[Unicode]
အခန်း ၇၀၅ ကြောင်နက်ထိုဝတ်စုံနက်နှင့်လူက သူတို့ကို မှတ်မိနေသည်ဆိုမှတော့ သူတို့နှင့် တူညီသည့်အဖွဲ့အစည်းကပင် ဖြစ်ရပေမည်။ သူအခုလိုရောက်လာခြင်းက သူတို့ကိုသတ်ဖို့ တာဝန်ပေးအပ်ခြင်းခံရခြင်းကြောင့်ပဲဖြစ်ပေမည်။
“ငါတို့ကို သတ်ဖို့လာတာလား?” ကောင်းယိမေးလိုက်သော်လည်း အဖြေကိုတော့ ကြိုသိနေပေပြီ။ သူတို့နှစ်ဦး၏နာမည်များက အခုချိန်တွင် အလိုရှိစာရင်း၌မရှိတော့လျှင်တောင်မှ သတ်ဖြတ်သူအဖွဲ့အစည်းမှခေါင်းဆောင်ကတော့ သူတို့လုပ်ခဲ့သည့် ကိစ္စအတွက် သတ်ချင်နေနိုင်သေးသည်။
“မဟုတ်ပါဘူး။” ထိုလူက ငြင်းလိုက်တာကြောင့် ကောင်းယိရော ချောင်ယပါ အံ့အားသင့်သွားကြသည်။
“ဒါဆို ဘာအတွက်လဲ?” ကောင်းယိ သံသယအကြည့်များဖြင့် မေးလိုက်သည်။
“အဲ့ဒါလား။” ထိုလူ၏အသံမှာ ပျက်ရယ်ပြုနေသလိုပင်။ “ငါလဲ မင်းတို့လိုပဲ အလိုရှိစာရင်းထဲ ရောက်နေတယ်လေ။ ဒါပေမယ့် မင်းတို့လိုတော့ ငါ့နာမည်ကို စာရင်းကို မရှင်းထုတ်နိုင်ဘူး။ ဒါကြောင့် အခုလို လိုက်လာတာ။”
ထိုစကားကြောင့် ကောင်းယိရော ချောင်ယပါ မျက်မှောင်ကြုတ်လိုက်ကြပြီး ထိုလူ၏နာမည်က ဘာကြောင့် အလိုရှိစာရင်းထဲရောက်နေရလဲဆိုသည့် အကြောင်းကို သိချင်လာသည်။ ပုံမှန်ဆိုလျှင် အလိုရှိစာရင်းထဲဝင်သွားသည့် လူသတ်သမားများသည် သူတို့အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့ကြသူများသာဖြစ်သည်။ လူသတ်သမားတစ်ယောက်ကတော့ အခြားလူသတ်သမားတစ်ယောက်နာမည်ကို အလိုရှိစာရင်းထဲ မထည့်ကြဘဲ ကိုယ့်ပြဿနာကိုယ်သာ ဖြေရှင်းကြလေ့ရှိသည်။ သူတို့ဘယ်လောက်ပဲ သိချင်နေပါစေ အကြောင်းရင်းကိုတော့ မမေးခဲ့ပေ။ သိချင်စိတ်က ကြောင်ကို သေစေသည်မဟုတ်ပါလား။
“မင်း ငါတို့ကိုဘယ်လိုရှာတွေ့တာလဲ၊ ဘာကြောင့် ရှာတာလဲ?” ကောင်းယိထပ်မေးလိုက်သည်။
“မင်းတို့ကို အခုပဲ မတော်တဆတွေ့လိုက်တာ၊ ပြီးတော့ ငါ့နာမည်ကို အလိုရှိစာရင်းကနေ မင်းတို့ကို ဖျက်ခိုင်းစေချင်လို့ပေါ့။ ငါမင်းတို့အပေါ် အကြွေးတင်သွားပြီမို့ ငါ့အစွမ်းရှိသလောက် အကောင်းဆုံး မင်းတို့အတွက်အားလုံးလုပ်ပေးမယ်။”