[Unicode]
အခန်း ၇၅၁ အိုင်ဒီအတုကုနင်း သန့်စင်ခန်းထဲတွင် အဝတ်အစားများသွားလဲကာ ဘေ့ဘောဦးထုပ်တစ်လုံးကိုပါ ဆောင်းလိုက်တာကြောင့် သူမကို ယောကျ်ားလား မိန်းမလားတောင် ခွဲခြားနိုင်ကြတော့မည်မဟုတ်ပေ။
သူမ ချီကျီယွဲ့နှင့်ထန်ယရှင်းကို စောင့်နေရင်း ကေ့ထံသို့ဖုန်းဆက်လိုက်သည်။
ကုနင်း ဖုန်းဆက်လိုက်ပြီး စကားစမပြောရသေးခင်တွင်ပဲ ကေကစတင်စကားဆိုလာသည်။ “ဘော့စ်၊ ငါအခုပဲ မင်းဆီ မူဝမ်ချီအကြောင်း အီးမေးလ်ပို့ထားတယ်။ မင်းဆီ ပို့ထားပြီးကြောင်း စာပို့မလိုရှိသေးတယ်၊ မင်းရဲ့ဖုန်းဝင်လာရော၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ!”
“ဟုတ်ပြီ။” ကုနင်း အသိအမှတ်ပြုလိုက်ကာ၊ “နင် ငါ့အတွက် အိုင်ဒီအတုလုပ်ပေးလို့ရမလား? ရဲဘက်လုံခြုံရေးစနစ်တွေကတောင် ရှာလို့မတွေ့နိုင်မဲ့ဟာမျိုးလေ?”
“ရတာပေါ့။” ကေသဘောတူလိုက်ပြီးနောက် စနောက်ကာ၊ “ဘာလဲ? မင်းတရားမဝင်တာတစ်ခုခုလုပ်မလို့လား?”
“ဟုတ်တယ်၊ ဒါကြောင့် ငါ့အိုင်ဒီအစစ်ကို သုံးလို့မရဘူးလေ။” ကုနင်း ဝန်ခံလိုက်ပြီးနောက် ကေ့ကို ပြန်ခြိမ်းခြောက်လိုက်သည်။ “ငါ နင့်ကိုဓါတ်ပုံတစ်ပုံပို့လိုက်မယ်။ ငါနဲ့နည်းနည်းမတူအောင် ပြင်လိုက်။ မဟုတ်လို့ ရဲတွေ ငါ့ကိုမိသွားရင် ပြဿနာတက်သွားလိမ့်မယ်!”
“ဟ-ဟ၊ ရတာပေါ့။”
“ကောင်းပြီ၊ ငါအခုပဲ အချက်အလက်တွေပို့ပေးလိုက်မယ်။” ထို့နောက် ကုနင်း ဖုန်းချလိုက်ကာ ကေထံသို့ စာတစ်စောင်ပို့လိုက်သည်။
အမည် : ထန်အိုက်နင်း
အသက် : ၂၂
မွေးရပ် : Dမြို့ရဲ့ တစ်နေရာရာ
ထို့နောက် ကုနင်း ကေထံသို့ ဓါတ်ပုံ၂ပုံပါပို့လိုက်သည်။ တစ်ပုံကတော့ သူမ၏လက်ရှိပုံဖြစ်ကာ ကျန်တစ်ပုံကတော့ ‘ထန်အိုက်နင်း’၏ ပုံဖြစ်သည်။ သူမ၏အိုင်ဒီပုံကို ပြန်ယူလို့မရတာကြောင့် လက်ရှိပုံကိုသာ ‘ထန်အိုက်နင်း’နှင့်ဆင်တူအောင် ကေကို ပြင်ခိုင်းလိုက်ခြင်းဖြစ်သည်။