[Unicode]
အခန်း ၇၇၂ ကျန်းဝမ်မေ့၏လက်ကောက်ဝတ်ကို ချိုးပစ်ခြင်းဟဲထျန်းလုပ်ငန်းစုသည် Bမြို့တွင်တော့ ရင်းနှီးငွေယွမ်၁၀ဘီလီယံကျော်ရှိသည့် ကျော်ကြားသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ ၎င်းသည် Bမြို့ထိပ်တန်းအဆင့်မိသားစုကြီးများကြားတွင် မပါရှိသော်လည်း မန်နေဂျာတင်းလို သာမာန်လူများအတက်တော့ ဆန့်ကျင်နိုင်သည့်မိသားစုမျိုးမဟုတ်ပေ။ ထိုလူများအတွက်တော့ သူမကို ရှင်းထုတ်ပစ်ဖို့မှာ အလွန်လွယ်ကူလွန်းလှသည်။
မန်နေဂျာတင်း နှုတ်ဆိတ်သွားရကာ သူမကို ဖိအားပေးနေမှုကို လက်မခံလိုသေးပေ။ သို့သော်လည်း သူမက ဒီဆိုင်ပိုင်ရှင်လဲမဟုတ်တာကြောင့် သူမတင်းခံနေလို့ သူမသူဌေးဒုက္ခရောက်သွားမည်ကိုလဲ စိုးရိမ်နေမိသည်။ အခုလောလောဆယ် ကုနင်း၏နောက်ခံကိုလဲ သူမမသိသေးတာကြောင့် ကုနင်း ကျန်းမိသားစုကို အပြစ်ပြုမိကာ မကောင်းသည့်အရာများဖြစ်လာမည်ကိုလဲ စိုးရိမ်မိသည်။
မန်နေဂျာတင်း ကြောက်ရွံ့နေသည်ကို မြင်ရတော့ ကျန်းကတော် အလွန်ကျေနပ်လို့သွားတော့သည်။ “မိန်းကလေး၊ မင်းအခုပဲ လက်လျှော့လိုက်တာပိုကောင်းမယ်၊ ဒီလိုဆို ငါတို့လဲ မင်းရဲ့အပြုအမူကို ခွင့်လွှတ်ပေးမှာပါ။” ကျန်းကတော်က ကုနင်းဘက်သို့လှည့်ကာ ဆက်ပြောလိုက်သည်။
“အိုး၊ တကယ်လား?” ကုနင်း ပြန်သာမေးလိုက်သော်လည်း ကြောက်ရွံ့နေပုံတော့ အလျဉ်းမရှိပေ။ “ကျွန်မဘက်က ဒီလောက်နဲ့များလက်မလျှော့ရင် ရှင်တို့ဘာများလုပ်မလဲ သိချင်လိုက်တာ။”
ထိုစကားကြောင့် အစကကျေနပ်နေကြသည့် ကျန်းကတော်ရော ကျန်းမမလေးပါ ချက်ချင်းဒေါသထွက်သွားကြတော့သည်။
“မင်းကများ ကျန်းမိသားစုကို ဆန့်ကျင်ရဲတယ်ပေါ့!” ကျန်းကတော်၏အသံက ကျယ်လောင်လို့လာသည်။
“ကျွန်မက ရှင်တို့ကျန်းမိသားစုကို ဆန့်ကျင်နေတာမဟုတ်ဘဲ ရှင်တို့ကသာ ကျွန်မကို ဆန့်ကျင်နေတာလေ။ ဘာလဲ? ကျန်းမိသားစုဆိုတာနဲ့ သူတစ်ပါးရဲ့ပစ္စည်းကို လုယူပိုင်ခွင့်ရှိနေမယ်လို့တော့ ကျွန်မမထင်ဘူး။”