•18•

1.7K 229 6
                                    

တနင်္ဂနွေနေ့ မနက်မှာတော့ ရိရှင်းမျက်လုံးတွေ ပွင့်လာခဲ့တယ် ။ နေရောင်က ပြတင်းပေါက်ကိုဖြတ်ပြီး အိပ်ရာပေါ်ထိ ရောက်မလာသေးပေမဲ့ အခန်းကြမ်းပြင်ပေါ်ကိုတော့ ရောက်နှင့်နေခဲ့ပြီ ။

ခန္ဓာကိုယ်ကို အိပ်ရာထဲ ပိုနစ်ဝင်တဲ့ထိ စိတ်ကိုလျှော့ချလိုက်ရင်း မျက်နှာကျက်ကိုကြည့်လို့ ဟိုဟိုဒီဒီတွေးရင်း ငြိမ်သက်နေမိတယ် ။ အလုအယက်တိုးဝင်လာတဲ့ စိတ်ပင်ပန်းမှုတွေက ပျောက်မသွားနိုင်သေးပဲ ဒီနေ့ထိ ရှိနေတုန်းဆိုတာကို ခံစားလိုက်ရတယ် ။ ပြီးတော့ မနေ့က စိတ်လွတ်ပြီးပြောမိလိုက်တဲ့ စကားလုံးတွေကိုရော..။ ထိုအရာတွေဟာ ရုပ်ရှင်အနှေးပြကွက်လိုမျိုး အာရုံထဲမှာ တစ်ခုချင်း ပြန်ပေါ်လာနေတယ် ။

မျက်လုံးကိုဖွင့်ထားပေမဲ့ မြင်နေရတဲ့ မြင်ကွင်းက လုံးဝကြည်လင်မနေသေးဘူး ။ မျက်လုံးပေါ်က မျက်ခွံဟာ သိသိသာသာလေးလံနေပြီး ခေါင်းထဲမှာလည်း မရှင်းရသေးတဲ့ အခန်းတစ်ခုလိုမျိုး ရှုပ်ပွပြီး အုံခဲနေတယ် ။ မနေ့ကတစ်ညလုံး သူမ ငိုနေခဲ့ပြီး တစ်အိပ်ရာလုံး မျက်ရည်တွေနဲ့ စိုရွှဲတဲ့အထိ ဆက်တိုက်ငိုနေခဲ့တယ် ။ပြီးတော့ အဲ့ဒီအတိုင်း အိပ်ပျော်သွားတာပဲ ထင်တယ် ။

နာရီကိုကြည့်လိုက်တော့ 8နာရီ 32မိနစ် ။ မျက်လုံးကို နှစ်ချက်လောက်ပွတ်သပ်လိုက်ရင်း ထထိုင်လိုက်တယ် ။ မျက်နှာပေါ်ကို ရှုပ်ပွစွာကျနေတဲ့ဆံပင်တွေကို လက်နဲ့သပ်တင်လိုက်ပြီးတာနဲ့ ရေချိုးခန်းထဲကို တစ်လှမ်းစီ ဖြည်းဖြည်းချင်း ဝင်သွားလိုက်ပါတော့တယ် ။

••••

ရိရှင်း ထမင်းစားပွဲမှာငြိမ်ငြိမ်ကလေးထိုင်နေတယ် ။ သူမရှေ့မှာတော့ပါပါးက ပေါင်မုန့်ချပ်တွေကို strawberry jam တွေသုတ်နေခဲ့ပြီး ထိုဘေးမှာတော့ လောလောလတ်လတ်ကပဲ ဖျော်ထားပုံရတဲ့ miloခွက်လေးက အငွေ့တထောင်းထောင်းနဲ့ မွှေးပျံ့နေတယ် ။

မနေ့ညက တစ်စိမှ မအိပ်ခဲ့ရသလိုမျိုး ပါပါးမျက်နှာက နွမ်းလျနေတယ် ။ ထိုတရားခံဘယ်သူလဲ ဆိုတာကိုလည်း သူမက သေချာပေါက်သိနေပြန်ပါတယ် ။ ဒါပေမဲ့ ။ မတတ်နိုင်ဘူးပေါ့ ။ ဆယ်ကျော်သက်အရွယ်ရဲ့ စိတ်ကူးဟာ လူကြီးတွေလိုက်မမှီနိုင်တဲ့ ၊ နားမလည်နိုင်တဲ့နေရာမှာရှိနေပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျောက်ဆောင်လိုပဲ ခိုင်မာတယ် ။ သူမကတော့ သူမလုပ်ရပ်တွေကို အခုထိ မှားတယ်လို့ မခံစားရသေးတာမို့ ။ ဒါကြောင့်မို့ သူမလည်းမတတ်နိုင်ပဲရှိနေတယ် ။

BlessingWhere stories live. Discover now