39

4.2K 377 96
                                    

Unicode

မာမီ၏ တစ်ချက်လွှတ်အမိန့်ဖြင့် ညီအစ်ကိုနှစ်ယောက်လုံး မာမီ့အိမ်သို့ ပြန်ရောက်နေကြသည်။ ဒယ်ဒီသည် စီးပွားရေးကိစ္စဖြင့် ပြင်ဦးလွင်သွားသဖြင့် အိမ်တွင် မာမီ၊ စေနှင့် ခေတ်သာ ကျန်ခဲ့သည်။ သားနှစ်ယောက်အတွက် သောကပွေနေသူ မာမီနှင့် မာမီသိမှန်း မသိလေသူ ခေတ်တို့အကြား အရာရာသိနေသူ စေတစ်ယောက် ရတက်မအေးရပေ။ ခေတ်သည် မာမီ့လက်ပေါ်တွင် ကြီးလာသည့်ကလေးဖြစ်သည့်အတွက် ခေတ်၏ အားသာချက်၊ အားနည်းချက်ကို မာမီ ကောင်းကောင်းသိသည်။ ထို့ကြောင့် မာမီနှင့်ခေတ် အတူတူရှိနေမည်ကို စေကြောက်သည်။

သို့သော် ခွဲလို့မရသည့်သားအမိနှစ်ယောက်သည် နံနက်စောစောထ၍ပင် ဈေးသို့ အတူသွားလိုက်ကြသေးသည်။ နေ့လယ်တွင်လည်း မာမီသည် ခေတ်ကို သူ့အနားခေါ်ထားသည်။ ညရောက်လျှင်တော့ နေမခ၊ သူရိန်တို့နှင့်အတူ ခေတ် အပြင်ထွက်တတ်သည်။ ထိုအချိန်မျိုးတွင် မာမီနှင့်စေ စကားပြောကြမြဲ၊ တောင်းပန်ကြမြဲ၊ ကန့်ကွက်ကြမြဲ၊ အတ္တကိုယ်စီ ဆွဲကိုင်ထားကြမြဲ....။

"မာမီ.. ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို မခွဲပါနဲ့တော့။ ကျွန်တော် ခေတ်နဲ့ မခွဲနိုင်ဘူး။ မှုံနံ့သာကိုလည်း လက်မထပ်နိုင်ဘူး။ ခေတ်ကိုလည်း ပြန်မပို့နိုင်ဘူး။ ခေတ်ကလည်း ကျွန်တော့်အိမ်ကနေ ဘယ်မှ မသွားဘူး"

"ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ကလေးမို့ သားအထင်မှားနေတာပါ။ ခေတ်က အမြဲတမ်း သားစိတ်ထဲမှာ ရှိနေလို့ အဲဒါကို အချစ်လို့ ထင်နေတာပါ။ သားစိတ်ထဲမှာ မှုံနံ့သာအတွက် နေရာပေးကြည့်လိုက်။ အချစ်နှစ်ခုကို သား ကွဲကွဲပြားပြား သိလာလိမ့်မယ်"

မာမီသည် စေ့ကို မှုံနံ့သာနှင့် အိမ်ထောင်ချပေးရန် ယခုထိ လက်မလျှော့သေးပေ။

"မဟုတ်ဘူး မာမီ။ ကျွန်တော်အထင်မှားနေတာမဟုတ်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် သေချာတယ်။ မာမီလည်း ဒါကို သိတယ်။ သိသိကြီးနဲ့တော့ ကျွန်တော့်ကို မှုံနံ့သာနဲ့မှ မဟုတ်ဘူး.. တခြားဘယ်မိန်းကလေးနဲ့မှ လက်ထပ်ပေးဖို့ မစီစဉ်ပါနဲ့။ တစ်ဖက်က မိန်းကလေးအပေါ်လည်း အားနာပါဦး။ ပြီးတော့ မာမီ့သားနှစ်ယောက်အပေါ်ကိုလည်း ငဲ့ပါဦး"

ခိုနားရာ (Completed)Where stories live. Discover now