[Unicode]
အခန်း ၇၂၀ ပြန်ပေးဆပ်ဖို့ အချိန်ကျပြီ!ညနေ၅:၁၀မိနစ်ဝန်းကျင်တွင်ပဲ ချွမ်မင်ခိုင်နှင့် ထန်ကျီလင်းတို့ ဟွမ်းဒင်ဟိုတယ်သို့ရောက်လာကာ သီးသန့်ခန်းတစ်ခန်းတွင် နေရာယူလိုက်ပြီးနောက် အယ်လန်၏အတွင်းရေးမှူးထံ ဖုန်းဆက်လိုက်သည်။
၁၀မိနစ်ကြာပြီးနောက်တွင်တော့ အယ်လန်နှင့်သူ့အတွင်းရေးမှူးအပြင် လုံခြုံရေးစနစ်ပရောဂျက်တွင် တာဝန်ရှိသည့် နောက်ထပ်လူ၄ဦးလဲ သီးသန့်ခန်းသို့ ရောက်ရှိလာသည်။
သူတို့ဝင်လာသည်နှင့် ချက်ချင်းပင် ချွမ်မင်ခိုင် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ “လူကြီးမင်းအယ်လန်၊ ထိုင်ကြပါ။”
အားလုံး နေရာယူလိုက်ကြပြီးနောက် ချွမ်မင်ခိုင်က အယ်လန်အတွက် စားသောက်စာရင်းယူပေးလိုက်ကာ၊ “လူကြီးမင်းအယ်လန်၊ ခင်ဗျားကြိုက်တာမှာလိုက်ပါ။”
အယ်လန်သည် နိုင်ငံခြားသားဖြစ်တာကြောင့် သူ၏အရသာခံမှုမှာ အခြားလူများနှင့်ကွဲပြားမှုရှိပေသည်။
“ကျွန်တော်တို့ အလျင်လိုဖို့မလိုပါဘူး။ ခဏနေ ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာဖို့ရှိတယ်။ သူမကို အရင်စောင့်ကြတာပေါ့။” အယ်လန်ပြောလိုက်သည်။
“ရတာပေါ့။” ချွမ်မင်ခိုင် သဘောတူလိုက်ပေမည့် အယ်လန်၏သူငယ်ချင်းက ဘယ်သူလဲဆိုသည်ကိုတော့ မမေးမြန်းခဲ့ပေ။
ထို့နောက် သူတို့ပုံမှန်အတိုင်း ခနတဖြုတ်စကားပြောနေခဲ့ကြသည်။
၅:၄၀မိနစ်နီးနီးတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာခဲ့ကြသည်။ လမ်းပိတ်နေတာကြောင့် သူတို့နည်းနည်းနောက်ကျသွားခဲ့ခြင်းဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်ကို မြင်လိုက်ရတာကြောင့် ချွမ်မင်ခိုင် အလွန်အံ့အားသင့်သွားကာ၊ “ဘာဖြစ်….” သူရုတ်ချင်းပင် ထိုင်ခုံမှထရပ်လိုက်မိသည်။ ချွမ်မင်ခိုင် တစ်ခုခုမေးချင်နေသော်လည်း ရုတ်တရက် ဘာမေးလို့မေးရမှန်းလဲ မသိပေ။ အယ်လန်၏သူငယ်ချင်းဆိုသူက ကုနင်းဖြစ်နေသည်မှာ အသိသာကြီးပင်။