ညတစ်နာရီကျော်နေပြီ ။
ကျန်းဖန်ရှင်း ဘော့စ်အတွက် ကော်ဖီဝယ်ပြီး ပြန်ဝင်လာတော့ အရေးပေါ်ဌာနရဲ့အရှေ့မှာ ကြော်ပြီးသားအီကြာကွေးလို ကပ်နေတဲ့ နှစ်ယောက်ကို တန်းတွေ့လိုက်ရတယ် ။
ဘော့စ်က ဒီဘက်ကို မျက်နှာမူထားတာမို့ သူဝင်လာတာကို တန်းမြင်တယ် ။ ဒါနဲ့ သူလည်းပဲ ဝမ်းသာအားရနဲ့ ဘော့စ်သွားဝယ်ခိုင်းထားတဲ့ ကော်ဖီဒီမှာပါလာပြီဆိုတဲ့အကြောင်းကို မြှောက်ပြလိုက်စဥ်မှာပဲ ဘော့စ်က ရုတ်တရက် မျက်နှာပြောင်းသွားပြီး တစ်ဖက်လူရဲ့ ကျောပေါ်ကို ဖြည်းဖြည်းချင်း သပ်ချပေးနေတဲ့ လက်တစ်ဖက်က ချက်ချင်းဆိုသလို မြောက်တက်လာရင်း သူ့နှုတ်ခမ်းနားသူ လက်ညှိုးထောင်ပြလို့ ရှူးဆိုအသံမထွက်နဲ့ လုပ်ကာ ထိုလက်က လက်ချောင်းတွေနဲ့ပဲ ဆန့်ကျင်ဘက်အရပ်ကို ခါပြလာတယ် ။
"အမ်?"
အတွင်းရေးမှူးဖန်ရှင်း သူ့နှာခေါင်းပေါ်က မျက်မှန်ကိုင်းကို ပင့်တင်လိုက်တယ် ။ မျက်လုံးလေးပြူးလို့ အစမှာတော့ အနည်းငယ်လေး ကြောင်တောင်တောင်ဖြစ်သွားရင်း နောက်ကျတော့ တစ်ခုခုကို သတိရသွားသလိုနဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြီး မေးလိုက်တယ် ။
"ကျွန်တော် သွားရမှာလား"
"ဟုတ်တယ်"
ဘော့စ်က စကားလုံးတစ်လုံးတည်းကို ပါးစပ်လှုပ်ရုံ ဖြေလာတယ် ။ မျက်နှာအမူအရာပါ အပြည့်အစုံနဲ့ သူပြောတဲ့ ထိုအကြောင်းအရာ မှန်ကန်ကြောင်းကို ထောက်ခံနေပြီး 'သွားတော့'လို့ လှုပ်ပြနေတဲ့ လက်က ပိုတောင်မှပဲ ခါလာခဲ့သေးတယ် ။
"သြော်..ဟုတ်ကဲ့"
ထို့နောက် သနားစရာကောင်းတဲ့ အတွင်းရေးမှူးဖန်ရှင်းလေးဟာ သဘောပေါက်စွာနဲ့ ခေါင်းငြိမ့်ပြလို့ ထွက်သွားဖို့လုပ်လိုက်တယ် ။ ဒါပေမဲ့ နေဦး ။ သူ့မှာ ဘော့စ်ကို တင်ပြစရာတွေ ကျန်သေးတယ်လေ ။ သူကော်ဖီသွားမဝယ်ခင်က ဘော့စ်ဖုန်းမှာ မှတ်ထားတဲ့ အသည်းငယ်လေး ဆိုတဲ့နံပါတ်က ဖုန်းဆက်လာတဲ့အကြောင်း ၊ ဘော့စ်မရှိတုန်း ထိုဖုန်းကို သူဖြေလိုက်မိတယ်ဆိုတဲ့ကိစ္စရော ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။