ခန္ဓာကိုယ်ဟာ ပဲ့ကျတော့မတတ် နာကျင်နေတယ် ။ အမှောင်ထုထဲမှာတစ်ယောက်တည်း ကြပ်သိပ်နေပြီး ထွက်ဖို့ရာ လမ်းမရှိဘူး ။ လက်ဖဝါးမှာ ပေစွန်းနေတဲ့ သွေးတွေဟာ ဒီလူပေါင်းများစွာထဲက ဘယ်သူသွေးလဲ..မသိဘူး ။ ခန့်မှန်းလို့ မရဘူး ။ မဟုတ်သေးဘူး.. ။ သူ့ကိုယ်ပေါ်က သူကိုယ်တိုင်ရဲ့ သွေးတွေလည်း ဖြစ်နိုင်တယ် ။
သေလောက်အောင် ရုန်းထွက်ချင်တယ် ။ ကယ်တင်ခံချင်တယ် ။
ဖယောင်းတိုင်မီးရောင်ရဲ့ နံရံပေါ်က အရိပ်တွေလိုမျိုး အဖြစ်အပျက်တွေဟာ ဝေဝါးစွာနဲ့ မှတ်မိနေတယ် ။ ရုတ်တရက်ကြီး အသက်ရှူမရတော့ပဲ ကြောက်လန့်မှုက အလုံးအရင်းနဲ့ ဝင်လာခဲ့ပြီး သတိအားလုံး အမှောင်ကျသွားတယ် ။ အဲ့ဒီလိုမျိုး သူဟာ လုံးဝကို.. အမှောင်ထုထဲ ရောက်သွားခဲ့တော့တယ် ။
ဝမ်ရိပေါ် သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ် ။ ရင်ဘတ်က နိမ့်ချည် ၊ မြင့်ချည်နဲ့ လေကို အလောတကြီး ရှူရှိုက်နေရင်း.. ။ စားပွဲပေါ်က နာရီကို ငဲ့ကြည့်လိုက်တယ် ။ သူ ထရတော့မယ့် အချိန်ရောက်ပြီပဲ ။
____
"ရှောင်းကျန့်?"
မွှေးပျံ့နေတဲ့ ကွတ်ကီးအနံ့နဲ့အတူ မီးဖိုအတွင်းထဲကလူကို ဝမ်ရိပေါ် မြင်လိုက်ရချိန်မှာ အံ့သြသွားတယ် ။ ကျောပြင်ဟာ တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေပုံရပြီး သူ့ပါးစပ်က အဲ့ဒီခေါ်သံတိုးတိုးလေး ထွက်လာမှသာ နောက်ကို လှည့်ကြည့်လာတယ် ။
"နိုးပြီလား ရိပေါ် "
မလိုအပ်တဲ့လောကွပ်စကားကို ရှောင်းကျန့်က ပြောခဲ့တယ် ။ တစ်ဆက်တည်းမှာပဲ ဝမ်ရိပေါ် ညက သူပြောခဲ့တဲ့ စကားလုံးတွေကို ဦးနှောက်မှာ မှတ်မိသွားတယ် ။ သက်ပြင်းတစ်ခု ချလိုက်မိတယ် ထင်တယ် ။ ဒါက တော်တော်လေး ရှက်ဖို့ကောင်းတာပဲ ။
ဝမ်ရိပေါ် စားပွဲမှာ ဝင်ထိုင်လိုက်တယ် ။ သူဝတ်နေကျ မီးခိုးရောင် အေပရွန်ကို ဝတ်ထားဆဲ ရှောင်းကျန့်က ပူနွေးနွေးကွတ်ကီးလေးတချို့ကို သူ့ရှေ့ လာချပေးတယ် ။ အငွေ့တွေတောင် မြင်နေရတဲ့ ကော်ဖီပူပူလေးရောပဲ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။