ကော်ဖီဆိုင်ရဲ့ အငွေ့အသက်က ရှေးဆန်ပြီး တစ်ချိန်တည်းမှာပဲ ခေတ်မီနေတယ် ။ ဆန့်ကျင်ဘက်လို မတူတဲ့နှစ်ခုကို ပညာသားပါပါ ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားပုံက အတော်လေး ထူးခြားသိမ်မွေ့ ပြီး ဒါကပဲ လူတွေကို ဆွဲဆောင်ထားနိုင်တဲ့ အဓိကအချက် ဖြစ်လိမ့်မယ် ထင်ပါတယ် ။
သူ့ရဲ့ လက်ချောင်းထိပ်ကလေးတွေဟာ ထုံနေသလို ခံစားရတယ် ။ အရှေ့မှာ သောက်နေကျအရသာနဲ့ ကော်ဖီတစ်ခွက်က ရှိနှင့်နေပြီး သူ့လက်ချောင်းဖြူဖြူရှည်ရှည်တွေက အဲ့ဒီကြွေခွက်ဝိုင်းဝိုင်းရဲ့ ဘေးမျက်နှာပြင်နှစ်ခုကို ဖိကိုင်ထားတာမို့ ထိုထိပ်အဖျားပိုင်းလေးတွေက ဖြူဖျော့နေရင်း ၊ ..လက်တွေကို ဖိနှိပ်ထားရာကနေ ပြန်လွှတ်ကြည့်လိုက်တာနဲ့တခါတည်း တန့်နေဆဲ သွေးတွေက လျှောခနဲ စီးဆင်းလို့ နေရာမှာ အနီရောင်လေး သန်းသွားတော့တယ် ။
ဝမ်ရိပေါ်ဟာ ထိုအတိုင်းပဲ သူ့ရဲ့ လက်ချောင်းထိပ်တွေနဲ့ ကြွေခွက်ကို ထိတွေ့နေခဲ့တယ် ။ အငွေ့တထောင်းထောင်းထနေတဲ့ အပူချိန်ကိုတောင်မှ သတိမမူပါပဲနဲ့ ။
အဲ့ဒီတွေ့ဆုံဖူးပြီးသား အမျိုးသမီးက သူ့ဆီ ဆက်သွယ်လာခဲ့တယ် ။ အဲ့ဒါက ရှောင်းယွမ်ဆိုတဲ့ကလေးလေး သူ့ကြောင့်နဲ့ဆေးရုံရောက်ပြီး နောက်တစ်ရက်မှာပဲ ဖြစ်တယ် ။ အစကတော့ သူမဆီက ဖုန်းကောလ်ကို ရပြီးပြီးချင်း ဝမ်ရိပေါ် ထင်လိုက်တာက သူမကလေးအတွက် သူ့ရဲ့ ပေါ့လျော့မှုကို သူမကိုယ်တိုင် ပြောဆိုချင်လို့ ဆိုပြီးတော့လေ ။
ဒါပေမဲ့ ။ အမှန်တကယ်မှာတော့ ဒါက အကြောင်းအရာနဲ့ တက်တက်စင်လွဲနေခဲ့ပါတယ် ။
ကော်ဖီဆိုင်ရဲ့ ဝိုင်းတစ်ခုတည်းမှာ အတူတူထိုင်နေတဲ့ အမျိုးသမီးက ရောက်လာတာနဲ့ အချိန်မဆွဲပဲ သူ့ကို စကားအချို့ ပြောခဲ့တယ် ။ မြို့ရဲ့ နာမည်ကြီးဆေးစစ်ဓာတ်ခွဲခန်း တံဆိပ်ခေါင်းပါတဲ့ စာအိတ်အကြီးတစ်ခုလည်း အရှေ့မှာ အတူရှိနေတယ် ။
ဘာအသိခံစားမှုမှ မရှိတော့ဘူးလို့ ထင်ရလောက်အောင် တစ်ကိုယ်လုံးက ဟုန်နေပြီး အသည်းနှလုံးက မိုးပေါ်ပျံတက်သွားတဲ့ ပူဖောင်းလိုမျိုး လေနှင်ရာကို လွင့်နေတယ် ။ ကျိုးမင်အာဆိုတဲ့ အမျိုးသမီးက ငြိမ်ငြိမ်လေး ထိုင်နေရင်းပဲ သူ့ရဲ့ အမူအရာကို တိတ်တဆိတ် အကဲခတ်နေခဲ့ပါတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။