ~~

~~ But just remember, darling, all the while ~~

~~ You belong to me ~~

~~ See the marketplace in old Algiers ~~

~~ Send me photographs and souvenirs ~~

~~ Just remember when a dream appears ~~

~~ You belong to me ~~

ခေတ်ကို တစ်အိမ်လုံးအနှံ့ လိုက်ရှာရင်း နောက်ဆုံးတွင် ခြံထဲမှ ခုံတန်းလေးပေါ် တွင် ဂီတာတီးနေသည်ကို တွေ့လိုက်ရသည်။ ပြန်ရောက်စက အခန်းတွင်းအောင်းကာ မပြင်မထွက်သော ခေတ်သည် ယခု အိမ်ထဲနှင့် ခြံထဲတွင်တော့ နေရာအနှံ့ သွားတတ်နေပြီ။

ကြမ်းပြင်နှင့် လျှောက်လမ်းပေါ်တွင် လမ်းလျှောက်ဖုလေးများ ခင်းပေးထားပြီး နံရံများတွင်လည်း အမှတ်အသားများ လုပ်ပေးထားသောကြောင့် ခေတ်အတွက် သွားလာလှုပ်ရှားရ အဆင်ပြေသည်။ လေးဆစ်ပါ လမ်းလျှောက်တုတ်လေးကလည်း အကူအညီဖြစ်စေသည်။

လမ်းပြခွေးလေး မွေး‌ပေးချင်သော်လည်း ခွေးမချစ်တတ်သောခေတ်က လက်မခံသောကြောင့် walking stick လေးသာ ဝယ်ပေးထားရသည်။ သို့သော် တုတ်ကိုင်ရမည်ကို မကြိုက်သည့်ခေတ်သည် ခြေထောက်မှ အထိအတွေ့ကိုသာ ပို၍ အားကိုးသည်။ ထို့ကြောင့် ခေတ်သွားမည့်လမ်းတစ်လျှောက် အတားအဆီးမှန်သမျှ ဖယ်ရှားပေးထားရသည်။

အပတ်စဉ်ပို့‌ပေးနေကျ အမြင်အာရုံချို့တဲ့သူများ တွေ့ဆုံပွဲကြောင့်လည်း စိတ်အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။ တစ်ပတ်အတွင်း ပြုလုပ်ခဲ့သည်များကို ပြန်ပြောကြသည့် စကားဝိုင်းတွင် တစ်ခွန်းစ၊ နှစ်ခွန်းစ ဝင်ပြောတတ်နေပြီ။

ပြင်ပလောကနှင့် ပြန်လည်ထိတွေ့နိုင်ရန် ခေတ်စိတ်ကို ကြိုးစားပြင်ဆင်ခဲ့ရသည်။ စေရော ခေတ်ရော နှစ်ယောက်လုံး ပင်ပန်းခဲ့ရသည်။

~~ I'll be so alone without you ~~

~~ May be you'll be lonesome, too, and blue ~~

~~ Fly the ocean in a silver plane ~~

~~ See the jungle when it's wet with rain ~~

~~ Just remember till you're home again
~~

~~ You belong to me ~~~

သီချင်းဆိုနေသည်ကို ရပ်ကြည့်နေရာမှ ဖြည်းဖြည်းချင်းလျှောက်သွားတော့ ဂီတာကြိုးကို ‌ဆော့ကစားနေသည့် လက်ချောင်းတို့ ရပ်တန့်သွားပြီး သူရှိရာအရပ် မျက်နှာမူကာ ပြုံးပြရှာ၏။ ကလေးငယ်သည် အမြင်အာရုံ ဆုံးရှုံးပြီးနောက်ပိုင်း အခြားအာရုံများ ပိုမို အားကောင်းလာခဲ့သည်။

"ခေတ်က ဒီရောက်နေတာလား။ ကိုကိုက လိုက်ရှာနေတာ"

"ဘာလို့လဲ"

"မာမီဖုန်းဆက်တယ်"

ခေတ်ဘေးနားဝင်ထိုင်ရင်း ပြောတော့ မျက်နှာပျက်သွားသည်မှာ သိသိသာသာ။ မြန်မာပြည် ပြန်ရောက်ကတည်းက မာမီ့အပေါ် စိမ်းကားနေသည့် ခေတ်၊ မာမီ့အိမ်သို့ ခေါ်မရသည့်ခေတ်ပါလေ။

"မာမီက အိမ်ပြန်ခဲ့ပါဦးတဲ့"

ဂီတာကို ဘေးချကာ ခေါင်းငုံ့နေသော ခေတ်သည် နှုတ်ဆိတ်ခြင်းဖြင့် ငြင်းဆန်၏။ စေ သက်ပြင်းချ၍သာ ခေတ်ဘေးမှ ဂီတာကို လှမ်းယူလိုက်သည်။ ထို့နောက် တစ်ချက် နှစ်ချက်စမ်းကာ မတိုင်မီက ခေတ်တီးနေသောသီချင်းကို ပြန်လည်တီးခတ်လေသည်။ ဘေးမှခေတ်သည်လည်း စေနှင့်အတူ ညင်းညင်းသဲ့သဲ့ လိုက်ကာညည်း၏။

~~~ Just remember, darling, till you're home again~~

~~ That you belong to me ~~~

သီချင်းဆုံး၍ စေ ဂီတာကို ဘေးချလိုက်တော့...

"ဗိုက်ဆာတယ်"

"ဘာစားချင်လို့လဲ"

"sandwich"

"သွားယူပေးမယ်"

"လိုက်မယ်"

အိမ်ထဲသို့ မုန့်သွားယူရန် လိုက်မည်ပြောတော့ ဒုက္ခအိုးလေးရှေ့ ကျောပေးကာ ဒူးထောက်ပေးရ၏။ ကလေးငယ် ကျောပေါ်ရောက်သည်နှင့် ဂုဏ်ယူကျေနပ်နေသည့် စီးတော်ယာဉ်ကြီးသည် sandwich ယူရေး ခရီးစဉ် စတင်၏။

"ကိုကို တူနာ"

"အိုကေ ရမယ်။ တူနာ"

"ဒီမှာပဲ စားတော့မယ်"

မည်မျှဗိုက်ဆာနေသည်မသိ၊ လက်ထဲထည့်ပေးသည့်မုန့်ကို ပါးစပ်နှင့်အပြည့် ကိုက်ချ၏။ ထို့ကြောင့် စေ ခေတ်လက်ထဲမှ sandwich ကို ပြန်ယူလိုက်သည်။

"လည်နင်မယ်၊ ဖြည်းဖြည်းစား"

နှုတ်ခမ်းပေါ်ပေနေသော မုန့်စလေးများအား လက်မဖြင့် သုတ်ပေးရင်းပြောတော့ စွန့်ကြဲလိုက်သည့်အပြုံးလေးက နှစ်လိုဖွယ်အတိ။

ကလေးငယ်သည် မုန့်စားရင်း အလုပ်ရှုပ်နေသကဲ့သို့ ကိုကိုသည်လည်း ခေတ်ကို မုန့်ခွံ့ကျွေးလိုက် သူကိုယ်တိုင်စားလိုက်နှင့် အလုပ်ရှုပ်နေ၏။ စေ ခေတ်ကို မုန့်ကျွေးနေရင်းမှ...

"ခေတ်.. ကိုကိုတို့က ဘာတော်တာလဲ"

"ညီအစ်ကိုလေ"

ခေတ်အဖြေကြောင့် စေပြုံးရသည်။

"ဟုတ်လို့လား"

စေမေးလိုက်တော့ အဖြေပြန်မပေး။ မုန့်အတွက်သာ ပါးစပ်ဟပေး၏။ စေ ခေတ်ကို မုန့်ခွံ့လိုက်ပြီး ခေတ်လက်ကလေးအား ဆုပ်ကိုင်လိုက်၏။

"ခေတ် စောစောက ကိုကိုမေးတော့ ခေတ်က ညီအစ်ကိုတွေလို့ ပြန်ဖြေတယ်နော်"

စေ ခေတ်မျက်နှာကို ကြည့်ရင်း စကားဆက်၏။

"ကိုကိုတို့တောင် ညီအစ်ကိုဆိုတဲ့ စိတ်ပဲ စွဲနေသေးတာ မာမီတို့ဆို ဘယ်လိုနေမလဲ... ဟင်။ သူတို့လည်း ကိုကိုတို့ကို ညီအစ်ကို‌တွေလို့ပဲ စွဲနေမှာပေါ့။ ချက်ချင်းလက်ခံလိုက်ဖို့ ခက်ခဲမှာပေါ့။ ဒါကို ကိုကိုနဲ့ခေတ်က နားလည်ပေးရမှာပေါ့"

ခေတ်ပါးစပ်ထဲမှ မုန့်ကုန်သွားတော့ စေ ခေတ်ကို ရေတိုက်ရ၏။ ယခင်က စေ့အကူအညီယူရန် တွန့်ဆုတ်နေသော ကလေးငယ်သည် စိတ်အခြေအနေ ကောင်းလာပြီးနောက်ပိုင်း အရာရာ စေ့လက်သာ ပြန်ဖြစ်လာသည်။ ပို၍လည်း ချွဲလာသည်။ ပို၍လည်း အချစ်ပိုရပါသည်။

"မာမီတို့က ခေတ်ကို ချစ်ပါတယ်။ မာမီ ခေတ်ကို ဘယ်လောက်ချစ်လဲ ခေတ်အသိဆုံး။ သူ့ သားခေတ်လေးကို သားအရင်း ကိုကို့ထက်တောင် ပိုဦးစားပေး၊ ပိုအလိုလိုက်ခဲ့တာ မဟုတ်ဘူးလား။ ခေတ် သိပါတယ်"

"အရင်ကပါ"

"မဟုတ်တာ ခေတ်ရာ။ အခုလည်း ချစ်ပါတယ်။ အခု ခေတ်နေရာမှာ ခေတ်မလို့၊ ခေတ်ဖြစ်နေလို့ မာမီက ကြည်ကြည်ဖြူဖြူ လိုက်လျောထားတာ။ ခေတ်နေရာမှာ တခြားသူဆို မာမီက အလျှော့ပေးမယ် ထင်နေလား။ ဒါ ခေတ်မလို့၊ ခေတ်ဖြစ်နေလို့ရတဲ့ မေတ္တာတွေ။ တခြားတစ်ယောက် မရနိုင်တဲ့ မေတ္တာတွေ ခေတ်။ အခုဆို ကိုကိုတို့ကို ဘာမှ မပြောတော့ဘူးလေ။ ဒါ ကိုကိုတို့ကို လက်ခံတယ်ဆိုတဲ့ သဘောပေါ့"

"မဟုတ်ပါဘူး။ ကျွန်တော့်ကို သနားလို့ပါ။ ကျွန်တော်တို့ကို ချစ်တယ်ဆိုရင်၊ ကျွန်တော်တို့ကို စိတ်ချမ်းသာစေချင်ရင် အစကတည်းက လက်ခံပေးရမှာပေါ့။ မာမီ ကျွန်တော့်အပေါ် ဘာလုပ်ခဲ့လဲ ကိုကိုမသိလို့လား။ ကျွန်တော်အခုလို ဖြစ်ရတာ မာမီကြောင့် မဟုတ်ဘူလား။ မာမီက ကိုကို့ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်တာလား။ ကျွန်တော်ဖြစ်နေလို့ လက်မခံနိုင်တာလား။

... ကျွန်တော်ဖြစ်နေလို့ရတဲ့မေတ္တာတွေလို့ မပြောနဲ့။ ကျွန်တော်ဖြစ်နေလို့ ကန့်ကွက်ခဲ့ခြင်းတွေလို့ပြော"

"မဟုတ်ပါဘူး။ ခေတ်ဖြစ်နေလို့ မဟုတ်ဘူး။ မာမီက ကိုကို့ကို ပုံမှန်အမျိုးသားတွေလိုပဲ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်စေချင်တာ။ အဲဒါကြောင့်လည်း မှုံနံ့သာနဲ့ အတင်းစီစဉ်တာပေါ့"

"ကျွန်တော်ကတော့ မသိဘဲနဲ့ မာမီအရူးလုပ်သမျှ ခံခဲ့ရတာပေါ့။ ကြောက်လွန်းလို့.. ကိုကို့မာမီကို ကြောက်လွန်းလို့။ ဒီတစ်ခါ ထပ်ယုံစားလိုက်ရင် ကျွန်တော့်ကို ကိုကို့ဘေးကနေ ဘယ်အထိ လွင့်ထွက်သွားအောင် လုပ်ပစ်မလဲ မပြောနိုင်လို့"

"ခေတ်"

မည်မျှပြောပြော နားမလည်သည့်ခေတ်ကြောင့် စေ့အသံ ကျယ်သွားရသည်။

"မအော်နဲ့။ ကိုကိုလည်း အတူတူဖြစ်ခဲ့တာပဲ။ ကျွန်တော်အရူးလုပ်ခံနေရမှန်း သိသိနဲ့ ဘေးကနေ ကြည့်နေခဲ့တာပဲ။ သားလိမ္မာပီသခဲ့တာပဲ။ အခုတောင်..."

ဒေါသနှင့်အော်နေသည့်ခေတ် စကားစကို ရပ်လိုက်ပြီး ခေါင်းငုံ့သွား၏။ ထို့နောက်...

"အခုဆို ကျွန်တော်က မျက်စိမမြင်တဲ့.. မျက်ကန်းတစ်ယောက်..."

"ခေတ်.. တော်ပြီ တော်ပြီ ဆက်မပြောနဲ့တော့"

စေ ခေတ်ဘေး မတ်တပ်ရပ်လိုက်ပြီး ခေတ်ကိုဖက်ကာ စကားတို့ကို ရပ်တန့်စေလိုက်သည်။ သူ့နှလုံးသားကို ဆုပ်ဖြဲပစ်မည့် စကားတို့အား မကြားချင်ပါ။ ခေတ်ကိုလည်း မပြော‌စေ၊ မတွေးစေလိုပါ။

"တော်ပါတော့.. ဆက်မပြောပါနဲ့တော့ ခေတ်ရာ။ ကိုကိုက အမြဲတမ်း ခေတ်အတွက်ရှိနေမှာပါ။ ကိုကို ပြတ်ပြတ်သားသား ပြောပြီးသားပါ။ ကိုကိုက ခေတ်အပိုင်ပါ။ မဟုတ်တာတွေ လျှောက်တွေးပြီး ကိုယ့်စိတ်ကိုယ် မနှိပ်စက်ပါနဲ့။

... ကိုကို့ခေတ် ကိုကိုပြောတာ နားထောင်။ တည်မြဲစေဆိုတာ သတိုးခေတ်အပိုင်။ အရင်ကလည်း ခေတ်အပိုင်ပဲ။ အခုလည်း ခေတ်အပိုင်ပဲ။ နောင်လည်း ခေတ်အပိုင်ပဲ။ ကိုကို့ရဲ့ အသက်နဲ့ခန္ဓာ တည်မြဲနေသရွေ့ ကိုကိုက ခေတ်အပိုင်ပဲ။ ခေတ် ကိုကို့ကို ယုံ။ အဲဒါကြောင့် မဟုတ်တာတွေ လျှောက်မတွေးနဲ့.. နော်"

နှစ်ဦးသားကြား ခေတ္တ တိတ်ဆိတ်သွားပြီးနောက်...

"ကိုကိုတို့ အိမ်ပြန်ရအောင်"

"မပြန်ဘူး"

"ပြန်ရမယ်။ ခေတ်စိတ်ရှင်းသွားအောင် ပြန်ရမယ်။ ခေတ်ထင်နေသလိုတွေ မဟုတ်တဲ့အကြောင်း အတည်ပြုပေးရမယ်။ ခဏလောက်တော့ ပြန်ကြရအောင်"

"ကျွန်တော်လည်း မလိုက်ဘူး။ ကိုကိုလည်း မသွားရဘူး"

"မရဘူး။ မလိုက်လို့ မရဘူး။ လိုက်ရမယ်။ မာမီ့အပေါ် ဒီလိုတွေတွေးနေတာ ခေတ်အတွက်လည်း မကောင်းဘူး။ ကိုကိုလည်း စိတ်မချမ်းသာဘူး။ ခေတ်က လိမ္မာပါတယ်။ ကိုကို့စကား နားထောင်ပါ.. နော်"

"ဟင့်အင်း နားမထောင်ဘူး။ ကိုကိုလည်း မပြန်ရဘူး။ မာမီက ဘယ်လိုစကားလုံးတွေနဲ့ ကျွန်တော်တို့ကို ထပ်ခွဲမလည်း မပြောနိုင်ဘူး"

"မရတော့ဘူး၊ ခွဲလို့မရတော့ဘူး။ ကိုကိုတို့က ဘယ်တော့မှ မခွဲတော့ဘူး။ ခဏလောက်တော့ ပြန်ရအောင်ပါ ခေတ်ရာ.. နော်။ ဟိုရောက်လို့မှ ခေတ် မနေချင်တော့ဘူးဆို ပြော။ တစ်စက္ကန့်တောင် ထပ်မနေရစေရဘူး။ ကိုကိုတို့ ချက်ချင်းပြန်လာကြမယ်"

စေ ထိုင်ခုံပေါ် ပြန်ထိုင်ပြီး ခေတ်ကိုယ်လေးကို သူ့ဘက်သို့ လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။

"ခေတ်.. ကိုကိုက ခေတ်အပိုင်ဆိုတာ ဒယ်ဒီနဲ့မာမီ့ကို မပြချင်ဘူးလား။ ကိုကိုက ခေတ်ကို ဘယ်တော့မှ လက်မလွှတ်ဘူးဆိုတဲ့အကြောင်း ကိုကိုကိုယ်တိုင် ‌ဒယ်ဒီနဲ့မာမီ့ကို ပြောတာ မကြားချင်ဘူးလား။ ကိုကို့ဘဝက ခေတ်မရှိလို့ မဖြစ်ဘူးဆိုတာ ခေတ်ရှေ့မှာ မပြောစေချင်ဘူးလား"

"အရင်လိုပဲ ထပ်ဖြစ်လာရင်ရော"

"ဒါဆို ခေတ်က ပြန်ပြောလိုက်ပေါ့။ ကိုကိုက ခေတ်အပိုင်မလို့ မာမီတို့ကို ပြန်မပေးတော့ဘူးလို့ ပြောလိုက်ပေါ့။ ဘာလဲ မပြောရဲဘူးလား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလား။ ကိုကို့ကို ပြန်ပေးလိုက်မှာလား။ ဦးဦးနဲ့မေနန်းကို ခေတ် ဘယ်လိုပြောခဲ့လဲ"

"ကျွန်တော့်ဘာသာ ကန်းရုံမက ကျိုးနေပါစေ၊ မသန်မစွမ်း ဘယ်လိုဒုက္ခိတဘဝမျိုးပဲ ရောက်နေပါစေ၊ ကိုကိုက ကျွန်တော့်အပိုင်ပဲ"

စေ သူဆုပ်ကိုင်ထားသည့် ခေတ်လက်ကလေးကို ညှစ်လိုက်ပြီး...

"ဟုတ်တယ်။ ကိုကိုက ခေတ်အပိုင်။ ခေတ် ဘာပဲဖြစ်နေနေ ကိုကိုက ခေတ်အပိုင်ပဲ။ မာမီတို့က လက်မခံနိုင်ဘူးလို့ ပြောရင် အဲလိုပြန်ပြောလိုက်‌။ ကိုကိုက ခေတ်လက်ကိုဆွဲပြီး ခေတ်ဘက်က ရပ်တည်ပေးမယ်။

...ဒါဆို အိမ်ပြန်ဖို့ သဘောတူလား"

ခေတ္တစဉ်းစားပြီးနောက် လှုပ်ရှားလိုက်သော ခေါင်းတစ်ချက်အညိတ်သည် စစ်မြေပြင်သို့ စစ်ချီတော့မည့် စစ်သူကြီးတစ်ယောက်၏ အားမာန်မျိုးနှင့်၊ ခိုင်မာတည်ကြည်သည့် ဆုံးဖြတ်ချက်မျိုးနှင့်။

ခိုနားရာ (Completed)Where stories live. Discover now