အစိမ်းရောင်သစ်ရွယ်ငယ်လေးဟာ လေပွေနောက်ကို တပျော်တပါးလိုက်ရင်း သစ်ပင်ခြေရင်းဆီ ငြိမ်သက်စွာ ကြွေဆင်းသွားတယ် ။ တနင်္ဂနွေရဲ့ရာသီဥတုက ကြည်လင်လန်းဆန်းနေတာမှ ပုံမှန်မဟုတ်ဘူးလို့တောင် ထင်ချင်စရာပါပဲ ။
ခုံတန်းရှည်ဟာ လူလေးယောက်စာထိ ကျယ်တယ် ။ ရိရှင်းက သူမခေါင်းပေါ်မှာ ကျားသစ်ဘီးကုပ်လေးကို တပ်ထားရင်း ရေခဲမုန့်ကိုအာရုံရောက်နေလေရဲ့ ။
လေသံ တဝူးဝူးကပဲ ပတ်ဝန်းကျင်ဆိတ်ငြိမ်မှုကို ဖြိုခွင်းနေပါတယ် ။
မြင်နေရတဲ့လမ်းရဲ့တစ်ဖက်မှာ မြက်ခင်းပြင်ကျယ်ကြီး ။ ထိုပေါ်မှာ ဆော့နေတဲ့ကလေးတွေရယ် ၊ ဖျာခင်းပြီးအနားယူနေကြတဲ့လူတွေရယ်နဲ့ ပြည့်နေပေမဲ့ တကယ်တမ်းသူတို့ရှေ့တည့်တည့်ကတော့ ချစ်သူနှစ်ယောက် ဖျာပေါ်မှာအတူလှဲပြီး နားနေကြတာပဲဖြစ်တယ် ။
ရိရှင်းရဲ့ညာဘက်မှာ ရှောင်းကျန့်ရှိနေခဲ့ပြီး ဘယ်ဘက်ကတော့ ဝမ်ရိပေါ်ပေါ့ ။ နည်းနည်းကြောင်တောင်တောင်အနေအထားမလို့ လမ်းသွားလမ်းလာတချို့ကတောင် မသိမသာ ခိုးကြည့်သွားတဲ့အထိပဲ ။
amusement park မှာရှိတဲ့ စီးစရာတွေအကုန် ပတ်စီးပြီးတဲ့နောက် ရိရှင်းက မောသွားတယ် ။
ဘေးနားကပ်လျက်မှာ ပန်းခြံလေးတစ်ခုရှိကြောင်းပြောပြီး သူမက နှစ်ယောက်လုံးကို လက်ကဆွဲခေါ်လာတာပဲ ။ ခုံတန်းလေးရောက်တော့ အတူတူထိုင်ရင်း အခြေအနေကိုစောင့်ကြည့်နေပေမဲ့ ..
ဒယ်ဒီကကျောက်ရုပ်တစ်ရုပ်လိုထိုင်နေရင်း ဒီဘက်ကြည့်လိုက်ပြန်တော့လည်း ပါပါးကပိုဆိုးနေတယ် ။ သူမအထင် မျက်တောင်တောင်ခတ်ရဲ့လားပဲ ။
ဆက်ပြီးလေထုက ငြိမ်သက်နေဆဲ ။ ရိရှင်းရဲ့ မျက်လုံးအကြည့်က ဟိုဘက်ဒီဘက်တစ်ချက် ဝေ့လိုက်ရင်း လက်ထဲကရေခဲမုန့်က မြေပြင်နဲ့မိတ်ဆက်သွားလိုက်တယ် ။
"အာ"
အာမေဋိတ်သံက ပီပြင်တယ် ။ သူမ ဘေးဘက်မှာရှိနေတဲ့ နှစ်ယောက်က ပြိုင်တူလှည့်လာတာကိုကြည့်ရင်ပေါ့ ။
"စားတောင်မစားရသေးဘူး ၊ အောက်ကို ကျသွားပြီ"
ခေါင်းကိုကုတ်လိုက်ရင် အရမ်းအိုဗာသွားပြီး ရုပ်ရှင်ထဲကအတိုင်းဖြစ်သွားမှာစိုးလို့ လက်ကိုထိန်းလိုက်ရင်း လွယ်အိတ်ကြိုးကိုပဲဆုပ်ကိုင်ထားလိုက်တယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။