နေ့လယ် တစ်နာရီကျော်လောက် အချိန်ပဲ ။ ဆေးရုံရဲ့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ရှောင်းယွမ်နဲ့အတူ ကျိုးမင်အာရော ၊ ရှောင်းကျန့်ပါ ရှိနေတယ် ။
ဘယ်အချိန်ပြန်သွားခဲ့လဲမသိတဲ့ ဝမ်ရိပေါ်ကိုတော့ ရှောင်းကျန့် သူပြန်ဝင်လာခဲ့ကတည်းက မတွေ့လိုက်ရတာဖြစ်တယ် ။ စိတ်ပူလို့ ဖုန်းဆက်ကြည့်လိုက်တော့မှ သူ အိမ်ပြန်ရောက်နေပြီ ဆိုတဲ့အကြောင်း ရှောင်းကျန့်ကို ပြောပြလာတယ် ။ ရှောင်းကျန့်က 'ကိုယ်တောင်းပန်ပါတယ်'ဆိုတဲ့ စကားကို မပြောရသေးခင် ဝမ်ရိပေါ်က ကြိုသိတဲ့အလား 'ရတယ် ရှောင်းကျန့် ၊ ကျွန်တော် အဆင်ပြေပါတယ် ၊ ကလေးကိုသာ ဂရုစိုက်' လို့ အရင်ကြိုပြောခဲ့တယ် ။
ဒီနေ့လည်း သူရဲ့ ငယ်ကို အားနာရပြန်ပြီပဲ ဖြစ်တယ် ။ ကံမကောင်းစွာနဲ့ပဲ သူအများကြီး ပြင်ဆင်ထားတဲ့ သူတို့ရဲ့ အကြာကြီးနေမှ ပထမဆုံး နေ့လယ်စာ ဒိတ်လေးဟာ အောက်ကျသွားတဲ့ကိတ်မုန့်လိုမျိုး နှမြောစရာကောင်းစွာနဲ့ အခုလိုပျက်စီးသွားခဲ့တယ် ။
အတွေးကိုယ်စီနဲ့ လူနှစ်ယောက် ။ အခန်းထဲက လေထုက တိတ်ဆိတ်နေပြီး အလွန်တရာ နေရခက်နေတယ် ။ ကျိုးမင်အာ ရှောင်းယွမ်ရဲ့ ကုတင်ဘေးမှာ ထိုင်လို့ အသိစိတ်မရှိသူလို ငိုင်နေရာကနေ တိုးလျနေတဲ့အသံနဲ့ စကားစလိုက်တယ် ။
"အကို..အဲ့ဒီကိစ္စက.."
ရှောင်းကျန့် ဆိုဖာမှာ ထိုင်နေရင်း ကျိုးမင်အာကို ကြည့်လိုက်တယ် ။
သူမပြောချင်တဲ့ စကားကို သူအတိအကျ သိတယ် ။ သူတို့နှစ်ယောက်လုံး ဒီဆေးရုံကို ရောက်မလာခင်အထိ ရှောင်းအိမ်တော်မှာ အတူတူရှိနေခဲ့ကြတာ ။ ဆယ်ကျော်သက်မဟုတ်တဲ့ သက်လတ်ပိုင်း ယောကျ်ားတစ်ယောက်ကို လူငါးယောက် ၊ ကားတစ်စီးနဲ့ အပြစ်သားလိုမျိုး ဆွဲခေါ်လာပြီး ရှောင်းဥက္ကဌကြီးက ပြောခဲ့တဲ့ အဲ့ဒီစကား ။
"မင်းတို့ နှစ်ယောက် လက်ထပ်ဖို့ပြင်တော့"
မစ္စယွဲ့က ရှောင်းဥက္ဌကြီးထိုင်နေတဲ့ ထိပ်ဆုံးခုံနဲ့ မျက်စောင်းထိုးအနေအထားဘေးခုံမှာထိုင်နေပြီး သူမ မျက်နှာက အထင်းသားကျေနပ်နေတယ် ။ အကြည့်တွေက ရှောင်းကျန့်ကို သေချာပေါက် စိန်ခေါ်နေတာပဲ ။
YOU ARE READING
Blessing
Fanficမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။