[Unicode]
အခန်း ၇၆၀ ထန်ဝေ့ရုန်အကြောင်း ဖော်ထုတ်ခြင်းထန်ဝေ့ရုန် သူလုပ်ခဲ့သည့်ကိစ္စအတွက် သူပြန်ခံသွားရခြင်းသာဖြစ်သည်။ ထန်ဝေ့ရုန်သည် သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုတန်ဖိုးထားကာ သူမကိုတော့ သူ့ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အသုံးချခဲ့သည်။ ဒါကြောင့် ထန်ရှင်းယွဲ့အနေနဲ့ ထန်ဝေ့ရုန်ကို သေလောက်အောင် မုန်းမိသည်က ပုံမှန်သာ။ သူမတို့မိသားစုဆက်ဆံရေးကြောင့် ကိုယ်တိုင်တော့ သတ်မည်မဟုတ်သော်လည်း တခြားလူများလုပ်လျှင်တော့ တားမည့်ထဲမပါပေ။ မီကျားမိန်ပြောသည့် ထန်ဝေ့ရုန်အနေနှင့် ထန်မိသားစုကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက်မရှိသည့် အမှန်တရားကိုတော့ သူမလဲ လက်ခံပေသည်။ တကယ်တော့ ထန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းကို သူမအမွေဆက်ခံနိုင်ခဲ့ရင်တောင်မှ ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ဖို့ ယုံကြည်ချက်မရှိပေ။
“ရှင်အမှန်တွေပြောနေတာလား?” မီကျားမိန်၏ အမူအရာတစ်ခုချင်းစီကို မမြင်လိုက်ရဘဲဖြစ်နေမည်စိုးတာကြောင့် ထန်ရှင်းယွဲ့ သေချာစိုက်ကြည့်နေခဲ့သည်။
“ယုံချင်ယုံ၊ မယုံချင်နေ၊ ငါလဲ တကယ့်ဆက်ခံသူဘယ်သူလဲဆိုတာကို မသိဘူး။ မင်းအဖေက အရမ်းသတိကြီးလို့ ငါ့ကိုတောင် သိပ်အများကြီးမပြောပြဘူး။”
မီကျားမိန်၏ပြောစကားအများစုကို ထန်ရှင်းယွဲ့ ယုံကြည်သော်လည်း သူမတွင် သက်သေအတိအကျမရှိသေးတာကြောင့် အလုံးစုံယုံကြည်ပစ်မည်တော့ မဟုတ်ပေ။
ထို့နောက် ထန်ရှင်းယွဲ့ ဘာမှထပ်မပြောတော့ဘဲ ဝိုင်ကိုသာဆက်သောက်လိုက်သည်။
မီကျားမိန်၏အကြံပြုချက်ကိုလဲ သူမပြန်တွေးကြည့်နေသည်။ သူအခုကတည်းက ထွက်သွားသင့်လား? ထန်ဝေ့ရုန်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်သင့်ပြီလား? ထန်ဝေ့ရုန်ကို သူမမယှဉ်နိုင်မှန်း သိပေသည်။ ထန်ရှင်းကျဲ့ကို သူမထောင်ချောက်ဆင်နေခြင်းသာ ထန်ဝေ့ရုန်သိထားရင် သူမလုပ်သမျှအရာရာတိုင်းကိုလဲ သိထားလောက်ပေသည်။