"အာ့!... ဗိုက်နာလိုက်တာ...မမ်း!...မမ်း!"
အတ္တနောင်မှူးက အိပ်ရာထက်တွင်လူးလွန့်၍ အမေဖြစ်သူကို တစာစာအော်ခေါ်နေသည်။ ဒီတစ်နေ့လုံး ဗိုက်ကမခံနိုင်အောင် နာနေသည်။ မတည့်သည့်အစာလည်း မစားမိပါ။ အမေဖြစ်သူက ဥပုဥ်စောင့်ပြီး ပြန်လာရာ အေးဆေးမနေရဘဲ နားငြီးလွန်းသဖြင့် အိမ်ပေါ်ထပ်သို့တက်လာခဲ့၏။
"ဘာဖြစ်နေတာလဲ... ဒီလောက်အော်ခေါ်နေတာ... ဥပုဥ့်တောင် ပျက်တော့မှာပဲ"
"အာ့! မရတော့ဘူး ကျုပ်ဗိုက်အရမ်းနာတယ်...မမ်း တစ်ခုခုလုပ်ပေးပါဦး"
အမေဖြစ်သူက ယောဂီဝတ်စုံပင်မလဲနိုင်သေး တိမ်ပြယ်အားခေါ်၍ ရွာတောင်ပိုင်းက ဆေးဆရာသွားခေါ်ခိုင်းသည်။
"ခဏလေးပဲဆက်အောင့်ထား ငါလည်းအဝတ်လေးတော့လဲပါရစေဦး"
အမေဖြစ်သူ ထွက်သွားတော့ ဖင်ထောင်လိုက် ကုန်းလိုက် နှင့် သူတကယ်ခံစားရခက်နေသည်။ ဆေးဆရာရောက်လာသည့် အချိန်ကျလျှင် သူမေ့နိုင်သည်။ ဘာမှမစားထားမိဘဲနှင့် သေအောင်နာနေသောဗိုက်ကြောင့် ဒေါသက အလိပ်လိပ်။
"မမ်း... မလာသေးဘူးလား..ဒီမှာ ကျုပ်သေတော့မယ်"
"လာပြီ...ခဏထပ်စောင့်ဦး"
အမေဖြစ်သူက နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်ပေး၍ သူ့ကိုသောက်ခိုင်းသည်။
"မမ်းရာ...ပျောက်လို့လာ ကျုပ်အမုန်းဆုံးက နနွင်းပဲ"
"မသေချင်ရင် သောက်လိုက်"
"မမ်းကလည်း အခုမှဥပုဥ်စောင့်ပြီးတာ သားကို ကောင်းကောင်းမပြောဘူး ဒေါသကြီးပဲ"
"နင်ကလည်း ဗိုက်နာနေတာဟုတ်ရဲ့လား ပြန်ခံပြောလိုက်တာများ ပါးစပ်မှာ စက်တပ်ထားသလိုပဲ"
"မမ်း... နာတာကဗိုက်လေ...ပါးစပ်ကတော့ပြောမှာပဲ...အား! လုပ်ပါဦး ရစ်လာပြီ..တော်တော်ကို ခံရခက်တယ်"
အမေဖြစ်သူက သူ့ကိုကြည့်ပြီး မျက်စောင်းထိုးလိုက်သည်။ သူ့အဖေသာရှိလျှင် ငါ့သားဘာဖြစ်တာလဲ ဘာညာနှင့်အကဲပိုမည် သေချာသည်။ သို့သော် ဒေါ်နန့်လွင်တို့က ဒီလောက်အဖြစ်မသည်း ယောက်ျားလေးပဲ ခံပါစေဟုသာပစ်ထား၏။ ခဏအကြာတော့ ဆေးဆရာနှင့်တိမ်ပြယ်တို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာကြသည်။ ဆေးဆရာလည်း သူ့ရဲ့ဗိုက်ကိုစမ်းကြည့်၏။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]