'14'

57.9K 4.7K 181
                                    

"မင်း ဘယ်တုန်းကဆံပင်အရောင်ပြောင်းလိုက်တာလဲ"

Royalတို့သူငယ်ချင်းလေးယောက် အလှလေးဆိုင်မှာ
ထိုင်နေကြခြင်းပင်။နေရောင်ခြည်နဲ့Royalက
ဒီဆိုင်မှာပဲ တစ်အိုးတစ်အိမ်ထူထောင်တော့မလိုဖြစ်နေသဖြင့်
ကျန်သည့် သူရနှင့်ထိုက်ပါ ရောက်လာကြခြင်းပင်။
ကော်ဖီတစ်ယောက်တစ်ခွက်သာမှာထားကြသည်။

"ပြောင်းထာတာဖြင့်ကြာပေါ့၊ဒီကြားထဲ မင်းတို့နဲ့မတွေ့ဖြစ်လို့သာ"

အရင်ကရွှေရောင်ဆိုးထားသည့်ဆံပင် သူရက
ခဲရောင်ပြောင်းထားသည်။

"ဘယ်တွေ့မလဲ၊သူတို့ကဖြင့် ဒီဆိုင်မှာပဲသောင်တင်နေတဲ့ဟာ"

ကော်ဖီတစ်ငုံမျိုချရင်း ထိုက်ကပါဝင်ပြောလာသည်။
အခါတိုင်းလိုပင် ဂုတ်ထောက်ဆံပင်ကို
အပေါ်သို့တစ်ဝက်စုချည်ထားသည်မှာ စတိုင်ကျသည်။
မှန်သည့်စကားဖြစ်၍ တရားခံနှစ်ယောက်ထံမှ
ဘာစကားမှထွက်မလာပေ။

ကျန်သည့်ဝိုင်းတွေကလည်း လူချောလေးယောက်ထံသို့
အကြည့်တွေဝဲကာဖြင့်။အလှလေးကတော့ ပုံတူဆွဲစရာ
ရှိသည်ဟုဆိုကာ အခန်းထဲအောင်းနေသည်။

လေးယောက်ဆုံတုန်း စကားတွေဖောင်ဖွဲ့ပြောနေကြပေမယ့်
Royalကတော့တစ်ခွန်းတလေသာ ဝင်ပြောသည်။

သူအခု ဆိုင်ပြင်ကိုကြည့်နေတာပင်။
ဘေးစွန်ဆုံးခုံလည်းဖြစ်၊မှန်ကလည်းအကြည်ဖြစ်သဖြင့်
ဆိုင်ပြင်ဘက်သို့ သဲသဲကွဲကွဲမြင်ရသည်။

ကလေးတစ်ယောက်....ပြောရမယ်ဆိုရင်
ရေသန့်ဘူးကောက်တဲ့ ဆယ်နှစ်ရွယ်ကလေးငယ်က
ဆိုင်ထဲကြည့်နေတာကို သူမြင်နေရသည်။

ဂွန်နီအိတ်တစ်လုံးဆွဲကာဖြင့် မျက်နှာလေးကလည်းပေတလူးနေလေသည်။
ကလေးငယ်အကြည့်က ကိတ်စားနေတဲ့ကောင်မလေး
တစ်ယောက်ဆီမှာ ရစ်ဝဲနေသည်။
လည်ဇလုတ်လေးက နေရာရွေ့ရွေ့သွားသဖြင့်
တံတွေးမျိုချနေပုံပင်။

"Royal ဘယ်သွားမလို့လဲ"

သူထိုင်ခုံမှထလိုက်တော့ သူငယ်ချင်းတွေကမေးလာသည်။
စားပွဲပေါ်က သူရယူလာတဲ့အအေးဘူးယူဖို့လည်းမမေ့ပေ။
ဘာမှမပြောဘဲကောင်တာသို့သွားကာ
စတော်ဘယ်ရီကိတ်မှာလိုက်သည်။
နေပူထဲမှာဆိုတော့ အအေးသောက်တာပိုကောင်းတယ်မလား။

ROYAL HUSBAND Where stories live. Discover now