•21•

1.7K 252 23
                                    

အချိန်တွေဟာ နာရီဒိုင်ခွက်က စက္ကန့်လက်တံတွေလိုမျိုး တချပ်ချပ်နဲ့လျင်လျင်မြန်မြန် ကုန်ဆုံးသွားတယ် ။ အလုံးစုံသော အဖြစ်တွေက ထုံးစံလိုပဲလည်ပတ်နေခဲ့ပြီး ဒီကြားထဲ ဘာအထူးအဆန်းမှ မရှိခဲ့ဘူး။

Z.O Entertainment ရဲ့ အပေါ်ဆုံးထပ်ကနေ ဝမ်ရိပေါ် ဆင်းလာခဲ့တယ် ။ ညနေခင်းကောင်းကင်က လိမ္မော်ရောင်သန်းနေပြီး မကြာခင်မှာပဲ နေဝင်တော့မှာ ဖြစ်တယ် ။

တကယ်ဆို ဝမ်ရိပေါ် နဲ့ Z.O ရဲ့ စာချုပ်သက်တမ်းဟာ နောက်နှစ်အကုန်မှာ အဆုံးသတ်တော့မှာ ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘက်က ဝမ်ရိပေါ်ကို ရနိုင်သမျှ အခွင့်အရေးတွေနဲ့ ဆွဲထားဦးမှာ ဖြစ်ပေမယ့်လို့ပေါ့ ။ Z.O က ဝမ်ရိပေါ် အပေါ်မှာ ကျေးဇူးရှိခဲ့တာလား ၊ ဒါမှမဟုတ် ဝမ်ရိပေါ်က Z.O အပေါ်မှာ အများကြီး အကျိုးပြုခဲ့တာလား။ ဒိတ်ဒိတ်ကြဲဇာတ်ညွှန်းရေးမဖြစ်လာခင် လူမသိသူမသိ မထင်ရှားသေးတဲ့ ဝမ်ရိပေါ် ရဲ့လက်ရာတွေကို Z.O ရဲ့ CEO က မြင်တွေ့ခဲ့ရင်း သဘောကျပြီး သူ့ကို လမ်းကြောင်းတွေ၊ အခွင့်အရေးတွေ ပေးခဲ့တာ ။ ပြီးတော့မှ အရည်အသွေးတွေက ပိုမိုတောက်ပြောင်လာပြီး Z.O မှာပဲ ဝမ်ရိပေါ်က မခွဲမခွာနဲ့ အခုချိန်ထိ ရှိနေခဲ့တာမျိုးပေါ့ ။

စာချုပ်ကိစ္စကိုတော့ ဝမ်ရိပေါ် သေချာမစဥ်းစားရသေးပေမဲ့ မဆက်ဖြစ်ဖို့တော့ များမယ်ထင်တယ် ။ တစ်ခုခုနဲ့ ချည်နှောင်ထားခံရတဲ့ ဇာတ်ညွှန်းရေးထက် ကိုယ့်အနုပညာကို လွတ်လွတ်လပ်လပ် ပုံဖော်နိုင်တဲ့လူအဖြစ် ပိုပြီး ရှိချင်တယ် ။ အခုကလည်း အဆင်မပြေတာတော့ မဟုတ်ပေမဲ့ စာချုပ်ဆက်ဆံရေးဆိုတာကတော့ သိတဲ့အတိုင်းပဲမလား ။ မလုပ်ချင်၊ ငြင်းချင်ပေမဲ့ လိုက်လျောလိုက်ရတာတွေလည်း ရှိတော့..။ ကြာလာတာနဲ့ အမျှ ဝမ်ရိပေါ်က ဒါကို စိတ်မရှည်ချင်တော့ဘူး ။ ပြီးတော့ ဝမ်ရိပေါ် သူ့အလုပ်တွေကို အမြန်ဖြတ်ပြီး သူ့သမီးလေးဆီ လိုက်သွားချင်နေတာရော ပါတာပေါ့ ။

ဝမ်ရိပေါ် လက်က နာရီကိုကြည့်လိုက်တယ် ။ ဒီရက်ပိုင်း အိမ်မှာ တစ်ယောက်တည်းနေရတာ အထီးကျန်လွန်းလို့ နေ့ရက်တွေ ၊ အချိန်တွေ ၊ နာရီတွေ မသိအောင်ကို ရုံးမှာပဲ အလုပ်တွေ ယူပြီး ဖိလုပ်နေခဲ့တာ ဖြစ်တယ် ။ အဲ့ဒီကျေးဇူးကြောင့်နဲ့ပဲ အရင်က deadline မှ ကပ်ပြီးတဲ့ အလုပ်တွေဟာ စောစောစီးစီး ပြီးနှင့်နေပြီး အခုကျမှ သူ တကယ် အားလပ်ပြီး ပိုအထီးကျန်ရတော့မယ် ထင်တယ် ။

BlessingWhere stories live. Discover now