ရိရှင်း စာကြည့်တိုက်အနောက်ဘက်က ခုံတန်းရှည်လေးတွေရှိတဲ့ဘက်ကိုရောက်လာခဲ့ပြီး လွယ်အိတ်ကို ထိုပေါ်ပစ်တင်လိုက်တယ် ။ ဘေးဘီကိုကြည့်လိုက်တော့လည်း လူတစ်ယောက်စ၊ နှစ်ယောက်စ ကလွဲ ကျန်တာမရှိ ။ အင်းလေ ။ ဒါကသာ ပုံမှန်ပါပဲ ။
သစ်ပင်ကြီးတွေ တစ်ပင်ခြား စီတန်းနေတဲ့အောက်မှာ ခုံတန်းလေးတွေလုပ်ပေးထားတာဖြစ်လို့ ဒီနားပတ်ဝန်းကျင်က သာယာရုံမက လေထုကလည်းလတ်ဆတ်ပြီး အတော်နေလို့ကောင်းတယ် ။ ဒါက ကျောင်းခေါင်မိုးထပ်အပြင် သူမနဲ့ဟန်နာရဲ့ နောက်ထပ်နေရာလို့လည်းပြောလို့ရတယ် ။ ခါတိုင်းဆို ဒီနေရာမှာ သူမနဲ့ဟန်နာ စကိတ်ခိုးစီးနေကျ ။ ဟန်နာကတော့ မစီးဘူးပေါ့လေ ။ သူမကိုစောင့်ပေးတာ။ အခုတော့ ဟန်နာလည်းမရှိ ၊ စကိတ်လည်းမပါ ..။
ဟန်နာက သူမမိဘတွေကို လေဆိပ်လိုက်ပို့ရဦးမယ်ဆိုပြီး ဒီနေ့ခွင့်ယူထားတယ် ။ စကိတ်ကတော့ ကျောင်းနောက်ကျမှာစိုးလို့ မြန်မြန်လုပ်ရင်း မေ့လာခဲ့တာပဲ ။
ရိရှင်း ခုံတန်းပေါ်ကို ထိုင်ချလိုက်တယ် ။ ပါးစပ်အားနေတာမို့လွယ်အိတ်ထဲ ဘာစားစရာရှိလဲ ရှာတော့ စုပ်လုံးတစ်ခုတွေ့တာနဲ့ ဖောက်ပြီး ပါးစောင်ထဲထိုးထည့်လိုက်ရဲ့ ။ ဟန်နာ့ချိုချဥ်တွေ သူ့အိတ်ထဲရောက်နေတာနေမှာ ။ မသိဘူး ။ စားလိုက်ပြီ ။
လက်ကို နောက်ကအမှီပေါ်နှစ်ဖက်လုံးတင်လိုက်ပြီး ခြေထောက်ကို ချိတ်လိုက်တယ် ။ ပါးစပ်ထဲက အရသာက သံပရာထင်တယ် ။ အတော်ကို ချဥ်စုပ်စုပ်နဲ့ ။ အင်း..။ သူမဘဝလိုပေါ့..။
ဒီနေ့ အခန်းထဲကို ခြေထောက်ချလိုက်တာနဲ့ တစ်ခုခုကို စပြီး ခံစားမိလိုက်တယ် ။ ကျောင်းချိန်အရမ်းနီးနေလို့ မမှီမှာစိုးလို့တောင် သူမ အမြန်လာခဲ့ရပေမဲ့ အခန်းထဲရောက်တော့အတန်းပိုင်ဆရာစီကျင့်က ဘယ်ဆီနေမှန်းတောင် မသိဘူး ။ သူမမှာတော့ အပြစ်ပေးခံရမှာကြောက်လို့ ပြေးလိုက်ရတာ ။ နောက်တော့ သူမလည်း တော်သေးတာပေါ့တွေးပြီး ဟူးခနဲ လေကို ပါးစပ်ကနေ မှုတ်ထုတ်လို့ ခုံမှာဝင်ထိုင်လိုက်တယ် ။
ခုံကိုရောက်တဲ့တပြိုင်နက် သူမ ဝင်မလာခင်ကြားနေရတဲ့ ပွစိပွစိသံတွေဟာ မီးကိုရေတဲ့ငြိမ်းစေလိုက်သလို ရှဲခနဲငြိမ်ကျသွားပြီး ဆရာ မလာသေးလို့ နေရာမှာမထိုင်ကြသေးပဲ ရုန်းစုရုန်းစု လုပ်နေတဲ့လူတွေဟာ သူမကို ပေါ်တင်တစ်မျိုး၊ မသိမသာတစ်ဖုံ ကြည့်နေကြတာမို့ သေချာပေါက် တစ်ခုခုဖြစ်နေပြီဆိုတာ သူမ သိသလိုလိုပဲ ။ အမှန်အတိုင်းပြောရရင် သူမ သေချာသိပါတယ် ။ ဒါက ရင်းနှီးခဲ့ဖူးပြီးသား အဖြစ်အပျက်တစ်ခုနဲ့ ဆင်တူနေတယ် ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။