ညနေပိုင်းတွင် တိမ်ညိုများက ကောင်းကင်တစ်ခွင်၌ နေရာယူထား၍ အငြိုးများဖြင့် ပြိုကျရန် စောင့်စားနေကြသည်။ အပြင်တွင် ဧည့်သည်များရဲ့ စကားသံများကို ကြားတစ်ချက် မကြားတစ်ချက်နှင့် အိပ်မက်မဟုတ်၊ကိုယ်တွေ့မဟုတ်။
"အတ္တ မင်းအတွက်ဂုဏ်ယူမိတယ်။ ဒီလို ချောချောလှလှကောင်မလေးနဲ့ စေ့စပ်ရတာ မင်းသိပ်ကံကောင်းတာပဲ။ လက်မလွတ်ပဲ အမြန်လက်ထပ်နော်"
အသံစူးစူးက နားထဲဝင်လာသောကြောင့် မျက်လုံးမှိတ်နေရင်းမှ မျက်ခုံးများတွန့်ကျုံ့မိသည်။ အပြင်တွင် သီချင်းဆိုသံများ၊ ဝိုင်းဖွဲ့ဂုဏ်ပြုစကားသံများက ဖွင့်ထားသည့် ပြတင်းပေါက်က တစ်ဆင့် အခန်းထဲသို့ လေပြေများနှင့်အတူ ပါလာသည်။
"လက်ထပ်မယ်?"
ထို့လူငယ်များကြားမှ အသံခပ်သြသြဖြင့် ပြန်မေးသည့်သူ့ရဲ့အသံကို မှတ်မိနေသလို။ အိပ်နေသော်လည်း နားထဲအလိုလိုဝင်လာသောစကားသံများကြောင့် မျက်လုံးဖျပ်ခနဲ ပွင့်လာခဲ့၏။ သူနိုးလာပြီးနောက် အိပ်ရာပေါ်၌သာ ခဏငြိမ်သက်နေမိသည်။
"အား...ကျွတ်! ကျွတ်!"
ညနေခင်းအိပ်မိ၍ ခေါက်ထဲနောက်ကျိကျိနှင့် လူလည်းတနုံနုံဖြစ်နေ၏။ နားထင်ကို လက်ညိုးနှင့်ဖိကိုင်၍ ခုတင်ပေါ်ကနေ သူဆင်းလာခဲ့သည်။ ပြတင်းပေါက်ကတစ်ဆင့် တိုက်လာသောလေပြေများကြောင့် အသားများအေးစိမ့်လာသောကြောင့် ပြတင်းပေါက်ပိတ်ရန် ထလာတော့၏။
"လာပါ အတ္တ မင်းပျော်ပျော်နေစမ်းပါဟာ"
လေတိုးနှုန်းကြောင့် လွင့်လာသော ခန်းစည်းလိုင်ကာအား လက်ဖြင့်ဖယ်ပစ်ပြီး အသံကြားရာဆီသို့ ကြည့်လိုက်မိသည်။ သူငယ်ချင်းတစ်သိုက်ကမူးမူးနှင့် အတ္တနောင်မှူးအား ဂုဏ်ပြုစကားဆိုနေခြင်းဖြစ်သည်။ သူကတော့မူးဝေ ပြုံးပျော်နေသော လူအလယ်၌ မျက်မှောက်ကြုတ်ပြီး စိတ်ရှုပ်ထွေးနေသည်ထင်။ မျက်နှာတစ်ခုလုံး ကွက်ပျက်နေသည်။ ထို့နောက် သူ့ကိုကြည့်ပြီး သက်ပြင်းချကာ ပြတင်းပေါက်အားပိတ်လိုက်သည်။
အပြင်ထည်ကို အပေါ်ကထပ်ဝတ်၍ အိပ်ခန်းထဲကထွက်လာခဲ့သည်။ ဧည့်ခံပွဲက ပြီးစီးသွားပြီဖြစ်သော်လည်း ရင်းနှီးသောမိတ်ဆွေအချို့နှင့် လူငယ်များအချို့က ကျန်နေသေးသည်။ သူလည်း အလုပ်ကူရန် အိမ်အတွင်း ပတ်ကြည့်လိုက်၏။ သို့သော် ပစ္စည်းများက အကုန်သိမ်းပြီးကာ လုပ်စရာအလုပ်များရှိမနေခဲ့။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]