နွေဦးရာသီကုန်ခါနီးမို့လို့လား ။ ရာသီဥတုက အပူပိုလာသလိုပဲ ။ မနက်အစောပိုင်းမှာတောင် နေက ခေါင်းပေါ်ရောက်လုနီးနီး ။
ပါးစပ်ကနေ ဟူးခနဲ လေတစ်ချက်မှုတ်လို့ စကိတ်ဘုတ်ပေါ်က ခြေထောက်ကို မြေပြင်မှာချလိုက်တဲ့အခါ သူမ ကျောင်းကိုရောက်လာပြီပဲဖြစ်တယ် ။ နေသားမကျသေးတာမှန်ပေမဲ့ အရင်ကကျောင်းလောက်တော့ မဆိုးပါဘူး ။ သူမအကြောင်းတွေကို သူမတစ်ယောက်တည်းသာ သိသရွေ့ ဘာနေနေအဆင်ပြေပါတယ် ။
အတွေးကိုအဆုံးသတ်ရင်း ပုခုံးကျော်ကျော်လေးမှာ ဝဲကျနေတဲ့ဆံပင်တွေကို တစ်ချက်ခါလိုက်ရင်း စကိတ်ကို လက်က ကောက်ကိုင်လိုက်တယ် ။ တခြားတော့မဟုတ်ဘူး ။ ဟိုတစ်ပတ်က ကျောင်းဝင်းထဲမှာ စကိတ်စီးတဲ့အမှုနဲ့ အတန်းပိုင်ဆရာစီကျင့်ဆီမှာ တစ်နာရီလောက် နားငရဲခံခဲ့ရတာမို့လို့ ။ ဒီလောက်ဆိုရပြီ ။ သူမ ထပ်ပြီးမလုပ်တော့ဘူး ။ တစ်ခါတည်းနဲ့မှတ်တယ် ။
နောက်တော့ ထုံးစံအတိုင်းပဲ ကျောင်းအပေါက်ဝမှာ စောင့်နေတဲ့ အတန်းပိုင်ဆရာစီကျင့်က သူ့ကို မျက်စောင်းကြီးနဲ့ကြည့်တယ် ။
သူမကလည်း ပေစောင်းစောင်းပြန်ကြည့်လိုက်တဲ့အခါ အဟင်းဆို တစ်ချက်ချောင်းဟန့်လို့ ဟိုဘက်လှည့်သွားပါတယ် ။ လက်ထဲမှာ စာအုပ်ကိုလိပ်ပြီးကိုင်ထားတာဟာ ကျောင်းသားတွေခေါင်းကိုဆော်ဖို့အတွက်ဆိုတာ သူမ ရိပ်မိတော့ ပေစောင်းစောင်းအကြည့်ကို အမြန်ပြန်သိမ်းပြီး ထိုနေရာကနေ ခပ်သွက်သွက်လေးထွက်ခဲ့တယ် ။
ဟိုကြည့်ဒီကြည့်လုပ်ရင်း စက်ဘီးနားမှာ ရပ်နေတဲ့တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ သူမနှုတ်ခမ်းတွေပြုံးသွားပြီး ထိုနေရာကို အပြေးသွားလိုက်တယ် ။ အနားကိုရောက်တဲ့အခါတော့ ပုခုံးကိုခပ်ဖွဖွပုတ်လို့ အသံမြူးမြူးလေးနဲ့ ခေါ်လိုက်ပါတယ် ။
"ဟိတ်!"
ထိုတစ်ယောက်က သူမဘက်ကို လှည့်ကြည့်လာပြီး ပြန်နှုတ်ဆက်တဲ့ပုံစံနဲ့ ညာဘက်လက်လေးကို မြန်မြန်ထောင်လို့ နှစ်ချက်လောက်လှုပ်လိုက်ရဲ့ ။ ရိရှင်းလည်း ထပ်ပြီး ပြုံးပြလိုက်ပါတယ် ။ အခုထိ မျက်နှာမမြင်ရသေးပေမဲ့လို့ပေါ့ ။
YOU ARE READING
Blessing
Fanfictionမင်းကို ကိုယ့်ဆီရောက်အောင် ပို့ပေးခဲ့တဲ့ ဘုရားသခင်ကို ကိုယ်က တစ်သက်လုံးစာအတွက် ကျေးဇူးတင်နေမိတော့မှာ .... ။