ရွာကနေထွက်လာပြီး ကွန်ကရစ်လမ်းအတိုင်း ဆိုင်ကယ်ကို အရှိန်မြင့်ပြီး မောင်းနှင်နေသော သူက အနောက်ရှိ တိမ်ပြယ်ကို ခဏခဏလှည့်ကြည့်ရ၏။ တိမ်ပြယ်ရောင်စဥ်က ခေါင်ကျရည်နှင့် ကောက်ညှင်းဝိုင်ကြောင့် ယခုအထိ အမူးမပြေသေးချေ။
"တိမ်ပြယ်...ထဦး ငါညောင်းနေပြီ"
ဆိုင်ကယ်ကို လက်တစ်ဖက်ဖြင့်ထိန်းပြီး ကျန်သည့်လက်တစ်ဖက်က တိမ်ပြယ်ကို ထိန်းထားရသည်။ ခိုးမောင်းလာသည့် လာဆက်ရဲ့ဆိုင်ကယ်ကလည်း အရိုးပဲကျန်နေလို့ ဘရိတ်တောင် ကောင်းကောင်း မမိချင်။
ကွန်ကရစ်လမ်းမဆုံးပြီး အဘိုးရွာသို့ သွားရသည့် မြေနီလမ်းက ချိုင့်ခွက်အများအပြားရှိနေ၏။ ရွာကနေထွက်လာကတည်းက မိုးရွာနေသောကြောင့် အခုဆိုလျှင် နှစ်ယောက်သား မိုးရေများစိုစွဲနေသည်။ တိမ်ပြယ်လည်း အမူးပြေနေပြီဖြစ်၍ ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်၏။
ဆိုင်ကယ်စုတ်ကို မြေနီလမ်းမအတိုင်း ကွေ့မောင်းလာသောကြောင့် ရေပြည့်နှက်နေသော ချိုင့်ခွက်ကြီးထဲ ကျမသွားအောင်သတိထားမောင်းနှင်ရ၏။ ခိုးပြေးလာရသည့် ဒုက္ခကလည်းမနည်းချေ။
လေတင်းလွန်းသည့် ဆိုင်ကယ်ဘီးဟာ ရွံ့ပေါ်တွင် လူးလွန့်ရင်း အရှေ့သို့ရောက်ရန် ခက်ခဲနေ၏။ လမ်းကလည်း အလွန်ဆိုးသောကြောင့် ချိုင့်ခွက်ကြီးထဲ လှဲကျလျှင် ရစရာရှိတော့မည်မဟုတ်။ ချိုင့်ခွက်ရှိ ရေများက အရမ်းနှောက်နေပြီး ရွံ့များနှင့် ရောနှောနေသည်။
ခရီးကလည်း ရှည်နေသည့်အတွက် ဆိုင်ကယ်အင်ဂျင်ကလည်း မိုးရေကြောင့် ရွှီးခနဲမြည်နေသည်။ ဆိုင်ကယ်အား ထိန်းထားရသည့် လက်တစ်ဖက်ကလည်း ပြတ်ထွက်လုနီးပါး။ လမ်းကြမ်းများကြောင့် ထခုန်နေသည့် ဆိုင်ကယ်ထိုင်ခုံပေါ်တွင် ဖင်ကလည်း ပူချင်လာပြီ။
"အတ္တ! မင်းငါ့ကို ဘယ်ခေါ်လာတာလဲ"
"ငါမင်းကို ခိုးပြေးလာတာလေ..."
"အမ်...ကျစ်!"
သတိရသလိုလို အိပ်မက်လိုလိုနှင့် နားထင်ကိုဖိ၍ တိမ်ပြယ်စဥ်းစားနေတော့၏။ နှစ်ယောက်သား အလိုတူခိုးပြေးလာသောကြောင့် အခုမှအသိစိတ်ပြန်ဝင်လာသော်လည်း နောက်ပြန်လှည့်ရန် စိတ်ကူးမရှိ။
YOU ARE READING
တိမ်ပြယ်များ ခေါ်ဆောင်ရာ[Complete]